စင်္ကာပူမှ United Overseas Bank (UOB) သည် မြန်မာစစ်ကောင်စီနှင့် ပတ်သက်နေသော Myanmar Airways International (MAI) ၏ ငွေစာရင်းများကို ယခုလ အစောပိုင်းမှ စတင်ပြီး ကန့်သတ်ချက်များနှင့် ပိုမိုမြင့်မားသည့် စုံစမ်းစစ်ဆေးမှုလုပ်ငန်းများ စတင်ပြီး သြဂုတ်လ ၁၅ ရက်နေ့တွင် ပိတ်သိမ်းတော့မည် ဖြစ်သည်။
ထိုငွေစာရင်းများကို ဆက်လက်ထားရှိရန် MAI က မေတ္တာရပ်ခံသော်လည်း UOB သည် ထို ဘဏ်စာရင်းများကို ပိတ်ရန် ဆက်လက်အခိုင်အမာ ဆုံးဖြတ်ကြောင်း မကြာမီက MAI ၏ စီးပွားရေးမိတ်ဘက်များထံ ပေးပို့သည့် စာများက အတည်ပြုသည်။
ထိုလေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် ဆာရာဗန်နန် ရာမာဆာမိက လက်မှတ်ရေးထိုးထားသည့် စာတွင် UOB က မည်သည့်အတွက် MAI ၏ငွေစာရင်းကို ပိတ်လိုက်ကြောင်း မဖေါ်ပြထားသော်လည်း ထိုသို့ ပိတ်ပင်လိုက်ခြင်းသည် လွန်ခဲ့သောလက နိုင်ငံတကာ ငွေပေးငွေယူပြုလုပ်သော မြန်မာနိုင်ငံပိုင် ဘဏ် ၂ ခုကို အမေရိကန် ပြည်ထောင်စုက အရေးယူပိတ်ဆို့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
စစ်ကောင်စီသည် ထိုဘဏ် ၂ ခုကို လက်နက်နှင့် ၎င်း၏ အကြမ်းဖက်မှု ဖိနှိပ်မှုများ ဆက်လက်ပြုလုပ်နိုင်စေမည့် ပစ္စည်းများအတွက် ငွေပေးချေရေး လွယ်ကူစေရန် သုံးသည်ဟု အမေရိကန် ပြည်ထောင်စုက ပြောသည်။
MAI မှပေးပို့စာတွင် UOB သည် ၎င်းတို့ဘဏ်မှ MAI ငွေစာရင်း ၅ ခုကို သြဂုတ်လ ၁၅ ရက် နေ့တွင် ပိတ်ပင်မည်ဖြစ်သည်။ ထိုစာတွင် UOB အမှုဆောင်များက ထိုငွေစာရင်း ၅ ခုကို ဖျက်သိမ်းမည့် လုပ်ငန်းအဆင့်ဆင့်ကို ဖေါ်ပြထားပြီး ထိုသို့ ဖျက်သိမ်းသည့် လုပ်ငန်းစဉ်များအတွင်း ထိုငွေစာရင်းများကို ပိုမိုစောင့်ကြည့်ကာ ငွေပေးချေမှုနှင့် ကောက်ခံမှု နှောင့်နှေးမှုများလည်း ရှိမည်ဟု ဖေါ်ပြထားသည်။
MAI ငွေစာရင်းများသည် ငွေသားနှင့် ချက်ငွေဖြည့်သွင်းမှုများကို ဇူလိုင်လ ၁ ရက်နေ့မှ စတင် မလုပ်ကိုင်နိုင်တော့ကြောင်း ထို အီးမေးလ်အရ သိရသည်။ MAI ငွေစာရင်းသို့ ငွေပေးချေမှုများကို ဇူလိုင်လ ၂၁ ရက်နေ့မှ စတင် ကန့်သတ် ပိတ်ဆို့မည်ဖြစ်သည်။ ထိုငွေစာရင်းများကို သြဂုတ်လ ၁၅ ရက်နေ့တွင် ဖျက်သိမ်းမည်ဖြစ်ပြီး ကျန်ငွေအားလုံးကို ငွေလွှဲထုတ်ပေးမည်ဖြစ်သည်” ဟု UOB အမှုဆောင်အဖွဲ့ ပြောသည်။
MAI ကို 24 Hour Group of Companies ဥက္ကဋ္ဌ ခရိုနီ ဦးအောင်အောင်ဇော် ပိုင်ပြီး Air KBZ လေကြောင်းလိုင်းကိုလည်း စီမံသည်။
ထိုလေကြောင်းလိုင်း ၂ ခုလုံးကို KBZ Group of Companies ပိုင်ရှင် ခရိုနီချုပ်မှူးကြီး ဦးအောင်ကိုဝင်းက ယခင်က ပိုင်သည်။ ထိုကုမ္ပဏီ ၂ ခုလုံးက အသေးစိတ်များကို မပြောပေ။
MAI နှင့် မြန်မာလေတပ်သည် လေယာဉ်များကို မျှေ၀ သုံးစွဲပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် MAI လေယာဉ်များကို ၎င်းတို့ လက်နက်ဝယ်ယူသည့် ရုရှားအပါအဝင် နိုင်ငံတကာခရီးစဉ်များအတွက် သုံးသည်။
