မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခြင်းကြောင့် ရွှေနှင့် အိမ်ခြံမြေများကို ဝယ်ယူစုဆောင်းသူ ပိုများလာကြောင်း ရွှေနှင့် အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။
အမေရိကန်အစိုးရက မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အရေးယူ ပိတ်ဆို့မည်ဟု ဇွန် ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ပြီးနောက် ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခြင်းဖြစ်သည်။
ပိုက်ဆံ လက်ထဲထားလျှင် ငွေတန်ဖိုးကျုံ့ လာမည်ကို စိုးရိမ်၍ ရွှေ၊ အိမ်ခြံမြေ၊ ကား စသည့်တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သူ များလာခြင်းဖြစ်ပြီး ယင်းအခြေအနေများကြောင့် ရွှေနှင့် အိမ်ခြံမြေစျေးများလည်း တက်နေကြောင်း သိရသည်။
ပြည်တွင်းရှိ အိမ်ခြံမြေဈေးနှုန်းသည် နေရာအနေအထားပေါ်မူတည်၍ ယခင်ထက် နှစ်ဆကျော် မြင့်တက်ခြင်းများ ရှိလာသလို ပြည်တွင်း ရွှေဈေးမှာလည်း အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၃၂ သိန်းဝန်းကျင်အထိ ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။
ရန်ကုန်မြို့ရှိ အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီပိုင်ရှင်တဦးက “ငွေရေးကြေးရေး အနေအထားနဲ့ ငွေဖောင်းပွမှုကြောင့် တော်တော်များများက အိမ်ခြံမြေတွေကို ဝယ်ကြတယ်။ ရင်းနှီးမြှုပ်နှံမှု ပလန်နဲ့ ဝယ်ကြတယ်။ တချို့နေရာတွေဆိုရင် ဈေးတွေ တော်တော်များများ နှစ်ဆလောက်ထိ ခုန်တက်သွားတာ။ ဟိုအရင်တုန်းက ပေါက်ခဲ့တဲ့ ဈေးတွေ နီးပါး ပြန်ဖြစ်ကုန်တာပေါ့။ ၂၀၁၄၊ ၂၀၁၅ က ဈေးမျိုးတွေ ပြန်ဖြစ်ကုန်တာပေါ့။ တကယ်ပြောရရင် ပုံမှန် တက်တဲ့ ဈေး မဟုတ်ဘူး။ လူတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့်၊ ငွေကြေး ဖောင်းပွမှုကြောင့် တက်လာတာ”ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။
အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသည့်အပိုင်းတွင် ကွန်ဒို၊ တိုက်ခန်းများထက် မြေကွက်အရောင်းအဝယ်မှာ ပိုဖြစ်နေကြောင်း၊ ရန်ကုန်မြို့တွင် ပျမ်းမျှအားဖြင့် ငွေပမာဏ ကျပ်သိန်း ၅ ထောင်ပတ်ဝန်းကျင် မြေကွက်များအဝယ်လိုက်နေပြီး မြောက်ဒဂုံရှိ မြေကွက်များမှာ ယခင်ထက် နှစ်ဆ၊ သုံးဆအထိ မြင့်တက်မှုများ ရှိလာကြောင်း ၎င်းက ဆက်ပြောသည်။
ဆက်လက်၍ အထက်ပါ လုပ်ငန်းရှင်က “အဓိက မြေတွေဝယ်ကြတယ် အဲ့လိုမျိုးဆိုတော့ အတိုင်းအတာတခုထိက တက်မှာ၊ အခုကားဈေးတွေတောင် တက်နေတာ။ ရန်ကုန်မှာဆိုရင် အကြမ်းဖျင်း ငွေပမာဏကျပ်သိန်း ၅ ထောင် ပတ်ချာလည် မြေကွက်တွေ အဝယ်လိုက်ပြီး တအားကြီး တက် သွားတာ။ မြို့ထဲပိုင်းကျတော့ လမ်းမတန်းနဲ့ လုပ်ငန်း လုပ်လို့ရတဲ့ နေရာတွေကတော့ ဈေးတွေက နှစ်ဆ လောက် ခုန်တက်ကုန်တယ်။ အဲ့လိုမဟုတ်ဘဲနဲ့ ပုံမှန်စီးပွားရေး လုပ်လို့မရ၊ နေဖို့ သက်သက်ကျတော့ အဲ့လောက်ကြီး မတက်ဘူး။ ပုံမှန်လေးပဲရှိပါတယ်။ အချိန်တခုထိတော့ ကျဖို့ မမြင်သေးပါဘူး”ဟု လက်ရှိအခြေအနေကို ပြောသည်။
