ထိုင်း ရွေးကောက်ပွဲကော်မရှင်က Move Forward ပါတီခေါင်းဆောင် ဖိထာ လင်မ်ဂျာဂျွန်ရတ်၏ သတင်းရုပ်သံဌာနဟောင်းတခု၏ ရှယ်ယာပိုင်ဆိုင်မှု ကိစ္စကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ တရားရုံးတင်လိုက်ပါက ကြာသပတေးနေ့တွင် ကျင်းပမည့် ဝန်ကြီးချုပ်လောင်း ရွေးချယ်မည့် မဲခွဲပွဲတွင် အထက်လွှတ်တော်အမတ်များကို သြဇာသက်ရောက်နိုင်သည် ဟု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် ပညာရှင်ဟောင်းတဦးက ဘန်ကောက်ပို့စ် သတင်းစာကို ပြောလိုက်သည်။
ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဟောင်း ဆွမ်ချိုင်း သီရိသုတီရာကွန်က ထိုအမှုကို အထက်ပါ တရားရုံးက စဉ်းစားသုံးသပ်ရန် လက်ခံပါက ဖိထာကို ပါလီမန်ကိုယ်စားလှယ်အဖြစ်မှ ဆိုင်းငံ့ပြီး ထိုသို့ဖြစ်လျှင် ကြာသပတေးနေ့မဲခွဲပွဲကို သက်ရောက်မှုရှိကြောင်း သူပြောသည်။
ဖိထာသည် ပါလီမန်အတွင်းသို့ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ခွင့်မရသော်လည်း ဝန်ကြီးချုပ်လောင်းအဖြစ် ဝင်ရောက်နိုင်ကြောင်း သူပြောသည်။
ထိုသို့ဖြစ်သောကြောင့် အထက်လွှတ်တော်အမတ်များသည် ဖီထာ တရားမဝင်ခြင်းကြောင့် မဲခွဲခြင်းသည် ပြဿနာရှိသည်ဟု ဆိုကာ မဲမပေးဘဲနေနိုင်ကြောင်း သူပြောသည်။
တဦးတည်းသော ဝန်ကြီးချုပ်လောင်း ဖီထာသည် ယခုအခါ အလုပ်မလုပ်တော့ဘဲ လုပ်ငန်းလိုင်စင်ကိုပင် အခြားလက်ထဲ ရောင်းချပြီးဖြစ်သော တီဗီသတင်းဌာန iTV ရှယ်ယာ ၄၂၀၀ ပိုင်ဆိုင်သည်ဟုဆိုကာ ရွေးကောက်ခံရန် အရည်အချင်းမပြည့်မီဟု စွပ်စွဲခံရသည်။ ထိုကုမ္ပဏီသည် ၂၀၁၉ ခုနှစ် သူရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်စဉ် လုပ်ငန်းဆောင်ရွက်နေသည်ဟု ဝေဖန်သူများပြောသည်။ ထိုစွပ်စွဲချက်များကို ဖီထာက ငြင်းဆန်ပြီး သူသည် အမွေရ ရှယ်ယာကို စီမံသူသာဖြစ်ကြောင်း ပြောသည်။
ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတင်းမီဒီယာ ရှယ်ယာပိုင်သူများသည် ရွေးကောက်ပွဲဝင်ခွင့်မရှိပေ။
ဆွမ်ချိုင်က ရွေးကောက်ပွဲကော်မရှင်သည် ဖိထာကို တရားရုံးမတင်မီ ထိုစွပ်စွဲချက်ကို ခုခံချေပရန် ဆင့်ခေါ်သင့်ကြောင်းပြောသည်။
ရွေးကောက်ပွဲကော်မရှင် စုံစမ်းစစ်ဆေးရေး အဖွဲ့တခုက ဖိထာရွေးကောက်ပွဲဝင်ခြင်း တရားဝင်မှုရှိ မရှိ တွေ့ရှိချက်များကို ရွေးကောက်ပွဲကော်မရှင် ပင်မကော်မတီသို့ တင်ပြထား
တရားရုံး တင် မတင်ကို ယနေ့ ဇူလိုင် ၁၁ ရက် ဆုံးဖြတ်ရန် ရှိပြီး အကယ်၍ ဇူလိုင် ၁၂ ရက် တရားရုံး တင်ပါက ဇူလိုင် ၁၃ ရက် လွှတ်တော် ၂ ရပ်ပေါင်း ကျင်းပမည့် ပါလီမန်အစည်းအဝေးတွင် ဝန်ကြီးချုပ် မဲပေးပွဲအပေါ် အကြီးအကျယ် သက်ရောက်မည်ဖြစ်သည်။သည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အစ်တီပွန် ဘွန်ပရာကွန်က စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၎င်းတို့ တွေ့ရှိချက်များကို ရွေးကောက်ပွဲ ကော်မရှင်ပင်မကော်မတီသို့သာ တနင်္လာနေ့မှ တင်ပြရသေးသောကြောင့် ထိုအမှုကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးသို့ မတင်ရသေးကြောင်းပြောသည်။
