ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီ၏ ဝန်ကြီးချုပ်လောင်း ဖိထာ လင်မ်ဂျာရွန်ရတ်က ၎င်းအား ဝန်ကြီးချုပ်အဖြစ် မဲပေးရန် ပျက်ကွက်ခြင်းသည် ထိုင်းဒီမိုကရေစီက ခွင့်မလွှတ်နိုင်သော လုပ်ရပ်ဖြစ်ကြောင်း လွှတ်တော်အမတ်များကို တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့ ညနေပိုင်းက ပသွမ်ဝမ်ခရိုင် CentralWorld ဈေးဝယ်စင်တာတွင် ထောက်ခံသူ ၁၀၀၀ ခန့်နှင့် တွေ့ဆုံရာတွင် ကြာသပတေးနေ့ (ဇူလိုင်လ ၁၃ ရက်) သည် ထိုင်းနိုင်ငံရေးကို ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိနိုင်စေမည့် သမိုင်းဝင်နေ့တနေ့ဖြစ်ကြောင်း ဖိထာက ပြောကြားခဲ့သည်။
“လာမယ့် ဆယ်စုနှစ်အတွင်း ထိုင်းနိုင်ငံရေး ဘယ်လိုဖြစ်လာမလဲဆိုတာကို အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တွေက လာမယ့် လေးရက်အတွင်း ဇူလိုင် ၁၃ ရက်မှာ ပူးတွဲဆုံးဖြတ်လိမ့်မယ်”
“မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ ထိုင်းနိုင်ငံဟာ ဘယ်အရာမှာမှ ဒုတိယ မဖြစ်ဘူး”
“မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ထားချက်ကို ဆန့်ကျင်တဲ့ မှားယွင်း ဆုံးဖြတ်ချက်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ရဲ့ နိုင်ငံရေး မူမမှန်မှုကို ဆက်လက် ထိန်းထားနိုင်ပါလိမ့်မယ်။ ဇူလိုင်လ ၁၃ ရက်နေ့လို ရွှေအခွင့်အရေး ဘယ်တော့ ပြန်ရမလဲဆိုတာ ကျနော် မသိပါဘူး” ဟု ဖိထာက ပြောကြားခဲ့သည်။
ကြာသပတေးနေ့ မဲပေးပွဲတွင် ၎င်းအား ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းထားသည့် Move Forward ပါတီနှင့် Pheu Thai ပါတီအပါအဝင် ၈ ပါတီ ညွန့်ပေါင်းမဟာမိတ်အဖွဲ့ကို ရည်ညွှန်းကာ “ပြည်သူတို့၏ရွေးချယ်မှုနှင့် မဟာမိတ်များကို မဲပေးရန်” ကတိပြုခဲ့သော အထက်လွှတ်တော်အမတ်အချို့ကို ဖိထာက ချီးကျူးခဲ့သည်။ ပါလီမန် ပူးတွဲအစည်းအဝေးတွင် ၈ ပါတီမဟာမိတ်အဖွဲ့သည် အောက်လွှတ်တော် ကိုယ်စားလှယ် ၅၀၀ အနက် ၃၁၂ နေရာကို ထိန်းချုပ်ထားသည်။
“ဒီအခွင့်အရေးဟာ ထိုင်းနိုင်ငံရေးမှာ ပုံမှန်အခြေအနေပြန်ဖြစ်ဖို့ သမိုင်းဝင်အခိုက်အတန့်ဖြစ်ပါတယ်။ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်အမတ် ၇၅၀ လုံးဟာ ထိုင်းနိုင်ငံရေးကို ပုံမှန် ပြန်လည်ရောက်ရှိနိုင်စေပြီး ထိုင်းနိုင်ငံဟာ ကမ္ဘာနဲ့ အမီလိုက်နိုင်ဖို့ အခွင့်အရေးရှိပါတယ်” ဟု ဖိထာက ပြောသည်။
သူသည် ” ပြီးပြည့်စုံသော ဝန်ကြီးချုပ်” ဖြစ်မလာဘဲ သူသည် “အလုပ်အကြိုးစားဆုံး” ဖြစ်မည်ဟုလည်း ထောက်ခံသူများ စုရုံးပွဲတွင် ပြောသည်။
ဝန်ကြီးချုပ်ဖြစ်လာရန် ဖိထာသည် ပူးတွဲပါလီမန်အဖွဲ့ဝင် ၇၅၀ အနက် အများစု၏ ထောက်ခံမှု လိုအပ်ပြီး အနည်းဆုံး ၃၇၆ မဲရရန် လိုသည်။ ၈ ပါတီမဟာမိတ်သည် အနည်းဆုံး ၆၄ မဲ လိုအပ်သည်။
၎င်း၏ Move Forward ပါတီသည် ဘုရင်နှင့် တော်ဝင်မိသားစုများအား ဝေဖန်လျှင် ထောင်ဒဏ်ချမှတ်နိုင်သော ဥပဒေကို ပြင်ဆင်ရန် စီစဉ်ထားသောကြောင့် အထက်လွှတ်တော်အမတ်အများအပြားက ဖိထာကို မထောက်ခံနိုင်ကြောင်း အစောပိုင်းက ပြောကြားခဲ့သည်။
ဖိထာ၏ ဝန်ကြီးချုပ်ရာထူးသို့ သွားရာလမ်းတွင် ယခုအခါ ဖျက်သိမ်းပြီးဖြစ်သည့် သတင်းမီဒီယာ iTV plc တွင် ၎င်း၏ ယခင်က အစုရှယ်ယာများနှင့် အခြား ဆက်စပ်နေသည်များက အရည်အချင်းပြည့်မီမှုအတွက် အန္တရာယ်ရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ မီဒီယာအဖွဲ့အစည်းတခု၏ အစုရှယ်ယာရှင်တဦးအား အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် တားမြစ်ထားသည်။
ဖိထာသည် ပါလီမန် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅၁ ကို ဖောက်ဖျက်ခြင်း ရှိ၊ မရှိ ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးနေသည်။
ကိုးကား။ ။ Bangkok Post
You may also like these stories:
ဇူလိုင် ၁၃ ရက် ထိုင်းပါလီမန် ဝန်ကြီးချုပ် ရွေးချယ်ချိန် မဲနိုင်မည်ဟု ဖိထာ ယုံကြည်
ဒီမိုကရေစီလှိုင်းကြားက ထိုင်းစစ်တပ်
ဒီမိုကရေစီလိုလားတဲ့ လွှတ်တော်ဥက္ကဋ္ဌကို ထိုင်းပါလီမန်က ဝန်ကြီးချုပ် မဲပေးခါနီးမှာ ရွေးချယ်
ထိုင်းနိုင်ငံရေးတွင် သမိုင်းဒီရေမြင့်နေသည်
မြန်မာ့ငြိမ်းချမ်းရေး ကတိကဝတ်ကို ထိုင်းဝန်ကြီးချုပ်လောင်း ထပ်မံအတည်ပြု