နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) တရားလိုအကျိုးဆောင်တဦးသည် မြန်မာစစ်တပ်၏လက်တွင် ရိုဟင်ဂျာတို့ ခံစားခဲ့ရသည့်၊ တွေ့ကြုံရသည့် လူမျိုးတုံးသတ်ဖြတ်မှု သက်သေခံချက်များယူရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များကို ဇူလိုင်လ ၆ ရက်နေ့တွင် သွားရောက်တွေ့ဆုံသည်။
မစ္စတာ ကာရင် အာဆတ် အာမက်ခန်သည် တောင်ပိုင်းခရိုင်ဖြစ်သော ကောက်ဘဇားမှ ဒုက္ခသည်စခန်း နှစ်ခုသို့ သွားရောက်ပြီး မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ စစ်တပ်၏ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ဖြိုခွဲမှုနောက်ပိုင်း ထွက်ပြေးလာသော ရိုဟင်ဂျာ ၃၅ ဦးကို တွေ့ဆုံသည်။
မစ္စတာ ခန် ဦးဆောင်သည့် အဖွဲ့ဝင် ၁၀ ဦးပါအဖွဲ့သည် မြန်မာတွင် ဖိနှိပ်မှုခံရသည့် အတွေ့အကြုံကို ပြောပြသည့် အမျိုးသား အမျိုးသမီးများနှင့် တွေ့ဆုံသည်ဟု အရာရှိများနှင့် ဒုက္ခသည်များက Anadolu သတင်းဌာနသို့ ပြောသည်။
ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းနီးပါးသည် ဘင်္ဂလားဒေ့ရှ်တွင် ယနေ့တိုင် နေထိုင်နေပြီး အများစုမှာ ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် စစ်တပ်၏ ခြေမှုန်းမှုကြောင့် ထွက်ပြေးလာသူများ ဖြစ်သည်။ အများစုသည် ကောက်ဘဇားမှ လူကျပ်သိပ်သည့် စခန်းများတွင် နေထိုင်နေပြီး ၃၀,၀၀၀ ခန့်သည် ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းမှ စတင်ပြီး ဘာဆန်ရှားကျွန်းသို့ ရွှေ့ပြောင်းခံရသည်။
ထိုကိုယ်စားလှယ်အဖွဲ့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဒုက္ခသည် ကယ်ဆယ်ကူညီရေးနှင့် ပြန်လည်ပို့ဆောင်ရေး ကော်မရှင်နာရုံး (RRRC) မှ အရာရှိ နှစ်ဦး လိုက်ပါပို့ဆောင်ပေးသည်။

ထိုကိုယ်စားလှယ်များကို လိုက်ပါပို့ဆောင်သည့် RRRC တွဲဖက် ကော်မရှင်နာ ခါလစ် ဟူစိန်က ရိုဟင်ဂျာ ၃၅ ဦးခန့်သည် ICC အဖွဲ့နှင့် တွေ့ဆုံကြောင်း Anadolu သို့ ပြောသည်။
တရားလိုရှေ့နေ မစ္စတာ ခန်သည် ဒေသဆိုင်ရာ ဒုက္ခသည်အရာရှိများနှင့်လည်း တွေ့ဆုံကြောင်း၊ ICC နှင့် တွေ့ဆုံပြီး ၎င်းတို့ခံစားရသည့်ဒုက္ခများကို ပြောကြားခဲ့သည့် ကောက်ဘဇားမှ ရိုဟင်ဂျာများကို ပိုမိုကာကွယ်ပေးရန် တိုက်တွန်းကြောင်း RRRC ကော်မရှင်နာချုပ် မိုဟာမက် မီဇန်နာ ရာမန်က Anadolu သို့ပြောသည်။
“ICC ကိုယ်စားလှယ်အဖွဲ့က ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စုံစမ်းစစ်ဆေးရေး တရားဝင်ခရီးစဉ်အတွက် ကောက်ဘဇားကို ရောက်နေတယ်။ သူတို့က ရိုဟင်ဂျာပြည်သူတွေနဲ့ တွေ့ဆုံပြီး သက်သေခံချက်ယူတယ်။ ကျနော်တို့က ICC ကို အရင်ကသူတို့ ကောက်ဘဇားကို လာတဲ့အတိုင်းကူညီတယ်” ဟု သူကပြောပြီး လိုအပ်သလို ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ထောက်ပံ့ရေးများကို အရာရှိများက လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောသည်။
