မြန်မာစစ်ကောင်စီတပ်ကို ထောက်ပံ့နေသည့် အဖွဲ့အစည်းသစ် ၉၁ ခုကို စင်ကာပူအစိုးရက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အစီရင်ခံစာတင်သွင်းသူ၏ အကူအညီဖြင့် ဖော်ထုတ်နိုင်ခဲ့သောကြောင့် စစ်ကောင်စီကို ထောက်ပံ့နေသည့် စင်ကာပူ အခြေစိုက် လုပ်ငန်းပေါင်း ၁၃၈ ခုအထိ ရှိလာသည်ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့တွင် ကြေညာသည်။
ပါလီမန် ကိုယ်စားလှယ်များ၏ မေးခွန်းများကို ဖြေကြားရာတွင် မစ္စတာ ဗီဗီယန် ဘာလာခရစ်ရှ်နန်က စင်ကာပူအစိုးရအနေဖြင့် အထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာ တွမ် အင်ဒရူး၏ အစီရင်ခံစာကို လေ့လာနေဆဲဖြစ်ကြောင်း ပြောသည်။ ထိုအစီရင်ခံစာတွင် စင်ကာပူသည် မြန်မာစစ်ကောင်စီသို့ စစ်ရေးနှင့်ပတ်သက်သော ပစ္စည်းများ၏ အဓိက ရင်းမြစ်တခုဖြစ်ကြောင်း ဖော်ပြထားသည်။
ပါလီမန်ကိုယ်စားလှယ်များဖြစ်သော ဗီခရမ် နဲယားနှင့် ဒန်းနစ်တန်တို့၏ မေးခွန်းများကို မစ္စတာ ဘာလာခရစ်ရှ်နန်က စာဖြင့်ဖြေကြားချက်အရ စင်ကာပူအစိုးရသည် ထိုသို့သောလုပ်ငန်း နောက်ထပ် ၉၁ ခုကို ဖော်ထုတ်တွေ့ရှိပြီး မစ္စတာ တွမ်အင်ဒရူး ယခင်က ဖော်ထုတ်ထားသည့် ၄၁ ခုစာရင်းတွင် ပေါင်းထည့်ထားကြောင်း ဖော်ပြထားသည်။ ထိုအရေအတွက်သည် ကနဦးစာရင်းကို ကြားဖြတ် ဖြည့်စွက်ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မစ္စတာ ဘာလာခရစ်ရှနန်က ပြောသည်။
စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် မေးခွန်းနှင့်အဖြေ စာသားများအရ နဲယားက အစိုးရအနေဖြင့် ထိုစွပ်စွဲချက်များကို စုံစမ်းစစ်ဆေးခြင်း ရှိ၊ မရှိ၊ အရေးယူခြင်း ရှိ၊ မရှိ မေးသည်။
တန်က မြန်မာမှ စစ်ဘက်နှင့် ပတ်သက်သော အသုံးပြုမှုများအတွက် ပစ္စည်းများရောင်းချမှုတွင် ပါဝင်ပတ်သက်နေသည့် စင်ကာပူလုပ်ငန်း မည်မျှ ရှိသနည်း၊ ၎င်းတို့အနက် မည်မျှကို အရေးယူထားသနည်းနှင့် မည်သို့ အရေးယူသနည်းဟု မေးသည်။ စင်ကာပူ အခြေစိုက်ဘဏ်များက ဘဏ္ဍာရေး ဝန်ဆောင်မှုပေးသည့် အမှု မည်မျှရှိသနည်းနှင့် ထိုဘဏ်များကို မည်သို့ အရေးယူမည်နည်းဟုလည်း သူကမေးသည်။
ထပ်မံ ဖော်ထုတ်တွေ့ရှိသည့် လုပ်ငန်းများအနက် ၉ ခုသည် စင်ကာပူစာရင်းနှင့် ကော်ပိုရိတ်လုပ်ငန်း ကြီးကြပ်မှု အာဏာပိုင်အဖွဲ့တွင် ဆက်လက် မှတ်ပုံတင်ထားခြင်း မရှိတော့သောကြောင့် ၎င်းတို့သည် စီးပွားရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ကြောင်း၊ သို့မဟုတ် စင်ကာပူတွင် တရားဝင်အဖွဲ့အစည်းအဖြစ် လုပ်ကိုင်ခြင်း မရှိတော့ကြောင်း ပြသနေသည်။
