ချင်းပြည်နယ်၊ တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာ၌ ယနေ့ နံနက်အစောပိုင်းက စ၍ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ် ရေးတပ်များကြား တိုက်ပွဲဖြစ်ပွားရာ ပြင်းထန်သဖြင့် နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း CDF Civic Defense Militia – CDM- Siyin ပြောခွင့်ရှိသူက ဧရာဝတီကို ပြောသည်။
တိုက်ပွဲမှာ နံနက် ၅ နာရီခွဲမှ နေ့လယ် ၁၂ နာရီခန့်ထိ ကြာခဲ့ပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကြဲသည့်အပြင် ကလေးမြို့မှလည်း လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်မှ ၃၀ ဦးခန့် သေဆုံးပြီး ချင်းဒေသကာကွယ်ရေးတပ် (CDF) တပ်ပေါင်းစုဘက်မှလည်း ၄ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “တိုက်ပွဲက ပြင်းထန်တယ်။ ကျနော်တို့က စခန်းနဲ့ လုံးဝအနီးကပ်ဖြစ်နေတဲ့အခါကျတော့ စကစဘက် က အထိနာသွားတာပေါ့နော်။ စခန်းအထဲထိ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေထဲအထိ ရောက်ခဲ့တယ်။ ရှေ့တန်းကရဲဘော် တွေရဲ့ပြောပြချက်အရ ကတုတ်ကျင်းတွေထဲမှာ အလောင်းတွေ အတော်များများတွေ့တယ်။ သူတို့ တိုက်လေယာဉ်တောင် ခေါ်တယ်ဆိုတော့ လုံးဝအထိနာတယ်။ တိုက်လေယာဉ်မှမလာရင် အဲဒီစခန်းကို လက်လွှတ်ရမယ့်အခြေအနေပဲ” ဟု ပြောသည်။
CDF တပ်ပေါင်းစုအနေဖြင့် ယမန်နေ့ညပိုင်းမှစတင်ပြီး သိုင်းငင်း၌တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဝိုင်းထားကာ ဒရုန်းဖြင့်ဗုံးကြဲရန် ကြိုးပမ်းခဲ့သော်လည်း ပစ်ချခံရသည့်အတွက် နံနက်အစောပိုင်း ၅ နာရီခွဲခန့်တွင် အနီးကပ်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲတွင် CDF တပ်ပေါင်းစုအနေဖြင့် စစ်ကောင်စီတပ်ဘက်မှ လက်နက်ငယ် ၆ လက်နှင့် ကျည်ဆန်များ၊ ၄၀ မမ ဗုံးသီး အလုံး ၄၀ ခန့်နှင့် ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲတွင်ကျဆုံးခဲ့သည့် ရဲဘော် ၄ ဦးအနက် တဦး၏ရုပ် အလောင်းကိုသာ ပြန်လည်ရယူနိုင်ခဲ့ကြောင်း သိရသည်။
သိုင်းငင်းကျေးရွာသည် ကလေးမြို့မှ တီးတိန်နှင့်ဖလမ်းမြို့သို့သွားရာ လမ်းဆုံတွင်ရှိပြီး အိန္ဒိယအထိချိတ်ဆက်ထားသည့် လမ်းမကြီးပေါ်တည်ရှိသောကြောင့် အချက်အချာကျသည့်နေရာတခုဖြစ်ကာ စစ်ကောင်စီဘက်မှ ခြေမြန်တပ်ရင်း ခမရ-၂၆၉ အခြေစိုက်ပြီး အင်အား ၄၀ မှ ၆၀ ခန့် နေရာယူတပ်စွဲထားသည့် ကင်းစခန်းတခု ဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ကလေးမြို့မှ လက်နက်ကြီးများ ပစ်ကူပေးခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားရာအထိ မရောက်ရှိဘဲ အခြားနေရာသို့သာ ကျရောက်ခဲ့ကြောင်းနှင့် မြေပြင်မှစစ်ကူပေးရန်ထွက်လာသည့် စစ်ကောင်စီကား ၅ စီး ကိုလည်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF-Kalay) က လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ကာ ကြားဖြတ်ဟန့်တား ပေးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ပေါင်းစုအနေဖြင့် CDF-CDM SIYIN၊ PDF Zoland+ B5 ME၊ ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNDF)၊ ကလေး-ကဘော်-ဂန့်ဂေါဒေသအခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-KKG)၊ TCDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDA) တပ်ဖွဲ့များက ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်းသိရပြီး စစ်ကောင်စီဘက်ကမူ ယင်းတိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ သတင်းထုတ်ပြန်လာခြင်း မရှိသေးပါ။
ပြည်သူ့ကာကွယ်ရေးတပ်(PDF-Zoland) အဖွဲ့ကလည်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေဆုံးဒဏ်ရာရရှိမှုများခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် ချင်းကာကွယ်ရေးတပ်ပေါင်းစုဘက်က လေးဦးသေဆုံးခဲ့ရကြောင်း သတင်းထုတ်ပြန်ထားသည်။
ဧရာဝတီအနေဖြင့်လည်း သိုင်ငင်းကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှုများအား သီးခြားအတည်ပြုနိုင် ခြင်း မရှိပါ။
You may also like these stories:
ဟားခါး၊ ချွန်ကျုံးရွာ၌ တိုက်ပွဲ ဆက်ပြင်းထန်
မင်းတပ်နှင့်မတူပီသို့ တက်လာသည့် စစ်ယာဉ်တန်း ကြားဖြတ် တိုက်ခိုက်ခံရ
စစ်အုပ်ချုပ်ရေး ၃၇ မြို့နယ် ထပ်တိုးကာ ဖိနှိပ်ရေး အရှိန်မြှင့်
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