ဝင်းနဲ့ ဇော်လို့ လူသိများတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဟာ လိပ်ကျွန်းလူသတ်မှုကြောင့် ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင် ဘန် ခွမ် ဗဟိုထောင်ကြီးမှာ အကျဉ်းကျနေတာ အခုဆိုရင် ၈ နှစ်ကျော်လာပြီ ဖြစ်ပါတယ်။
အရင်ကတော့ သူတို့ နှစ်ဦးအမှုကို လူအများ စိတ်ဝင်စားခဲ့ကြပေမယ့် နောက်ပိုင်းတော့ ကိုဗစ်ကမာ္ဘ့ကပ်ရောဂါဆန်းရယ် ဆင်ခြင်ဉာဏ်မဲ့တဲ့ အာဏာရူးတယောက်ရယ်ကြောင့် တိုင်းပြည် ကြေမွသွားရတဲ့အတွက် ဝင်းနဲ့ဇော် အဖြစ်ဟာလည်း ဒီဝဲ ဂယက်တွေကြား တိမ်မြုပ်သွားခဲ့ရတယ်လို့ ဆိုရမှာပါ။
ထိုင်းနိုင်ငံရဲ့ နရသိန် အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ သူတို့နှစ်ဦးအဖို့တော့ မိခင်တိုင်းပြည်က အဖြစ်အပျက်တွေကို အနည်းအကျဉ်း ကြားသိနိုင်မှာ ဖြစ်ပေမယ့် ကိုယ်တိုင်ခံစားရတာ မဟုတ်တာကြောင့် ငါတို့ နှစ်ယောက်ကို မြန်မာပြည်က လူတွေ ငါတို့ကို မေ့များသွားကြပြီလားလို့ စိတ်ထဲမှာတော့ ထင်ကောင်းထင်နေပါလိမ့်မယ်။
ဒီအတွက်လည်း ပြီးခဲ့တဲ့ ဧပြီလအတွင်းကတော့ ဟိုတုန်းက သူတို့အမှုကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ ထိုင်းတောင်ပိုင်းက ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့ အလုပ်သမားရေး တာဝန်ခံ ဦးမင်းဦးဆီကို ဇော်လင်းက စာ တစောင် ပို့ခဲ့ပါတယ်။
ထိုင်းထောင်အတွင်းမှ ပေးစာတစောင်လို့ ဆိုရမယ့် ဇော်လင်းရဲ့ စာထဲမှာတော့ သူတို့ကို မြန်မာအသိုင်းအဝိုင်းက အထူး သဖြင့် မြန်မာသံရုံးက ထောင်ဝင်စာ မတွေ့တာ ၃ နှစ်ကျော်ပြီ၊ သံရုံးကို စာရေးရင်လည်း အကြောင်းမပြန်ဘူး၊ ထောင်သား မို့လို့ အဖက်မလုပ်ချင်တာများလား၊ တကယ်တော့ ကျနော်တို့က တခြားအကျဉ်းသားတွေလို အပြစ်ရှိတဲ့ ထောင်သား မဟုတ်ပါဘူး၊ အပြစ်မဲ့တဲ့ အကျဉ်းသားတယောက်ပါ၊ တကယ်လို့များ ဘန်ကောက်မြန်မာသံရုံးနဲ့များ အဆက်အသွယ်ရှိရင် သူတို့အတွက် စိတ်ခွန်အားဖြစ်စေမယ့် စာရေးဖို့ ဒါမှမဟုတ် ထောင်ဝင်စာတွေ့ဖို့ စာထဲမှာ ဆိုထားပါတယ်။
တကယ်လည်း ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဟာ လိပ်ကျွန်းလူသတ်မှုမှာ ကျူးလွန်ခဲ့သူတွေ မဟုတ်ဘူးဆိုတာ အများက လက်ခံယုံကြည်ထားပြီးသားဖြစ်သလို အသွားမတော်တလှမ်းကြောင့်သာ ဖြစ်သွားခဲ့ရတာပါ။ ဘယ်လိုပဲဖြစ်စေ ဥပဒေ ရှုထောင့်က ကြည့်ရင်တော့ ပြစ်မှုထင်ရှားနေတာကြောင့် သေဒဏ်ချမှတ်ခံခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ တသက် တကျွန်း ပြစ်ဒဏ်ကို ပြောင်းသွားခဲ့ပါတယ်။