ရန်ကုန်မြို့စွန်ရှိ ကျပ်သိန်း ၂၀၀၀ ဝန်းကျင်ရှိသောမြေကွက်ကျယ်များမှာ ကျပ်သိန်း ၃၀၀၀ ကျော်အထိ မြင့်တက်လာသလို လမ်းမတန်းဝန်းကျင်ရှိ မြေများသည် ကျပ်သိန်း သောင်းဂဏန်းဝန်းကျင်ပင် ရှိလာကြောင်း၊ ပြီးခဲ့သည့် လပိုင်း အတွင်းက ပေ ၂၀၊ ပေ ၆၀ မြေကွက်တကွက်လျှင် ကျပ် သိန်း ၂၀၀ ဝန်းကျင်ရှိရာမှ ယခုအချိန်တွင် ကျပ်သိန်း ၄၀၀ ဝန်းကျင်အထိ မြင့်တက်လာခြင်းများပင် ရှိနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံက သိရသည်။
အလားတူ ရင်းနှီးမြှုပ်နှံမှု ဈေးကွက်တခုဖြစ်သည့် ရွှေဈေးကွက်တွင်လည်း လက်ထဲတွင်ငွေပိုငွေလျှံရှိ သူများက ရွှေ တမတ်သားမှစ၍ တဆယ်သား၊ နှစ်ဆယ်သားခန့်အထိ ဝယ်ယူစုဆောင်းခြင်းများ ရှိနေသဖြင့် စစ်ကောင်စီက ရွှေကုန်သည်များကို ဖမ်းဆီးကာ ထိန်းချုပ်မှုများ ရှိနေသည့်ကြားမှပင် ရွှေဈေးနှုန်းမှာဆက်လက် မြင့်တက်နေဆဲ ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များထံက သိရသည်။
ရန်ကုန်မြို့ရှိ ဝါရင့် ရွှေလုပ်ငန်းရှင်တဦးက “လက်ထဲမှာ ငွေပိုနေတဲ့သူက ရွှေက တမတ်သား၊ ငါးမူးသား၊ တကျပ်သားက အစ တဆယ်သား၊ နှစ်ဆယ်သား အဲ့လိုမျိုးတွေ ဝယ်တာ ရှိပါတယ်။ ငွေမထားချင်ဘူးပေါ့နော်။ တချို့သူတွေကျတော့လည်း ကားဝယ်၊ မြေဝယ်တယ် အစုံပါပဲ။ ငွေတန်ဖိုးက ကျနေတာကြောင့်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ ပြင်ပရွှေဈေးကွက်တွင် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ၃၂ ကျပ်ဝန်းကျင်အထိ ရှိနေပြီး စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းရုံးတွင်မူ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၂၂ သိန်းကျော် နှင့်ဈေးဖွင့်ထားသဖြင့် ပြင်ပဈေးနှင့် နှိုင်းယှဉ်လျှင် ကျပ် ၁၀ သိန်းခန့် ကွာဟချက် ရှိနေသည်။
၂၀၂၃ခုနှစ် ဇွန်လ ၂၇ ရက်နေ့ ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်အရ မြန်မာ့ငွေကြေး ဖောင်းပွမှုနှုန်းသည်၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ၆ ရာခိုင်နှုန်း ရှိခဲ့ရာမှ စစ်တပ်အာဏာ သိမ်း ပြီး တနှစ် နီးပါးတွင် ၉ ဒသမ ၈ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး ယခု ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ၁၄ ရာခိုင်နှုန်းကျော် ရှိနေနိုင်ကြောင်း ခန့်မှန်းထားသည်။
You may also like these stories:
နိုင်ငံပိုင်ဘဏ်၂ ခု အမေရိကန်ပိတ်ဆို့အရေးယူမှု စစ်ကောင်စီကို အကျပ်ရိုက်စေ
ဒေါ်လာဈေးတက်နေချိန် အရောင်းအဝယ်သမားအချို့ စစ်ကောင်စီ ဖမ်းဆီး
နှိပ်ကွပ်နေသည့် ကြားမှပင် ဒေါ်လာနှင့် ရွှေဈေး ထပ်တက်လာပြန်
ဘဏ်နှစ်ခု ဒဏ်ခတ်ခံရမည့်သတင်းကြောင့် ဒေါ်လာဈေး ၃၀၀၀ ကျော်ထိ မြင့်တက်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဇောက်ထိုးဆင်းနေ