ဇူလိုင် ၁၂ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ retreat အစည်းအဝေးကို မြန်မာ့အကျပ်အတည်းနှင့် အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် (5PC) အကောင်အထည်ဖော်ရန် အကြောင်းအရာက အဓိက လွှမ်းမိုးမည်ဖြစ်သည်။
စုံညီအစည်းအဝေးအပြီးတွင် retreat အစည်းအဝေး ကျင်းပရန် အင်ဒိုနီးရှားမှ စီစဉ်ထားသောကြောင့် နိုင်ငံခြားရေးဝန်ကြီးများအားလုံး မြန်မာ့အကျပ်အတည်းအပေါ် အမြင်ချင်းဖလှယ်ကြမည်ဟု ထိုင်းပီဘီအက်စ် သတင်းတပုဒ်က ဆိုသည်။ အစဉ်အလာအရ retreat သည် မျက်နှာစုံညီအစည်းအဝေးမတိုင်မီ ကျင်းပသည်။
အထူးသဖြင့် အကြမ်းဖက်မှုအဆုံးသတ်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် ပျက်ကွက်ခဲ့ပြီး 5PC ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သောကြောင့် နေပြည်တော် စစ်ကောင်စီအား အရေးယူမှုများ ထပ်မံပြုလုပ်ရန် အင်ဒိုနီးရှားက လိုလားနေကြောင်း သတင်းက ဆိုသည်။
NUG၊ PDF နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် သက်ဆိုင်သူ အားလုံးနှင့် အာဆီယံ ဥက္ကဋ္ဌသည် အဆက်အသွယ် ရှိထားသည်။
အာဆီယံသည် မြန်မာနိုင်ငံအပေါ် အကြမ်းဖက်မှုအားလုံးကို ရပ်တန့်စေလိုသည့် ၎င်း၏ ဆွေးနွေးဖက်များ အထူးသဖြင့် အမေရိကန်၏ ဖိအားပေးမှုကို ခံနေရသည်။ ဝါရှင်တန်သည် စစ်ခေါင်းဆောင်များနှင့် အဓိက ဘဏ်နှစ်ခုဖြစ်သည့် မြန်မာ နိုင်ငံခြား ကုန်သွယ်ရေးဘဏ်နှင့် မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် တို့ကိုလည်း ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည်။ ရည်ရွယ်ချက်မှာ စစ်ကောင်စီ၏ စစ်လက်နက်ဝယ်ယူတင်သွင်းနေမှုကို ဆုတ်ယုတ်စေရန်ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken သည် ဇူလိုင် ၁၄ ရက်တွင် ပြုလုပ်မည့် Post Ministerial Conference တွင် ၎င်း၏ အာဆီယံလုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ ထို့နောက် အာဆီယံဒေသတွင်း ဖိုရမ် (ARF) နှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေး (EAS) အဖွဲ့ဝင်များမှ အခြားသော လုပ်ဖော်ကိုင်ဖက်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်သည်။
ARF သည် အင်ဒိုပစိဖိတ်ဒေသရှိ နိုင်ငံအားလုံးကို လွှမ်းခြုံထားသော ဒေသတွင်း ကျယ်ပြန့်သည့် တခုတည်းသော လုံခြုံရေးဖိုရမ်ဖြစ်သည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ARF နှစ် ၃၀ ပြည့် အထိမ်းအမှတ် ကြေညာချက်ကို ထုတ်ပြန်မည်ဖြစ်သည်။ EAS သည် အာဆီယံအဖွဲ့ဝင်ဆယ်နိုင်ငံ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယ၊ ရုရှား၊ သြစတြေးလျ၊ အမေရိကန်နှင့် နယူးဇီလန်တို့အတွက် တခုတည်းသော မဟာဗျူဟာဖိုရမ်ဖြစ်သည်။
အာဆီယံဝန်ကြီးများသည် 5PC ကို ဆက်လက်အတည်ပြုပြီး ၎င်းအား အကောင်အထည်ဖော်ရန် နေပြည်တော်ကို ဆက်လက် တိုက်တွန်းထားမည်ဟု သတင်းက ဆိုသည်။ အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများမှ နေပြည်တော် စစ်ကောင်စီ၏ အဆင့်မြင့်ကိုယ်စားလှယ်များအား တက်ရောက်ခွင့် ပိတ်ပင်ထားမှုကို ဆက်လက် လုပ်ဆောင်သွားရန် ရှိသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော ကရင်နီ/ကယားပြည်နယ်ရှိ တိုက်ပွဲများကြောင့် လူ ၅၀၀၀ ကျော် ထိုင်းနိုင်ငံတွင်းသို့ ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြသည်။
ကိုးကား။ ။ Thai PBS မှ Myanmar crisis to dominate ASEAN foreign ministers retreat
You may also like these stories:
အရှေ့အလယ်ပိုင်းနှင့် စစ်ကောင်စီ ဆက်ဆံရေး တိုးမြှင့်နေ
တရုတ်-အမေရိကန် စစ်အေးတိုက်ပွဲသစ် ကြားခံ မြန်မာဖြစ်တော့မလား
မြန်မာ့ငြိမ်းချမ်းရေး ကတိကဝတ်ကို ထိုင်းဝန်ကြီးချုပ်လောင်း ထပ်မံအတည်ပြု
မြန်မာ့အရေးမှာ လောင်းကြေးအထပ်မှားသည့် အိန္ဒိယ
ယူကရိန်းကဲ့သို့ မြန်မာလည်း နိုင်ငံတကာအကူအညီများနှင့် ထိုက်တန်