ပြစ်ဒဏ်ကျခံခဲ့ရပြီး နောက်ပိုင်းတော့ ပွဲပြီးမီးသေဆိုသလို ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အပါအဝင် လူနည်းစုကလွဲလို့ ကျန်သူတွေကတော့ သူတို့နှစ်ဦးအမှုကို စိတ်ဝင်စားသူနည်းပါးသွားတယ်လို့ ဆိုရမှာပါ။ ဒီအဖွဲ့အစည်း တွေအနေနဲ့လည်း ကိုဗစ်ကာလမှာ ထိုင်းထောင်တွေ ထောင်ဝင်စာ ပိတ်တာရယ် နယ်ကျော် ခရီးသွားခွင့် အခက်အခဲ တွေရယ်ကြောင့် လာရောက် တွေ့ဖို့ဆိုတာ ပိုဝေးသွားခဲ့တာပေါ့။
ထိုင်းရောက် မြန်မာတွေအရေး ဘယ်တုန်းကမှ စိတ်ဝင်စားဟန် မပြခဲ့တဲ့ ဘန်ကောက် မြန်မာသံရုံးလည်း အစပိုင်းမှာ ဒီအမှုဟာ လူအများ စိတ်ဝင်တစားရှိတာရယ်၊ ဖိအားတွန်းအားတွေရယ်ကြောင့် ကော်မတီဖွဲ့ပြီး ထဲထဲဝင်ဝင် ဆောင်ရွက် ခဲ့ပေမယ့် နောက်ပိုင်း ကိုဗစ်ကာလမှာတော့ သံတမန်နည်းလမ်းနဲ့ ရယူနိုင်တဲ့ အခွင့်အရေးကိုတောင် မရယူတော့ဘဲ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းဆီကို သွားမတွေ့တော့ပါဘူး။
ဇော်လင်းရဲ့ စာထဲမှာပါတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ အကျိုးအကြောင်းသိရဖို့ ဧရာဝတီက ဘန်ကောက် မြန်မာ သံရုံးကို ဖုန်းဆက်ပြီး မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒီအမှုမှာ လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေ ဦးအောင်မျိုးသန့်ကတော့ “အရင်တုန်းက သံအမတ်ကြီးတွေနဲ့ သွား သွား တွေ့ခဲ့တယ်။ အခုတော့ ကိုဗစ်နောက်ပိုင်းတွေ့တာ ကျဲသွားတယ်။ သူတို့တွေလည်း ကျန်းမာရေးကောင်းတဲ့ အနေအထား မျိုးဆိုတော့ ထူးထူးခြားခြားတော့ မရှိပါဘူး” လို့ ပြောပါတယ်။
သူ့အနေနဲ့ကတော့ မြန်မာသံရုံးက တွေ့ခိုင်းခဲ့တဲ့အခါ သွားတွေ့ခဲ့ပြီး အကြောင်းကိစ္စ ထွေထွေထူးထူး မရှိတာရယ် အမှုကိစ္စ ပြီးသွားတာရယ်ကြောင့် သွားရောက် တွေဆုံခြင်း မရှိတော့တာလို့ ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ဒေါ်အောင်ဆန်းစုကြည်အစိုးရထံက စစ်တပ်အာဏာသိမ်းတာကို ပြည်သူများက ဆန့်ကျင် တာကြောင့် စစ်သားလူထွက် အများစုကို သံအမတ်ခန့်ထားတဲ့ ပြည်ပသံရုံးတော်တော်များများဟာလည်း အဝေးရောက် နိုင်ငံသားတွေအပေါ်မှာ ဦးသိန်းစိန်တို့ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရတွေ လက်ထက်တုန်းကလို အချိုပေါ် သကာ လောင်း ဆက်ဆံရေးမျိုး မဟုတ်တော့ဘဲ မူလသရုပ်မှန်အတိုင်း တင်းတင်းမာမာ ဆက်ဆံလာတာကို တွေ့ရပါတယ်။