“ထိုလုပ်ငန်းများတွင် တိုက်လေယာဉ်အတွက် အစိတ်အပိုင်းနှင့် အပိုပစ္စည်း လွှဲပြောင်းပေးသော၊ မြန်မာရေတပ်အတွက် ကိရိယာများ၊ ရေဒီယိုဆက်သွယ်ရေး၊ သုတေသနနှင့် အီလက်ထရွန်းနစ် စစ်ရေးနှင့် ပတ်သက်သော ကိရိယာများ လွှဲပြောင်းပေးသော လုပ်ငန်းများ ပါဝင်ကြောင်း” စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
မြန်မာသည် ဘဏ္ဍာရေး အရေးယူမှုလုပ်ငန်းအဖွဲ့ (FATF) ၏ အမည်ပျက်စာရင်းတွင် ပါဝင်သောကြောင့် စင်ကာပူမှ ဘဏ္ဍာရေးအဖွဲ့အစည်းများသည် မြန်မာမှ အန္တရာယ်ကြီးမားသည့် ဖောက်သည်များနှင့် ငွေပေးငွေယူများတွင် လုံလောက်သော လုံ့လစိုက်ထုတ်မှု ပြုလုပ်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
FATF သည် ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ဝါဒ ငွေကြေးထောက်ပံ့မှု တားဆီးရန် ရည်ရွယ်သည့် အစိုးရများ၏ စောင့်ကြည့်အဖွဲ့ ဖြစ်သည်။ လွန်ခဲ့သောနှစ် အောက်တိုဘာလတွင် ထိုအဖွဲ့အစည်းက မြန်မာကို ငွေးကြေးခဝါချမှု၊ အကြမ်းဖက်ဝါဒ ငွေကြေးထောက်ပံ့ခြင်းနှင့် နျူကလီးယား၊ ဓာတု သို့မဟုတ် ဇီဝလက်နက်များ ပျံ့ပွားခြင်းကို ငွေကြေးထောက်ပံ့ခြင်းတို့အား တားဆီးရန် ချို့ယွင်းချက်များစွာရှိသည့် အန္တရာယ်မြင့်မားသော တရားစီရင်ရေးနယ်ပယ်များ စာရင်းတွင် ထည့်သွင်းခဲ့သည်။
မေလက ထုတ်ပြန်သည့် အစီရင်ခံစာတစောင်တွင် မစ္စတာ အင်ဒရူးက အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံတန်သည့် လက်နက်များ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးနည်းပညာနှင့် လက်နက်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို စစ်ကောင်စီက အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တင်သွင်းကြောင်း ဖော်ပြထားသည်။
လွန်ခဲ့သော နှစ်နှစ်တာ ကာလအတွင်း မြန်မာစစ်တပ်သို့ လက်နက်နှင့် လက်နက် ဆက်စပ်ပစ္စည်း ကုန်သွယ်မှု ရင်းမြစ်များကို ဖော်ထုတ်ရာတွင် ထိုအစီရင်ခံစာက ရုရှားဖက်ဒရေးရှင်းမှ လုပ်ငန်းများသည် အမေရိကန်ဒေါ်လာ ၄၀၆ သန်းဖိုးရောင်းချပြီး နိုင်ငံပိုင်လုပ်ငန်းများ အပါအဝင် တရုတ်မှ လုပ်ငန်းများက အမေရိကန် ဒေါ်လာ ၃၇၆ သန်းဖိုး ရောင်းချကြောင်း ဖော်ပြထားသည်။