ICC ကိုယ်စားလှယ်များ ရရှိသည့် သက်သေခံချက်များတွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လက လူမျိုးတုံးသတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဂုဏ်သိက္ခာဆုံးရှုံးမှုနှင့် နေအိမ်များကို မီးရှို့ခြင်း စသည်တို့ ပါဝင်ကြောင်း ကောက်ဘဇား အခြေစိုက် အာရကန် ရိုဟင်ဂျာ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအဖွဲ့အစည်း ဥက္ကဋ္ဌ မူဟာမက် ဇူဘဲက ပြောသည်။
၎င်းတို့သည် ပိုင်ဆိုင်မှု ဆုံးရှုံးခြင်း၊ ကွပ်မျက်ခြင်းနှင့် အဓမ္မပြုကျင့်ခြင်းတို့ကိုလည်း ရင်ဆိုင်ခဲ့ရသည်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ICC တရားသူကြီးများသည် မြန်မာမှ ရိုဟင်ဂျာ မွတ်ဆလင် လူနည်းစုအပေါ် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် တရားစွဲဆိုမှုကို အတည်ပြုခဲ့သည်။ သို့သော် မြန်မာက နိုင်ငံတကာ ရာဇဝတ်တရားရုံး၏ ထိုအမှုအပေါ် စီရင်ခွင့်ကို ငြင်းဆန်သည်။

ဘင်္ဂလားဒေ့ရှ်သည် ICC အဖွဲ့ဝင်ဖြစ်သော်လည်း ရောမသဘောတူညီချက်အဖွဲ့ဝင် မဟုတ်သော မြန်မာသည် ရိုဟင်ဂျာများကို ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေး ချိုးဖောက်သည်ဟု စွပ်စွဲခံနေရသည်။
ICC ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစစ်တပ်က ပြုလုပ်သည့် ညှဉ်းပန်းနှိပ်စက်မှု အတိုင်းအတာကို စုံစမ်းစစ်ဆေးရန် ဘင်္ဂလားဒေ့ရှ်သို့ အင်္ဂါနေ့တွင် စတင်ရောက်ရှိပြီး သောကြာနေ့အထိ ဖြစ်သည်။
ဒါကာသည် ထိုစုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်ပြီး ICC တရားလို ကိုယ်စားလှယ်အဖွဲ့ကို တတ်နိုင်သမျှ ကူညီ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကျင်းပသည့် ဆွေးနွေးပွဲများအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ အေကေ အဗ္ဗဒူ မိုမန်က မစ္စတာ ခန်ကို အာမခံသည်။
မစ္စတာ ခန်သည် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မစ္စ ရှိတ်ခ် ဟာစီနာကိုလည်း ထိုနေ့တွင်ပင် တွေ့ဆုံသည်။ Twitter တွင် မစ္စတာ ခန်က “ကမ္ဘာက ရိုဟင်ဂျာတွေအကြောင်း မေ့မထားနိုင်သလို တာဝန်ခံမှု လိုအပ်တယ်လို့ ယူဆတယ် ဆိုတာကို ကျနော်တို့ သဘောတူကြတယ်။ ကျနော်တို့ရုံးက ဒါကို အကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းနေကြတယ်” ဟု ရေးသားသည်။
မြန်မာနိုင်ငံသည် ရိုဟင်ဂျာမွတ်စလင်များကို လူမျိုးတုန်းသတ်ဖြတ်ရန် ကြံရွယ်ခဲ့ကြောင်း ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် တရားစွဲခံထားရသလို အာဂျင်တီးနား တရားရုံးတရုံးတွင် အမှုဖွင့်ရန် ကြိုးပမ်းချက်တရပ်နှင့်လည်း ကြုံနေရသည်။
ကိုးကား ။ ။ Anadolu သတင်း ICC prosecutor in Bangladesh to take Rohingya testimonies
You may also like these stories:
ကျောက်ဖြူမှ ရိုဟင်ဂျာဒုက္ခသည်များ စခန်းသစ်တွင် အခက်ကြုံနေရဟုဆို
အာဂျင်တီးနား တရားရုံးတွင် ရိုဟင်ဂျာ နှိမ်နင်းမှုအပေါ် သက်သေ စ ထွက်
ရာဇဝတ်မှု များပြားလာသည့် ကော့ဘဇားက မွတ်စလင် ဒုက္ခသည်စခန်းများ
စစ်ကောင်စီ၏ ပြန်လက်ခံရေးအစီစဉ် ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ လာရောက်လေ့လာ
ရိုဟင်ဂျာဒုက္ခသည် နေရပ်ပြန်ရေး သံသရာ တပတ်လည်