ဘန်ကောက် မြန်မာသံရုံးနဲ့ ချင်းမိုင်က ကောင်စစ်ဝန်ရုံးတို့ရဲ့ လက်ရှိအခြေအနေကတော့ အများသိတဲ့အတိုင်း ထိုင်းရောက် မြန်မာတွေအပေါ် အလုပ်ရှင်ရဲ့ မတရားဖိနှိပ်ခေါင်းပုံဖြတ်တာ မခံရဖို့ စတာတွေမှာ မားမားမတ်မတ် ရပ်တည်ကူညီရမယ့် အစား နူရာဝဲစွဲ လဲရာသူခိုးထောင်းလို့ဆိုရမယ့် ငွေရပေါက်ရလမ်းဖြစ်တဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းဖို့ကိစ္စမှာသာ ရေနစ်သူ ဝါးကူထိုးတဲ့ လုပ်ရပ်မျိုးတွေလုပ်နေတာ ဒီ ၂ နှစ်တာအတွင်းမှာ ထင်ထင်ရှားရှားပါပဲ။
ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့ အလုပ်သမားရေး တာဝန်ခံဦးမင်းဦးကတော့ “လျစ်လျူရှုခံထား ရတယ်လို့ ပြောရင်လည်း စိတ်ဆိုးကြဦးမယ်။ သူတို့တွေအနေနဲ့ လုပ်မယ်ဆိုရင် လုပ်လို့ရတာပဲ။ သူတို့ပဲ တရားဝင် အခွင့် အာဏာရှိတာ။ လွတ်ငြိမ်းချမ်းသာထဲပါမလား ကြည့်ပေးတာတို့ ပြစ်ဒဏ်လျှော့ပေါ့တဲ့ထဲ ပါမပါ ကြည့်ပေးတာတို့လောက်ပဲ လုပ်ပေးတာများတယ်။ နေပြည်တော်က ရာထူးရှိသူတွေ လာရင်တော့ ဒီဘက်က သံရုံးဘက်နဲ့ ရှေ့နေက သွားတွေ့တာမျိုး တွေရှိတယ်။ ဒီတိုင်းဆိုရင်တော့ မသွားကြဘူး” လို့ မြန်မာသံရုံး လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဒီလို ဆိုလာပါတယ်။
သူတို့ FED အဖွဲ့အနေနဲ့ကတော့ ကိုဗစ်ကာလ ထိုင်းအကျဉ်းထောင်တွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားချိန်မှာ သွား ရောက် တွေ့ဆုံခွင့် မရပေမယ့် ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့အတွက်တော့ ထောင်ထဲမှာ သုံးဖို့ငွေကြေး၊ ခွင့်ပြုချက်ရထား တဲ့ အသုံးအဆောင်နဲ့ သူုတို့နှစ်ဦးအတွက် စာ စတာတွေကိုတော့ အဆက်မပြတ် ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။
တကယ်တော့ သံရုံးဆိုတာ အဲဒီနိုင်ငံမှာ တရားဝင်ရော တရားမဝင်ပါ ရောက်နေတဲ့ မိမိနိုင်ငံသားတွေအပေါ် စောင့်ရှောက် ဖို့ ဝတ္တရားရှိသလို ပြည်ပမှာ အတိဒုက္ခရောက်နေတဲ့ မိမိနိုင်ငံသားတွေအပေါ် လူသားချင်းစာနာစိတ် အပြည့်ထားပြီး စည်း မျဉ်းစည်းကမ်း မူဘောင်ထဲက ကူညီစောင့်ဖို့ အခါမလပ် ကြိုးစားရမှာ မဟုတ်ပါလား။
ရခိုင်ပြည်နယ်မှာနေကြတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ မိဘတွေဟာ အရင် ကိုဗစ်ကာလ မတိုင်မီ ၂၀၂၁ ခု အစောပိုင်း ကာလတွေမှာ ထောင်ဝင်စာ ၂ ကြိမ် လာရောက် တွေ့ဆုံခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ စီးပွားရေး အဆင်မပြေမှုတွေ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လာရောက်တွေ့ဆုံဖို့ အဆင်မပြေနိုင်ခဲ့ပါဘူး။
မြန်မာသံရုံးက ထိုင်းအကျဉ်းထောင်ထဲ မြန်မာနှစ်ဦးအပေါ်မှာ စောင့်ရှောက်ဖို့ ပျက်ကွက်လာပေမယ့် အီဗလင်း (Evelyne Ausoleil) ဆိုတဲ့ ဆွစ်ဇာလန်နိုင်ငံသူကတော့ သူတို့နှစ်ဦးလွတ်မြောက်ရေးအတွက် နိုင်ငံတကာက အာရုံစိုက်လာစေဖို့ကို တောက်လျှောက်ဆောင်ရွက်ပေးနေသလို သူတို့နှစ်ဦးရဲ့ မိဘတွေ ရှိရာ ရခိုင်ပြည်နယ်ကို သွားပြီးတော့လည်း နှစ်သိမ့်အား ပေးမှု လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ငွေကြေး ထောက်ပံ့မှုလည်း မပြတ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဝင်းဇော်ထွန်းနဲ့ ဇော်လင်းဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ရက်က လိပ်ကျွန်းကမ်းခြေအနီး ဗြိတိန်နိုင်ငံသားနှစ်ဦး ဖြစ် တဲ့ ဒေးဗစ်မေလာ (၂၄နှစ်) နဲ့ ဟန်နာဝစ်သာရစ်ဂျ် (၂၃နှစ်) တို့ စုံတွဲ ဒဏ်ရာများနဲ့ သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး ထိုင်းရဲ တပ်ဖွဲ့က သူတို့နှစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းလုယူမှု အပါအဝင် အမှု ၇ မှုနဲ့ တရားစွဲခဲ့ပြီးတော့ ၂၀၁၅ ခုနှစ်မှာ သေ ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ နောက်တော့ သေဒဏ်ကနေ တသက်တကျွန်း ပြောင်းလဲချမှတ် ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာတော့ ထိုင်းဘုရင်နဲ့ သူရဲ့မယ်တော်ကြီး မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်းအကျဉ်းထောင်တွေထဲ က အကျဉ်းသား ၁ သိန်းကျော်ကို ပြစ်ဒဏ်လျှော့တာတွေ၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာတွေ လုပ်ခဲ့ပေမယ့် သူတို့ နှစ်ဦး တော့ မပါခဲ့ပါဘူး။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတော့ ဩစတြေးလျနိုင်ငံသား ရှေ့နေ Mr. Lan Yarwood က သူတို့နှစ်ဦး လွတ်မြောက်ရေးအတွက် စာမျက်နှာ ၉ မျက်နှာပါ အသနားခံစာကို ထိုင်းဘုရင်ထံ တင်ခဲ့ရာမှာ အကျဉ်းကျခံနေရတဲ့ သူတို့နှစ်ဦးဟာ ဒီအမှုကို တကယ် ကျူးလွန်ခြင်းမရှိသလို ဆင်းရဲနွမ်းပါးပြီး ရခိုင်ဒေသကနေ ထိုင်းမှာလာ အလုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ် တာကြောင့် မိဘတွေဆီကို ပြန်ပို့ပေးဖို့ ရေးသားခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာသံရုံးအသိုင်းအဝိုင်း ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ အပေါ် လျစ်လျူရှုထားခဲ့ကြပေမယ့် ကျောက် ဖရားမှသည် ဧရာဝတီ ဇာတ်ကားနဲ့ ထိုင်းအနုပညာအသိုင်းအဝိုင်းမှာ ထင်ရှားခဲ့တဲ့ သရုပ်ဆောင်ဒေါင်းကတော့ မကြာသေး မီကပဲ သူတို့နှစ်ဦးဆီ အားပေးစကားပြောကြားခဲ့တဲ့ စာ ပေးပို့ခဲ့ပါတယ်။
ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အဖွဲ့ အလုပ်သမားရေး တာဝန်ခံ ဦးမင်းဦးကတော့ ထိုင်းထောင်တွင်း က စာလေးတစောင် ပို့ပေးခဲ့တဲ့ ဇော်လင်းတို့နဲ့ ပတ်သက်ပြီး သူ့ရဲ့ Facebook မှာ အခုလို ရေးသားခဲ့ပါတယ်။
“ဇော်လင်းရေ ….. “
စာမရေးဖြစ်တာ ခွင့်လွှတ်ပါ ညီငယ်တို့၊ ထောင်ဝင်စာ အရင်ကလို လာတွေ့ဖို့ကလည်း သံရုံးရဲ့ ထောက်ခံချက်နဲ့မှဆိုတော့ ခက်တယ် ညီချေတို့ရာ.. အရင်ကလို မဟုတ်တော့ဘူးကွာ။ ပြည်ထဲမှာလည်း စစ်ပမ်း လတ်တလောလည်း လေကကြမ်း လိုက်သေးနဲ့ သေကြ နွမ်းကြနဲ့ ဖြစ်နေကြတာ မင်းတို့ သိကောင်းသိလောက်ရဲ့.. အစ်ကိုတို့လည်း လိပ်ကျွန်း ကော်မတီဝင် အဖြစ်က အလိုလိုပျက်ပြယ်လို့ စာရင်း မပါခဲ့တာကြာပေါ့၊ ဘာမဟုတ် ညာမဟုတ် ဘာကိုမှ လုပ်မရတာဟာ ကိုဗစ်ကာ လမှာ သိသာခဲ့ပြီး၊ တိုင်းပြည် အာဏာသိမ်းတော့ တို့ ကရမဲ့ ဇာတ်အခန်းက ပိုရှင်းသွားတယ်၊ မင်းတို့ဆီ စာဆက်ဆက် ရေးပါ့မယ်။ မင်းတို့မိဘတွေလည်း မင်းတို့ကို တွေ့ဖို့လာကြဖို့ရှိတယ်။ စီစဉ်နေကြတာကြာပြီ အခုလိုစီစဉ်နေတုံး “မိုခါ”ဟာ သူတို့ကို အနှောင့်အယှက်ကြီးများ ဖြစ်ခဲ့လေရော့သလား အစ်ကိုကြီး မသိရသေးဘူး… မကြားချင်သူတွေ ကြားအောင် သိအောင် ကြိုးစားပေးပါ့မယ်ကွာ၊ ထပ်ပြောပါရစေ အကြောင်းစုံကို မင်းတို့ဆီ စာဆက်ဆက် ရေးလိုက်ပါမယ်၊ အမြန်ဆုံး အထီးကျန်နေကြတဲ့ အကျဉ်းစံများ ဘဝကနေ လွတ်မြောက်နိုင်ကြပါစေကွာ။
You may also like these stories:
ထိုင်းဘုရင် လွတ်ငြိမ်းချမ်းသာခွင့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ မပါသေး
ဝင်းနှင့်ဇော် အတွက် ထိုင်းဘုရင်ထံ အသနားခံစာ ယခုလ ၂၁ ရက်၌ တင်ရန် စီစဉ်
လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာ ၂ဦးကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်