မြန်မာတွင် အာဏာသိမ်းမှု နောက်ပိုင်းတွင် ထိုင်းနိုင်ငံအခြေစိုက် လုပ်ငန်းများက မြန်မာသို့ လက်နက် အမေရိကန်ဒေါ်လာ ၂၈ သန်းဖိုး တင်ပို့ကြောင်း ထိုအစီရင်ခံစာတွင် မှတ်တမ်းတင်ထားသည်။ အိန္ဒိယအခြေစိုက် လုပ်ငန်းများက မြန်မာစစ်ကောင်စီသို့ အမေရိကန် ဒေါ်လာ ၅၁ သန်းတန်ဖိုးရှိ လက်နက်၊ လက်နက်နှင့် ပတ်သက်သော ပစ္စည်းများတင်ပို့သည်ဟုလည်း ဖော်ပြထားသည်။
စင်ကာပူအခြေစိုက် လုပ်ငန်းများက မြန်မာစစ်တပ်သို့ တင်ပို့သည်ဟု မစ္စတာ အင်ဒရူး၏ အစီရင်ခံစာတွင် ဖော်ပြထားသည့် အမေရိကန် ဒေါ်လာ ၂၅၄ သန်းတန်သည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများ၏ အသေးစိတ်များကို စင်ကာပူအစိုးရက လေ့လာနေကြောင်း မစ္စတာ ဘာလာခရစ်ရှနန်က ပြောသည်။
“ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ ရှေ့ဆက်တိုးတက်ဖို့အတွက် အသေးစိတ် အတည်ပြုနိုင်ပြီး တရားရုံး ခွင့်ပြုနိုင်တဲ့ သတင်းအချက်အလက်တွေ ရရှိဖို့ မစ္စတာ အင်ဒရူးနဲ့ အနီးကပ် အပြုသဘော ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။
စင်ကာပူအစိုးရသည် မြန်မာအပေါ် အထွေထွေကုန်သွယ်ရေး ပိတ်ပင်မှု ချမှတ်မထားပေ။ လွန်ခဲ့သောနှစ်တွင် စင်ကာပူနှင့် မြန်မာအကြား ကုန်သွယ်မှု စင်ကာပူ ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ) ဖိုး ရှိသည်။
စင်ကာပူအစိုးရသည် မြန်မာ၌ လက်နက်မဲ့အရပ်သားများကို အကြမ်းဖက်ရာတွင် သုံးမည့် အန္တရာယ်မြင့်မားသည့် လက်နက်များနှင့် စစ်ဘက်အသုံးပြုရန် အလားအလာရှိသည်ဟု ယူဆရသည့် စစ်ဘက်နှင့်အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ လွှဲပြောင်းပေးခြင်းကို တားဆီးသည့်မူဝါဒအား ဆက်လက် အကောင်အထည်ဖော်ရန် ကတိကဝတ် ဆက်ပြုကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
“ဒီမူဝါဒကို ချိုးဖောက်တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို အရေးယူဖို့ လက်တွန့်နေမှာ မဟုတ်ဘူး” ဟု ၎င်းကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Nearly 100 More Singapore-Based Entities Found to Have Supplied Myanmar Military ကို ဘာသာပြန်သည်။)
You may also like these stories:
အာဏာသိမ်းစစ်ကောင်စီ လက်နက် ဒေါ်လာ ၁ ဘီလီယံဖိုး ဝယ်ယူ
မြန်မာသို့ လက်နက်ပစ္စည်း လွှဲပြောင်းပေးရန် ခွင့်ပြုချက် မပေးခဲ့ဟု စင်ကာပူပြော
စစ်သားတွေ ပျော်ဖို့ ငွေဖြုန်းပြီး လက်နက်တွေ တပ်ဆင်
ဂျော်နသန်ကျော်သောင်း (သို့မဟုတ်) စစ်တပ်ကို လျှို့ဝှက်လက်နက်တပ်သူ