မြန်မာ၊ ကမော္ဘဒီးယား၊ လာအို၊ ဗီယက်နမ် ၄ နိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအတွက် နေထိုင်အလုပ် လုပ်ကိုင်ခွင့် လျှောက်ထားမည့်ရက်အား ယခင်မေလကုန်အထိသတ်မှတ်ထားရာမှ ယခုဇူလိုင်လကုန်အထိ တိုးမြှင့်ပေး လိုက် ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ယမန်နေ့က အတည်ပြုပေးလိုက်သည်။
ထိုသို့ နေထိုင်အလုပ်လုပ်ကိုင်ခွင့် ဖြေလျှော့သည့်အထဲတွင် အိမ်နီးချင်း ၄ နိုင်ငံမှ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးနေသူများ၊ အလုပ်လက်မဲ့ဖြစ်၍ အလုပ်ရှင်အသစ် ရှာမရသေးသူများ၊ နေထိုင်ခွင့်ဗီဇာသက်တမ်းလွန်နေသည့် တရားမဝင်နေထိုင်သူများ၊ တရားမဝင် လုပ်ကိုင်နေသည့် အလုပ်သမားများ ပါဝင်ကြောင်း၊ အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားမည့်သူများနှင့်အတူ ၎င်းတို့၏ အသက် ၁၈ နှစ်အောက် သားသမီး များလည်း ထိုင်နိုင်ငံတွင် နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်းလည်း ထိုင်းအလုပ်သမားဝန်ကြီးက ဆိုထားသည်။
ထိုသို့ ဖြေလျှော့ခွင့်၌ အကျုံးဝင်ရန် အလုပ်ရှင်မှ အလုပ်သမား အမည်စာရင်းနှင့် အလုပ်သမား ဓာတ်ပုံတို့အား သက် ဆိုင်ရာပြည်နယ်ရှိ အလုပ်အကိုင် ရှာဖွေရေးရုံးများသို့ တင်သွင်းရမည်ဖြစ်ပြီး အမည်စာရင်းကျလာမှသာ ဖြေလျှော့ခွင့် ရရှိမည်ဖြစ်ပြီး၊ ယင်းတရားမဝင် လုပ်သားများအနေဖြင့် အမည်စာရင်းစာရွက်အား ကိုင်ဆောင်ထားရမည် ဖြစ်ကြောင်း လည်း သိရသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က “ဒါကတော့ အလုပ်သမား တွေအတွက် အင်မတန် ဝမ်းသာစရာ ကောင်းပါတယ်။ အခုက အတည်ပြုလိုက်တာက မည်သည့်အထောက်အထားမှ မရှိတဲ့သူတွေပါဆိုပြီး ပါလာတဲ့အတွက် ဒီတကြိမ်မှာ ရအောင်လုပ်ဖို့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အခွင့်အရေး ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေအတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်တယ်” ဟု ပြောသည်။
ယခုကဲ့သို့ သက်တမ်းတိုးပေးလိုက်ခြင်းကြောင့် ပြီးခဲ့သည့် မေလလယ်အထိ သတ်မှတ်ထားသော ရက်တွင် ကတ်ပြား မလုပ်လိုက်ရသည့် မြန်မာ၊ ကမော္ဘဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံများမှ အလုပ်သမား ၅ သိန်းခန့်သည် ဇူလိုင်လ ၃၁ ရက်အထိ နေထိုင်လျှောက်ထားခွင့် ရရှိသွားမည် ဖြစ်ကြောင်း သိရသည်။
စမွတ်ဆာခွန်တွင် အလုပ် လုပ်ကိုင်နေသည့် အလုပ်သမားတဦးက “ပြောတဲ့အတိုင်း လုပ်ပေးရင်တော့ အရမ်း ကောင်း မှာပေါ့။ ကျနော်တို့တွေလည်း သက်တမ်းတိုးဖို့ မမှီလိုက်တော့လေ။ ဒါပေမယ့် ပြောတဲ့အတိုင်း မြို့နယ်တွေမှာက သွား တင်လို့ မရဘူး။ ထိထိရောက်ရောက်လေး လုပ်ပေးရင်ကောင်းမယ်။ အလုပ်ရှင်တွေကလည်း ဘာမှနားမလည်တော့ မလုပ်တတ်ဘူး။ ပွဲစားတွေဆီကတဆင့်ပဲ သွားရတယ်။ အမှန်က စာရင်းတင်တာ ပိုက်ဆံ မပေးရဘူး။ မပေးရင်လည်း အဆင်မပြေဖြစ်မှာ ဆိုတော့ ပေးရတာပါပဲ” ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၅ သန်း ဝန်းကျင်ထိရှိနေပြီး စစ်တပ် အာဏာသိမ်းသည့် နှစ်နှစ်ကျော် အတွင်း ထိုင်းနိုင်ငံသို့ တရားဝင် လာရောက် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားဦးရေ ၄ သိန်းကျော် ရှိကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်များသူများထံမှ သိရသည်။
You may also like these stories:
ထိုင်းနိုင်ငံရေးလှုပ်ရှားမှု မြန်မာလုပ်သားများမပါဝင်ခဲ့ဟု MWRN ပြော
ရွှေ့ပြောင်းလုပ်သားတို့ရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေပြီလား