ရှမ်းပြည်နယ် မိုးဗြဲမြို့မှ ကယားပြည်နယ် လွိုင်ကော်မြို့နယ်ထဲသို့ ဝင်လာသော စစ်ယာဉ်တန်းက လမ်းဘေးရှိ ရွာများကို ယနေ့ ပစ်ခတ်သဖြင့် ဒေသခံ ၃ ဦး သေဆုံးကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
၎င်းစစ်ယာဉ်တန်းတွင် ထရပ်ကား ၁၅စီးခန့်ပါဝင်ပြီး လွိုင်ကော်သို့အလာ လမ်း၌ တိုက်ခိုက်ခံရပြီးနောက် မိုးဗြဲ-လွိုင်ကော် ကားလမ်းဘေးရှိ ကျေးရွာများကို ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့အနီးရှိ ကုန်းသာရွာမှ ၁၇ နှစ် အရွယ် ယောက်ျားလေး ၁ ဦး၊ နွားလဝိုးရွာမှ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး တို့ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ထံမှ သိရသည်။
မြို့နယ်အတွင်းသို့ ဝင်လာသော စစ်ယာဉ်တန်းတွင် ထရပ်ကား ၁ စီး၌ လူအင်အား ၃၀ ခန့် ပါပြီး စားနပ်ရိက္ခာများလည်း ပါဝင်ကြောင်း Karenni Generation Youth အဖွဲ့ ပြန်ကြားရေးတာဝန်ခံကလည်း ဧရာဝတီသို့ ပြောသည်။
၎င်းက“တိုက်ခိုက်ခံရတာက မြို့အဝင်မှာ။ မိုးဗြဲ-လွိုင်ကော် လမ်းဘေးက ရွာတွေကို တလမ်းလုံး ကားပေါ်ကနေပစ်တာ။ အဲဒီ တကြောလုံး ရမ်းသမ်းပစ်နေတာ လက်နက်ကြီးပါပါတယ်။ကား ၁ စီးမှာ လူ ၃၀ ဝန်းကျင်လောက်ပါတယ်။ ရိက္ခာ လူအပြည့်စုံပဲ” ဟု ၎င်းက ပြောသည်။
ကယားပြည်နယ်၏ အရှေ့ခြမ်းနှင့် နောက်ခြမ်းကို စစ်ကောင်စီတပ်က အင်အားများ ထပ်တိုးနေခြင်းဖြစ်သည့်အတွက် စစ်ကောင်စီ၏ ယာဉ်တန်းများ အချိန်မရွေး ဝင်ရောက်လာသည့်အခါ အရေးပေါ် အခြေအနေ ဖြစ်လာနိုင်သည့် အတွက် လွိုင်ကော် – မိုးဗြဲလမ်း၊ လွိုင်ကော်- ဆီဆိုင်လမ်းနှင့် လွိုင်ကော် – ဖယ်ခုံလမ်းပိုင်းများကို သွားလာခြင်း မပြုကြရန်နှင့် သွားလာပါက အထူးဂရုစိုက်ကြရန် ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်။ လက်ရှိ ဒီဒေသကြီးမှာက သူတို့ အင်အားကို သဲကြီးမဲကြီး ဖြည့်နေတယ် ဆိုတာ ကလည်း သူတို့ဘက်ကနေ ရှုံးထားတာတွေက အများကြီး ရှိတာပေါ့။ စစ်ရေးအရ၊ နိုင်ငံရေးအရ နေပြည်တော်နဲ့ အနီး ကပ်ဆုံးနေရာဖြစ်နေတဲ့အတွက် အင်အားသုံးပြီးတော့ ပိတ်ဆို့မှာပဲ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ကရင်နီဒေသ၏ လမ်းပန်း ဆက်သွယ်ရေးအတွက် အချက်အချာအကျဆုံးနေရာအဖြစ် တည်ရှိနေသော မိုးဗြဲမြို့ သည် ကားဖြင့်ဆိုပါက နေပြည်တော်နှင့် ၄ နာရီခွဲဝန်းကျင်၊ ဒီးမော့ဆို၊ လွိုင်ကော်မြို့များနှင့်လည်း နာရီဝက်ကြာ မောင်းနှင် ရောက်နိုင်သည့်နေရာဖြစ်ပြီး ဇွန်လအတွင်းက တိုက်ပွဲများ ပြင်းထန်ခဲ့ကာ အရပ်သားများ သေဆုံးမှု ရှိသလို ဖားဆောင်း၊ ဘောလခဲ၊ ဖရူဆို၊ ဒီးမော့ဆို၊ ဖယ်ခုံနှင့် လွိုင်ကော်မြို့နယ်တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ကယားပြည်နယ် တခွင်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ဇွန်လ တ လတည်းတွင် ဒေသခံ အရပ်သားသေဆုံးမှု ၃၆ ဦးရှိခဲ့ကြောင်း KnHRG စာရင်းများအရ သိရပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်တွင် အရပ်သား သေဆုံးမှု ၃၆၅ ဦး အထိ သတ်ဖြတ်ခံရကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) စာရင်းများအရ သိရသည်။
You may also like these stories:
မယ်စဲ့ကို ကရင်နီပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်ပြီ
ကရင်နီမှာ ထိုးစစ်ဆင်တဲ့ စစ်ကောင်စီတပ် အကျအဆုံးများ
ကရင်နီဒေသကို အင်အားထောင်ကျော်ဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်