သံတမန်ရေး အထီးကျန်မှု ပိုမိုဆိုးရွားလာသောကြောင့် မြန်မာစစ်ကောင်စီသည် လက်ရှိ တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့အပြင် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်နေသည်။
ဗုဒ္ဓဟူးနေ့တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ကူဝိတ်ဝန်ကြီးချုပ် ရှီအိုက် အာမက် နာဝပ် အယ်လ် ဆာဘက်နှင့် ဖုန်းဖြင့်ဆွေးနွေးသည်။ နောက်တနေ့တွင် ဆော်ဒီ သံအမတ်နှင့် ကာတာ သံရုံး ယာယီတာဝန်ခံသည် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနှင့် ဆွေးနွေးသည်။
၂၀၂၁ ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် အခြားနိုင်ငံများသည် မြန်မာစစ်ကောင်စီနှင့် သံတမန် ဆက်ဆံရေး အဆင့်လျှော့ချပြီး အရေးယူ ပိတ်ဆို့နေစဉ်တွင် ဆော်ဒီအာရေးဗီးယားသည် လွန်ခဲ့သောနှစ် မတ်လက သံအမတ်သစ်ခန့်ပြီး ၎င်း၏ အိမ်နီးချင်း ကူဝိတ်ကလည်း ယခုနှစ် ဇန်နဝါရီလတွင် အလားတူခန့်သည်။
ကူဝိတ် သံအမတ် မူဘာရက် အမ်အေ အလက်ဝန်နီက သူ၏ သံအမတ် ခန့်အပ်လွှာကို မင်းအောင်လှိုင်ထံ ယခုနှစ်အစောပိုင်းတွင် ပေးအပ်ပြီး ထို ၂ ယောက်သည် သံတမန်ဆက်ဆံရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ချစ်ကြည်ရေးခရီးများ မြှင့်တင်ရန် ဆွေးနွေးကြသည်။ ထို သံအမတ်သည် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝဏ္ဏမောင်လွင်နှင့် နိုင်ငံတကာ ပူးပေါင်းဆက်သွယ်ရေးဝန်ကြီး ကိုကိုလှိုင်တို့နှင့် သီးခြားဆွေးနွေးပြီး နိုင်ငံတကာ စင်မြင့်တွင် တနိုင်ငံနှင့် တနိုင်ငံကူညီရန်နှင့် စွမ်းအင်ကဏ္ဍတွင် ကူဝိတ်ရင်းနှီးမြှုပ်နှံရန်ဆွေးနွေးကြသည်။
ထိုဆွေးနွေးမှုများအပြီး ၆ လအကြာတွင် မင်းအောင်လှိုင်နှင့် ကူဝိတ်ဝန်ကြီးချုပ်အကြား တိုက်ရိုက် ဆွေးနွေးမှုဖြစ်လာသည်။ နောက်တဆင့်မှာ ၂ နိုင်ငံအဆင့်မြင့်အရာရှိများ အပြန်အလှန်လည်ပတ်ခြင်း ဖြစ်ကြောင်း လေ့လာသူများပြောသည်။
ဆော်ဒီသံအမတ်သည် လွန်ခဲ့သောနှစ်က မင်းအောင်လှိုင်ထံ သံအမတ်ခန့်အပ်လွှာပေးအပ်စဉ် သံတမန်ဆက်ဆံရေးနှင့် ကုန်သွယ်ရေး မြှင့်တင်ရန်လည်း ဆွေးနွေးခဲ့သည်. သူနှင့် ထိုစဉ်က စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံတကာနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သာမက စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ အလုပ်သမား၊ ယဉ်ကျေးမှုနှင့် ပညာရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန်လည်း ဆွေးနွေးသည်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံသောအခါ ကာတာသံတမန်သည် ၂ နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးနှင့် မြန်မာစိုက်ပျိုးငါးလုပ်ငန်းထုတ်ကုန်များကို ကာတာသို့တင်ပို့ရန်၊ စွမ်းအင်၊ ဟိုတယ်နှင့် ခရီးသွားနှင့် တိုက်ရိုက်လေကြောင်း ပျံသန်းရေး နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ်များ လက်မှတ်ထိုးရေး ဆွေးနွေးသည်။
မြန်မာ၊ ကူဝိတ်နှင့် ကာတာတို့သည် တရုတ်၊ အိန္ဒိယနှင့် ရုရှား ဦးဆောင်သည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ ဆွေးနွေးဘက် နိုင်ငံများဖြစ်သည်။
You may also like these stories:
ကစ်ဆင်ဂျာ ရာပြည့်နှင့် မြန်မာ့နိုင်ငံရေး သမင်လည်ပြန်
တရုတ်-အမေရိကန် စစ်အေးတိုက်ပွဲသစ် ကြားခံ မြန်မာဖြစ်တော့မလား
တရုတ်၏ မဟာဗျူဟာခြေလှမ်းနှင့် မြန်မာပြည်ခုခံစစ်ပွဲ
မြန်မာ့အရေးမှာ လောင်းကြေးအထပ်မှားသည့် အိန္ဒိယ
မြန်မာလေတပ် စစ်ရာဇဝတ်မှုတွေမှာ တရုတ်နှင့် ရုရှား ကြံရာပါ
ဒုံးကျည်နှင့်ဒရုန်း ရရှိရေး စစ်ကောင်စီက အီရန်ဘက် ခြေဦးလှည့်နေ