ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) မှ ဒု ဥက္ကဋ္ဌ အပါအဝင် ၃ ဦး စစ်တွေမြို့ ပေါ်တွင် လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ပိုင်း စစ်ကောင်စီစစ်ဆေးရေးဂိတ်များ၌ ယခင်ထက် စစ်ဆေးမှု ပိုမိုတင်းကျပ်လာကြောင်း ခရီးသွားပြည်သူများထံက သိရ သည်။
စစ်တွေ- ရန်ကုန် ကားလမ်းမပေါ်ရှိ စစ်ကောင်စီ၏ အဓိက စစ်ဆေးဂိတ်များဖြစ်သည့် စစ်တွေမြို့အထွက် ကျောက်တန်း ဂိတ်၊ ကျောက်တော် တပ်မရှေ့ စစ်ဆေးရေးဂိတ်၊ မြောက်ဦး ခမရ ၅၄၀ တပ်ရှေ့ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုတင်း ကျပ်ထားသလို စစ်တွေမြို့နှင့် ကူးလူးဆက်သွယ်သည့် ပေါက်တောနှင့် ရသေ့တောင် ရေလမ်းကြောင်းများတွင် စစ်ဆေးမှု ပိုမိုတင်းကျပ်ထားကြောင်း ဒေသခံများက ပြောသည်။
ရသေ့တောင် ဒေသခံတဦးက “မုန်တိုင်းအလွန်ကာလတုန်းကတော့ ရေချမ်းပြင်ဆိပ်ကမ်း စစ်တပ်က လုံခြုံရေးတွေ ချထားပြီးတော့ ကယ်ဆယ်ရေး ပစ္စည်းမျိုးတင်တဲ့စက်လှေပါရင် ဖွင့်ဖောက် စစ်ဆေးတယ်။ အခုထိ ရက်ပိုင်းကတော့ စစ်ဆေးတာလား၊ ရစ်တာလားတော့ မသိဘူး။ စစ်တပ်က စက်လှေပေါ်တက်ပြီးတော့ ပစ္စည်းတွေကို စစ်လိုက်၊ ခရီးသွား တွေကို မှတ်ပုံတင် စစ်လိုက်လုပ်တယ်။ ပြည်သူတွေက စစ်သားမြင်ရင် ကြောက်နေရတဲ့ဘဝမှာ အခုလိုမျိုး စစ်ဆေးမှု တွေလုပ်နေတော့ ပိုကြောက်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ရသေ့တောင်နှင့် မောင်တောမြို့နယ်သို့ ဆက်သွယ်ထားသော အငူမော်ကားလမ်းမပေါ်ရှိ မုန်တိုင်းကြောင့် ပျက်စီးသွား သည့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲစစ်ဆေးရေးဂိတ်များကိုလည်း ယခုရက်ပိုင်းအတွင်း ပြန်လည် ပြုပြင် နေသည်ကို မြင်တွေ့ရသည့်အတွက် လမ်းသွားလမ်းလာများ စိုးရိမ်နေကြကြောင်းလည်း ဒေသခံကျေးရွာသားများက ဆို သည်။
ဇူလိုင်လ ၁ ရက်က စစ်တွေမြို့ ၊ ဘုမေရပ်ကွက် စစ်တွေတက္ကသိုလ်ကျောင်းအနီး၌ ALP ပါတီမှ ဒုဥက္ကဋ္ဌ ခိုင်နီရောင်၊ တပ် ရင်းမှူးအဆင့်ရှိသူ ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့မှာ မင်းဂံရပ်ကွက်တွင်ရှိသော ပါတီဥက္ကဋ္ဌ ဒေါ်စောမြရာ ဇာလင်း၏ နေအိမ်မှကားဖြင့် ပြန်လာစဉ် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်လုပ်ကြံခြင်းကို ခံလိုက်ရသည့်အတွက် သေဆုံးသွားကြသည်။
ထိိုလုပ်ကြံသတ်ဖြတ်မှုသည် ရက္ခိုင့်တပ်တော် (ULA/AA) တပ်ဖွဲ့ဝင်များ လက်ချက်ဖြစ်ကြောင်း ALP ပါတီက ဇူလိုင်လ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသလို ပါတီ အတွင်းရေးမှူးအဖွဲ့မှ ဗိုလ်မှူး ခိုင်သူရိန်ကလည်း AA လက်ချက်ဖြစ်ကြောင်း ကို သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ရရှိထားသည်ဟု ဧရာဝတီ သို့ ပြောဆိုထားသည်။
