စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများကို မကြာသေးမီက ဥပဒေမဲ့သတ်ဖြတ်ခြင်းအား နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက (AAPP) က ပြင်းထန်စွာရှုတ်ချပြီး ထိုလူသတ်မှုများတွင် ပါဝင်ပတ်သက်သူများအား အရေးယူနိုင်ရေးအတွက် စုပေါင်းဆောင်ရွက်ကြရန် နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းလိုက်သည်။
မကြာသေးမီလများအတွင်း စစ်ကောင်စီသည် ထောင်ပြောင်းသည်ဟု အကြောင်းပြကာ နိုင်ငံရေး အကျဉ်းသားများကို စစ်မေးခြင်း ၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု AAPP က ဇူလိုင်လ ၁၀ ရက်နေ့၌ ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် ဇွန်လ ၂၇ ရက်နေ့က နိုင်ငံရေးအကျဉ်းသား ၃၇ ဦး ပျောက်ဆုံးနေခြင်းကို ဥပမာတခုအဖြစ် ကိုးကားဖော်ပြထားသည်။
ပဲခူးတိုင်း၊ ဒိုက်ဦး (ကျိုက်ဇကော) အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးသည် စစ်ကောင်စီက ထောင်ပြောင်းသည်ဟုဆိုကာ ထောင်မှခေါ်ယူသွားသည့် ဇွန်လ ၂၇ ရက်နေ့မှ စတင်ပျောက်ဆုံးနေကြောင်း AAPP က အစောပိုင်းတွင် ဖော်ပြခဲ့သည်။
၎င်းတို့၏အကျဉ်းသားများ မည်သည့်နေရာသို့ ရောက်သွားသည်ကို မသိကြောင်း အကျဉ်းထောင် အရာရှိများက အကျဉ်းသားများ၏ ဆွေမျိုးများကို ပြောသည်ဟု AAPP က ဖော်ပြသည်။
ထိုပျောက်ဆုံး နိုင်ငံရေးအကျဉ်းသား ၃၇ ဦးအနက် နှစ်ဦး၏ ဆွေမျိုးများက ထိုအကျဉ်းသား နှစ်ဦးသေဆုံးသွားပြီ ဖြစ်ကြောင်း အကြောင်းကြားစာရရှိသည်ဟု ပြောသည်။
ထိုအကြောင်းကြားစာများကို ကိုခန့်လင်းနိုင်နှင့် ကိုပြည့်ဖြိုးဟိန်တို့၏ မိသားစုများထံ ဇူလိုင်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် အသီးသီး ပေးပို့လိုက်ခြင်းဖြစ်သည်။ ၎င်းတို့ကို ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ ပြောင်းစဉ် ထွက်ပြေးရန် ကြိုးစားသည်ဟု စစ်ကောင်စီက အကြောင်းပြသည်။
၎င်းတို့ကို ပြန်လည်ဖမ်းဆီးရန် ကြိုးစားစဉ် စစ်ကောင်စီတပ်များက “သတိပေးပစ်ခတ်မှုကြောင့်” သေဆုံးသွားသည်ဟု ထိုစာတွင် ဖော်ပြထားသည်။
စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားသည့် နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ကိုခန့်လင်းနိုင်နှင့် ကိုပြည့်ဖြိုးဟိန်း အပါအဝင် နိုင်ငံရေးအကျဉ်းသား ခုနစ်ဦးသည် ကျိုက်ဇကော အကျဉ်းထောင်မှ ရွှေ့ပြောင်းခံရပြီးနောက် သေဆုံးသွားကြောင်း သတင်းရသည်ဟု ဖော်ပြသည်။
“ထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများကို အတင့်ရဲစွာ သတ်ဖြတ်ခြင်းသည် ပြည်တွင်းဥပဒေကိုသာမက နိုင်ငံတကာ ဥပဒေကိုလည်း ချိုးဖောက်သည်” ဟု AAPP က ဖော်ပြထားပြီး ထိုလုပ်ရပ်များသည် အာဆီယံလူ့အခွင့်အရေး နိုင်ငံတကာသဘောတူညီချက်ကိုလည်း ချိုးဖောက်ကြောင်း ပြောသည်။
နိုင်ငံရေးအကျဉ်းသား ကိုစိန်ဝင်းသည် မြင်းခြံထောင်တွင် အူအတွင်း သွေးယိုသောကြောင့် ဇူလိုင်လ ၂ ရက်နေ့တွင် သေဆုံးသွားသည်ဟု ထိုနေ့တွင်ပင် သူ၏မိသားစုကို အကြောင်းကြားသည်။ သို့သော် ထိုထောင်တွင်းမှ အကျဉ်းသားများက ကိုစိန်ဝင်းသည် မသေဆုံးမီ ထောင်ပြောင်းရန်ဟုဆိုကာ ထောင်မှ ခေါ်ယူသွားခံရပြီး စစ်ကြောရေး၌ သေဆုံးကြောင်း ပြောကြသည်။
ကိုစိန်ဝင်း၏ အလောင်းကို ပြန်ရသောအခါ ခန္ဓာကိုယ် ဖူးရောင်နေသည်ကို တွေ့ရကြောင်း သူ၏ ဆွေမျိုးများက ပြောသည်။
“မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းသည် ထိုသို့ ဥပဒေမဲ့သတ်ဖြတ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကို ပြင်းထန်စွာရှုတ်ချပြီး မတရားထောင်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသား အားလုံးအတွက် တရားမျှတမှုရရန် အကောင်းဆုံး လုပ်ဆောင်သွားမည်” ဟု အထက်ပါ ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုသတ်ဖြတ်မှုများအတွက် တာဝန်ရှိသူများကို နိုင်ငံတကာ တရားစီရင်ရေးယန္တရားမှ စုပေါင်း အရေးယူရန်လည်း AAPP က နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် လူအနည်းဆုံး ၃,၇၅၇ ဦးကို စစ်ကောင်စီက သတ်ဖြတ်ပြီး ၎င်းတို့အနက် ၁၅၀ မှာ ထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်း၊ ဖိနှိပ်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှု သို့မဟုတ် စစ်ကြောရေးတွင် သေဆုံးကြောင်း AAPP ကပြောသည်။
ထိုစာရင်းများသည် ကောက်ယူရရှိသည် အချက်အလက်များသာ ဖြစ်သည်။ လက်တွေ့တွင် ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်ခံရသူ အရေအတွက် ထို့ထက်ပိုရန်သာ ရှိသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Condemned For Using “Prison Transfers” as a Pretext For Murder ကို ဘာသာပြန်သည်။)
You may also like these stories:
အရပ်သား ၅ ဦး စစ်ကြောရေး၌ သေဆုံးပြီးနောက် ဝေါဒေသခံများ ထိတ်လန့်နေ
မြင်းခြံထောင်မှ တိုက်ပိတ်ခံထားရသည့် နိုင်/ကျဉ်း ၁၇ ဦး ထောင်ပြောင်းခံရ
အရာတော်မှ လူငယ် ၃ ဦး ဖမ်းခံရပြီးနောက် အဆက်အသွယ်ပြတ်နေ
နိုင်/ကျဉ်း ၇၀ ကျော် ညှဉ်းပန်း နှိပ်စက်ခံရပြီး ထောင်ဝင်စာ ပိတ်ခံထားရ
နိုင်/ကျဉ်းများအား ထောင်တွင်းအကြမ်းဖက်ဖိနှိပ်မှု ဆိုးရွားလာနေ