24 Hour Group businesses များနှင့် စစ်ကောင်စီအကြား ကျယ်ပြန့်သော အချိတ်အဆက် အသေးစိတ်ကို လူ့အခွင့်အရေးအဖွဲ့ Justice For Myanmar က ဖေါ်ပြခဲ့သည်။ ထိုအချိတ်အဆက် များတွင် ကြီးမားသော ထုံးကျောက်မိုင်းနှင့် ကျောက်မီးသွေး မိုင်းများသာမက ရခိုင်ပြည်နယ် မြို့တော် စစ်တွေရှိ ရိုဟင်ဂျာများထံမှ သိမ်းထားသည့် ကမ်းခြေမြေနေရာမှ ဆောက်လုပ်ရေးလုပ်ငန်းများလည်း ပါဝင်သည်။
၎င်းတို့၏ စာတွင် MAI က အခြားဘဏ်များတွင် စာရင်းအသစ်ဖွင့်နေကြောင်း ပြောသည်။
“သိသာသော တိုးတက်မှုများရနေပြီး ထိုဘဏ်အကောင့်များ ဖွင့်လှစ်သည့် နောက်ဆုံးအဆင့်သို့ ရောက်နေသည်” ဟု MAI အမှုဆောင်အရာရှိချုပ်က စာတွင် ဖေါ်ပြထားပြီး ၎င်းတို့အနက် ၃ ခုမှာ စင်္ကာပူမှ DBS၊ ထိုင်းမှ Kasikorn Bank နှင့် ဒူဘိုင်းမှ Emirates NDB တို့ ဖြစ်သည်။
စင်္ကာပူသည် မြန်မာမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ အကြီးမားဆုံး ရင်းမြစ်ဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ ခရိုနီများ အကြိုက်ဆုံးနေရာဖြစ်သည်။ ၎င်းတို့သည် စင်္ကာပူသို့ ဆေးကုရန်ဖြစ်စေ၊ အပမ်းဖြေရန်ဖြစ်စေ၊ လက်ဝေခံများ၏ ငွေစာရင်းတွင် ငွေကြေး ခိုးဝှက်ထည့်သွင်းရန်ဖြစ်စေ မကြာခဏ သွားရောက်ကြသည်။ စင်္ကာပူ ကုမ္ပဏီ အများအပြားသည် မြန်မာစစ်ကောင်စီနှင့် ၎င်း၏လုပ်ငန်းစုများနှင့် စီးပွားရေး အဆက်အစပ်ရှိသည်။
အာဏာသိမ်းပြီးနောက်တွင် စင်္ကာပူသည် စစ်ကောင်စီအပေါ်ဘာဏ္ဍာရေး သြဇာ မြင့်မားလာသည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက် ချိုးလက်သည် မြန်မာစစ်ကောင်စီ၏ ပြည်ပဘဏ္ဍာရေး ပိုင်ဆိုင်မှုများကို ကန့်သတ်မည့် နည်းလမ်းများကို ဆွေးနွေးရန် စင်္ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့မှ အရာရှိများနှင့် တွေ့ဆုံသည်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ တွမ် အင်ဒရူး၏ အစီရင်ခံစာတွင် စင်ကာပူနိုင်ငံမှ ကုမ္ပဏီအများအပြားသည် မြန်မာစစ်ကောင်စီသို့ စစ်ရေးနှင့်ပတ်သက်သော ပစ္စည်းများ တင်ပို့ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုအစီရင်ခံစာအကြောင်း စင်ကာပူပါလီမန်တွင် အကြိတ်အနယ်ဆွေးနွေးမှု တခုတွင် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က မြန်မာသည် ဘဏ္ဍာရေး အရေးယူမှုလုပ်ငန်းအဖွဲ့ (FATF) ၏ အမည်ပျက်စာရင်းတွင် ပါဝင်သောကြောင့် စင်ကာပူမှ ဘဏ္ဍာရေးအဖွဲ့အစည်းများသည် မြန်မာမှ အန္တရာယ်ကြီးမားသည့် ဖောက်သည်များနှင့် ငွေပေးငွေယူများတွင် လုံလောက်သော လုံ့လစိုက်ထုတ်မှု ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောခဲ့သည်။
You may also like these stories:
နိုင်ငံပိုင် ရေနံဓာတ်ငွေ့လုပ်ငန်းကို စစ်ကောင်စီ ဝင်ရောက်စီးနင်း
NLD အစိုးရကြောင့် စီးပွားရေးအကျပ်အတည်းဖြစ်ဟု စစ်ခေါင်းဆောင် အပြစ်တင်
မြန်မာပြည်တွင် ဒေါ်လာဈေး ၃ မျိုးဖြစ်လာပြီ
ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျသဖြင့် ရွှေနှင့် အိမ်ခြံမြေ ဝယ်စုသူ ပိုများလာ
ဘဏ်နှစ်ခု ဒဏ်ခတ်ခံရမှုဟာ စစ်ကောင်စီရဲ့ အသည်းနှလုံးကို ထိတာပဲ