မေလ ရွေးကောက်ပွဲပြီး နှစ်လနီးပါးကြာတွင် အစိုးရဖွဲ့စည်းခြင်းဆီသို့ အဓိကခြေလှမ်းအဖြစ် ဝန်ကြီးချုပ်တဦးအား ရွေးကောက်တင်မြှောက်ရန် ထိုင်းပါလီမန် ပူးတွဲအစည်းအဝေးကို ဇူလိုင် ၁၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။
အဖွဲ့ဝင် ၇၅၀ ပါဝင်သော အမျိုးသားလွှတ်တော်ကို လာမည့် ကြာသပတေးနေ့ နံနက် ၉ နာရီခွဲတွင်ခေါ်ယူ မဲခွဲမည်ဖြစ်ကြောင်း အသစ်ရွေးချယ်ထားသည့် အောက်လွှတ်တော်ဥက္ကဌ ဝမ် မူဟာမက်နော မာသာက သတင်းထောက်များကို ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
အောင်မြင်သော ဝန်ကြီးချုပ်လောင်းသည် ထောက်ခံမှု မဲအများစုရရန် လိုသောကြောင့် ယခု ကျင်းပမည့် ပါလီမန်အမတ်များ၏ မဲရွေးချယ်မှုသည် ချက်ခြင်းအဖြေထွက်မည် မဟုတ်ဘဲ မဲပေးရွေးချယ်မှု အကြိမ်ရေ အများအပြား၏ ပထမဆုံးသာ ဖြစ်နိုင်သည်။
ထိုင်းနိုင်ငံ၏ လာမည့်အစိုးရကို ဖွဲ့စည်းရန် ပြင်ဆင်နေသည့် ၈ ပါတီမဟာမိတ်အဖွဲ့က မေလ ၁၄ ရက်နေ့ရွေးကောက်ပွဲတွင် နေရာအများဆုံးအနိုင်ရသည့် Move Forward ပါတီ၏ အသက် ၄၂ နှစ်အရွယ် ခေါင်းဆောင် ဖိထာ လင်ဂျာရွန်ရက် တဦးတည်းကိုသာ တရားဝင်အမည်စာရင်းတင်သွင်းမည်ဖြစ်သည်။ ဖိထာ၏ အားထုတ်မှုများကို စိန်ခေါ်ရန် အခြားပါတီများက တစုံတဦးကို အမည်စာရင်းတင်သွင်း မသွင်း ရှင်းလင်းစွာ မသိရသေးပေ။
ရွေးကောက်ပွဲအပြီးတွင် ဖိထာ ဖွဲ့စည်းခဲ့သည့် မဟာမိတ်အဖွဲ့သည် လက်တလောတွင် ကိုယ်စားလှယ် ၃၁၂ ဦး၏ ထောက်ခံမှု ရရှိပြီး အဖွဲ့ဝင် ၅၀၀ ပါသည့် အောက်လွှတ်တော်တွင် ပြတ်ပြတ်သားသား အများစုဖြစ်သည်။ သို့သော် သူသည် အဖွဲ့ဝင် ၂၅၀ ပါသော အထက်လွှတ်တော်အမတ်များ၏ လေးပုံတပုံ ထောက်ခံမှုလိုသည်။ အထက်လွှတ်တော်သည် ၂၀၁၄ ခုနှစ်အာဏာသိမ်းပြီးနောက် ဘုရင့် သစ္စာခံ စစ်တပ်အသိုက်အဝန်းက ခန့်ထားသည့် အဖွဲ့ဖြစ်ပြီး အောက်လွှတ်တော်နှင့်အတူ မဲပေးမည်ဖြစ်သည်။
အထက်လွှတ်တော်အမတ်အများအပြားက Move Forward ပါတီ အဆိုပြုချက်ဖြစ်သော တော်ဝင်မိသားစုကို ကာကွယ်သည့် ဥပဒေ သို့မဟုတ် ထိုင်း ရာဇဝတ်မှု ဥပဒေပုဒ်မ ၁၁၂ အား ပြင်ဆင်မည်ကို ဆန့်ကျင်ကြသည်။ ထိုဥပဒေက ဘုရင်နှင့် တော်ဝင် မိသားစုကို ဝေဖန်ခြင်းသည် ရာဇဝတ်မှုဖြစ်သည်ဟု သတ်မှတ်သည်။
လွှတ်တော် ဥက္ကဌသည် ထုံးစံအားဖြင့် မည်သည့် အုပ်စုဘက်မှ မလိုက်သောကြောင့် ဖိထာအတွက် ထောက်ခံမဲတမဲ ရမည်ဖြစ်သော်လည်း သေချာပေါက် ဝန်ကြီးချုပ်ဖြစ်ရန် လိုသည့် ၃၇၆ မဲရရန် ၆၅ မဲ လိုသေးသည်။
ဖိထာက ရှေးရိုးစဉ်လာ ကွန်ဆာဗေးတစ် ပါတီများနှင့် မပူးပေါင်းကြောင်း ပြောထားသောကြောင့် အထက်လွှတ်တော်မှ မဲတတ်နိုင်သမျှ များများ ရရန်မှတပါး အခြားရွေးစရာ မရှိပေ။
ထိုသို့ တောင်တက်ခရီးကြမ်းရှိနေသော်လည်း သူဝန်ကြီးချုပ်ဖြစ်မည်ဟု ယုံကြည်ကြောင်း ဖိထာ ပြောသည်။
အချိန်ကြာမြင့်စွာ အစိုးရဖွဲ့နေရခြင်းသည် ထိုင်းဘဏ္ဍာရေး ဈေးကွက်မှ ရင်းနှီးမြှုပ်နှံသူများကို ပိုမိုစိုးရိမ်စေမည်ဖြစ်သည်။ ထိုင်းနိုင်ငံ၏ စတော့အိတ်ချိန်းအညွှန်းကိန်းသည် ယခုနှစ် အာရှတွင် အဆိုးဆုံးဖြစ်နေပြီး မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲနောက်ပိုင်း အရှေ့တောင်အာရှတွင် ထိုင်းဘတ်ငွေသည် ဒုတိယ ဈေးအများဆုံးကျသည့် ငွေကြေး ဖြစ်နေသည်။
လာမည့်ခေါင်းဆောင်ကို မည်သည့်အချိန်တွင် နောက်ဆုံးရွေးရမည်နှင့်ပတ်သက်ပြီး ကန့်သတ်ချက်မရှိဘဲ ပြတ်ပြတ်သားသား နိုင်သူ ပေါ်ပေါက်လာသည်အထိ တကြိမ်မက ပါလီမန်ခေါ်ရနိုင်ကြောင်း လွှတ်တော် ဥက္ကဌက ပြောသည်။
ကိုးကား။ ။ AFP, Thai PBS
You may also like these stories:
ဒီမိုကရေစီလိုလားတဲ့ လွှတ်တော်ဥက္ကဋ္ဌကို ထိုင်းပါလီမန်က ဝန်ကြီးချုပ် မဲပေးခါနီးမှာ ရွေးချယ်
ဒီမိုကရေစီလှိုင်းကြားက ထိုင်းစစ်တပ်
ထိုင်းနိုင်ငံရေးတွင် သမိုင်းဒီရေမြင့်နေသည်
မြန်မာ့ငြိမ်းချမ်းရေး ကတိကဝတ်ကို ထိုင်းဝန်ကြီးချုပ်လောင်း ထပ်မံအတည်ပြု
Move Forward ပါတီကို မြန်မာ ဒုစစ်ခေါင်းဆောင် မနှစ်မြို့