ဥပဒေပညာရှင်နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေးအဖွဲ့ အတိုင်ပင်ခံ ဂျိတ်ဒေါ်နာဗန်နစ်ကလည်း အလားတူ အမြင်ကိုသာဖေါ်ပြပြီး ရွေးကောက်ပွဲကော်မရှင်က ဖိထာအပေါ် စွပ်စွဲချက်များသည် အခြေအမြစ်ရှိသည်ဟု ယူဆပါက ရွေးကောက်ပွဲကော်မရှင်၏ နောက်ထပ်ခြေလှမ်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးသို့ တင်ရေးသာဖြစ်ကြောင်းပြောသည်။
ထိုအမှုကို တရားရုံးက လက်ခံပါက တရားရုံးသည် ဖိထာကို တရားခွင် စောင့်ဆိုင်းလွှတ်တော် ကိုယ်စားလှယ် အဖြစ် သတ်မှတ်ပေးရန် အောက်လွှတ်တော်ဥက္ကဌကို တောင်းဆိုမည်ဖြစ်သည်။
သို့သော် ဖိထာသည် ကြာသပတေးနေ့ မဲခွဲသောအခါ ဝန်ကြီးချုပ်လောင်းအဖြစ် တင်သွင်းခံနိုင်ဆဲဖြစ်ကြောင်း သူပြောသည်။
မဲခွဲပြီး သူနိုင်သောအခါတွင် ဖိထာသည် အမှုရင်ဆိုင်နေရဆဲဖြစ်သောကြောင့် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိသေးကြောင်း ဂျိတ်ပြောသည်။
ထိုသို့ဖြစ်ပါက အထက်လွှတ်တော်အမတ်များသည် ဖိထာ၏ ရွေးကောက်ခံတရားဝင်မှုကို တရားရုံးက မဆုံးဖြတ် မပြီးမချင်း မဲပေးခြင်းကို ရှောင်ရှားရန် ဆုံးဖြတ်နိုင်သည်ဟု သူပြောပြီး ထိုနည်းလမ်းမှ ထွက်ပေါက်လမ်းမှာ နိုင်ငံရေးပါတီများအနေဖြင့် အခြားဝန်ကြီးချုပ်လောင်းကို ရွေးချယ်ရန်ဖြစ်ကြောင်း ပြောသည်။
“လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ဇူလိုင်လ ၁၃ ရက်နေ့မှာ ဝန်ကြီးချုပ်သစ် ခန့်နိုင်မှာ မဟုတ်ဘူး” ဟု သူပြောသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးသို့ တင်ပြရန် မည်သည့်ဆုံးဖြတ်ချက်မဆိုကို ကန့်ကွက်ရန် ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုသည့် အရေးပေါ်စာပေးပို့ထားကြောင်း Move Forward ပါတီ အတွင်းရေးမှူးချုပ် ချိုင်သာဝပ် တူလာသွန်က တနင်္လာနေ့တွင်ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင်သည် အမှုကို အမြန်စစ်ရန်ကြိုးစားနေသော်လည်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့သည် လုပ်ထုံးလုပ်နည်းအတိုင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ရှေ့သို့ ဖိထာကို မခေါ်ကြောင်း သူ ပြောသည်။
ဖိထာကလည်း ရွေးကောက်ပွဲ ကော်မရှင်သည် သူ့ကို မဆင့်ခေါ်သေးကြောင်းနှင့် သူ့ဘက်က အဆင်သင့်ပြင်ထားကြောင်း ပြောသည်။ သို့သော် အထက်လွှတ်တော်အမတ်များနှင့် MFP ပါတီတို့အနေဖြင့် ကောင်းမွန်သည့် ရလဒ်များ ဖော်ထုတ်ရရှိမည်ဟု ယုံကြည်ကြောင်းလည်း ထည့်ပြောသည်။
သတင်းရင်းမြစ်များ၏ အဆိုအရ အထက်လွှတ်တော်၏ နိုင်ငံရေးဖွံဖြိုးတိုးတက်မှုနှင့် ပြည်သူ့ပါဝင်မှု ကော်မတီက ဖိထာသည် ပထမကြိမ် ဝန်ကြီးချုပ်ရွေးပွဲတွင် မနိုင်ပါက မည်သည့် ထပ်မံရွေးကောက်ခံသူများ စာရင်းတွင်မျှ ပါဝင်ခွင့် ရမည် မဟုတ်ကြောင်း ပြောသည်ဟု ဘန်ကောက်ပို့စ်က ရေးထားသည်။
ကိုးကား။ ။ Bangkok Post ၏ Pita future in doubt
You may also like these stories:
ထိုင်းဒီမိုကရေစီက “ခွင့်မလွှတ်နိုင်”မည်ကို မလုပ်ရန် လွှတ်တော်အမတ်များကို ဖိထာ သတိပေး
ဇူလိုင် ၁၃ ရက် ထိုင်းပါလီမန် ဝန်ကြီးချုပ် ရွေးချယ်ချိန် မဲနိုင်မည်ဟု ဖိထာ ယုံကြည်
ဒီမိုကရေစီလှိုင်းကြားက ထိုင်းစစ်တပ်
မြန်မာ့ငြိမ်းချမ်းရေး ကတိကဝတ်ကို ထိုင်းဝန်ကြီးချုပ်လောင်း ထပ်မံအတည်ပြု
ဒီမိုကရေစီလိုလားတဲ့ လွှတ်တော်ဥက္ကဋ္ဌကို ထိုင်းပါလီမန်က ဝန်ကြီးချုပ် မဲပေးခါနီးမှာ ရွေးချယ်