ထိုဖြစ်စဉ်နောက်ပိုင်း စစ်တွေမြို့ပေါ်မှ မြို့ခံတချို့ကို ALP ပါတီဝင်များက ဖမ်းဆီးချုပ်နှောင် စစ်ဆေးနေသလို စစ်တွေမြို့နယ်၊ ဝင်္ကဘာကွင်းရှေ့ ၊ စစ်တွေတက္ကသိုလ်ကျောင်းဟောင်း၊ ပြည်နယ်ကောင်စီရုံးအနီးဝန်းကျင်တို့တွင်လည်း စစ်ကောင်စီ တပ် သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို လုံခြုံရေး တိုးမြှင့်ချထားကြောင်း စစ်တွေမြို့ခံများက ပြောသည်။
စစ်ကောင်စီ တပ်သားများသည် မြို့ပေါ်တွင် ထိုသို့ လုံခြုံရေး တိုးမြှင့်ထားသလို ရေလမ်းနှင့်ကုန်းလမ်းတို့တွင်လည်း စစ်ဆေးမှု ပိုမိုတင်းကျပ်လာသည့်အတွက် မိုခါမုန်တိုင်းသင့်ပြည်သူများအား ကူညီထောက်ပံ့မှုလုပ်ဆောင်နေသော အဖွဲ့ အစည်းများအနေဖြင့် သွားလာရ ပိုမိုခက်ခဲလာကြောင်း ရခိုင်အခြေစိုက် အရပ်ဘက်အဖွဲ့မှ တာဝန်ရှိသူတဦးက ပြော သည်။
၎င်းက “မိုခါအလွန်ကာလတုန်းကတော့ ကားပေါ်မှာ ပါလာတဲ့ ကယ်ဆယ်ရေးပစ္စည်းလောက်ကိုပဲ အဓိကထား စစ်ဆေး တာ။ ပစ္စည်းတွေ သိပ်မများဘူးဆိုရင် အကြောင်းပြချက်တခုခု ပြပြီး သယ်သွားလို့ရတယ်။ အခု ပစ္စည်းကိုရောလူကိုရော၊ မသင်္ကာရင် မသင်္ကာသလို စစ်တယ်။ ပစ္စည်းတွေကိုရင်လည်း အကုန်ဖွင့်ပြရတယ်။ ကျနော်တို့ဆိုရင် ခွင့်ပြုချက် တင်ရင် လည်း ခွင့်ပြုချက်မရတော့ အခု ရုပ်ဖျက်ပြီးကိုသွားနေတဲ့အထိ ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီနှင့် AA တို့သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်တွင် လူသားချင်းစာနာမှုဆိုင်ရာ သဘောတူညီချက်ဖြင့် ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲထားပြီးနောက်ပိုင်း စစ်ကောင်စီက ပိတ်ဆို့ထားသည့် ကုန်းလမ်း၊ ရေလမ်းများကို ပြန် လည် ဖွင့်ပေးခဲ့သော်လည်း လတ်တလော အခြေအနေတွင် မုန်တိုင်းသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ခရီးသွားပြည်သူများအား ယခုကဲ့သို့ စစ်ဆေးမှုတင်းကျပ်ထားခြင်းကြောင့် နှစ်ဖက်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာနိုင် ကြောင်း ရခိုင်နိုင်ငံရေး စောင့်ကြည့်လေ့လာသူများက ပြောဆိုကြသည်။
ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက “နှစ်ဖက်ယာယီ အပစ်ရပ်ထားတာက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆိုတဲ့ ခေါင်းစဉ်နဲ့ အရပ်သားတွေကို ဒုက္ခမပေးဖို့ သဘောတူညီချက်နဲ့ အပစ်ရပ်စဲခဲ့တာဖြစ်တယ်လို့ သိရတယ်။ အခု စစ်ကောင် စီက သဘောတူညီချက်ကို ချိုးဖောက်ပြီးတော့ စစ်ဆေးမှုတွေ ပိုလုပ်လာတယ်။မုန်တိုင်းသင့်ပြည်သူတွေကို ကူညီမယ့် အဖွဲ့အစည်းတွေကို ပိတ်ပင်ထားတယ်။ အဲဒီလို အခြေနေမျိုးမှာ နှစ်ဖက်ခေါင်းဆောင်ပိုင်း တွေ့ဆုံညှိနှိုင်းမှုတွေမှာ အဆင် မပြေရင်တော့ တကျော့ပြန် တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တယ်” ဟု ဧရာဝတီသို့ သုံးသပ် ပြောဆိုသည်။
You may also like these stories:
ALP ခေါင်းဆောင်များ လုပ်ကြံခံရမှု AA တပ်ဖွဲ့၏ လုပ်ရပ်ဟု ထုတ်ပြန်
စစ်ဦးစီးချုပ်နှင့် တပ်မှူး ၂ ဦး အသတ်ခံရမှု AA လက်ချက်ဟု ALP ထုတ်ပြန်
အမ်းမြို့မရဲစခန်းတွင် အချုပ်ကျနေသူတဦး ဆေးကုသခွင့်မရ၍ သေဆုံး