ထိုင်းဝန်ကြီးချုပ် အသစ်ရွေးချယ်သည့် ကာလ၌ မတည်ငြိမ်မှုများ ဖြစ်လာနိုင်သည့်အတွက် မြန်မာရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ထိုင်းနိုင်ငံရေးတွင် မပါဝင်ကြရန် အလုပ်သမားရေးဆောင်ရွက်သူများက သတိပေးပြောဆိုသည်။
ယနေ့ ထိုင်းပါလီမန်တွင် ဝန်ကြီးချုပ်နေရာအတွက် မဲပေးရွေးချယ်မည့် အစည်းအဝေး ကျင်းပနေပြီး ၄၂ နှစ် အရွယ် Move Forward ပါတီခေါင်းဆောင် ဖိထာ လင်မ်ဂျာဂျွန်ရတ် ရွေးချယ်မခံရပါက လွှတ်တော်ကို ဝိုင်းဝန်း ဆန္ဒပြမှုများ ဖြစ်လာနိုင် သဖြင့် ဘန်ကောက် ရှိ အချက်အခြာကျသည့်နေရာများတွင် ရဲတပ်ဖွဲ့ဝင်များ တိုးချဲ့ချထားပြီး လုံခြုံရေးများလည်း တိုးမြှင့်ထားသည်ကို တွေ့ရ သည်။
မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က “အဖွဲ့အစည်း အသီးသီးက အဓိက သတိပေးတာတော့ တနေရာနဲ့ တနေရာ သွားလာတဲ့အခါမှာ တရားဝင် စာရွက်စာတမ်းတွေ အပြည့်အစုံနဲ့ သွား လာကြဖို့။ ထိုင်းနိုင်ငံရဲ့ ကိစ္စရပ်တွေမှာ မရောထွေးဘူး။ မစပ်ယှက်ဘူး ဆိုရင်တော့ ဘာမှအန္တရာယ်မှ မရှိပါဘူး။ လုံခြုံရေး ကတော့ သူ့နိုင်ငံရဲ့ အနေအထားအရ မလိုလားတဲ့ အဓိကရုဏ်းတွေ ဖြစ်ပေါ်လာရင် ထိန်းသိမ်းနိုင်ဖို့ ရဲတပ်ဖွဲ့က တော့ အပြည့်အဝ ချထားပါတယ်” ဟု ပြောသည်။
Move Forward ပါတီခေါင်းဆောင် ဖိထာသည် အမည်စာရင်းတင်သွင်းထားသည့် တဦးတည်း သော ဝန်ကြီးချုပ်လောင်း ဖြစ်သော်လည်း မွန်းလွဲပိုင်းတွင် မျှော်မှန်းထားသည့် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ၂ ရပ်ပေါင်း မဲထက်ဝက် ကျော် ထောက်ခံမှုရရှိရေးအတွက် ကြီးမားစွာ စိန်ခေါ်ခံနေရသည်။
ယင်းအခြေအနေ၌ မြန်မာရွှေ့ပြောင်း လုပ်သားများ အပါ အဝင် ထိုင်းရောက်မြန်မာလူမျိုးများအနေဖြင့် သတိပြုနေထိုင်ကြ ရန်နှင့် လူစုလူဝေးတွင် ပါဝင်ခြင်း မပြုကြရန် ထိုင်းနိုင်ငံရှိ မြန်မာလူမှုအဖွဲ့အစည်းများက သတိပေးပြောဆိုထားခြင်းဖြစ် သည်။
ဦးအောင်ကျော်က “ထိုင်းအစိုးရအနေနဲ့တော့ သီးခြားထုတ်ပြန်တာမရှိပါဘူး။ မြန်မာလူမှုအဖွဲ့အစည်းတွေကပဲ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အကြံပြုထားတာတွေပါ။ ကိုယ်လုပ်စရာရှိတာတွေကို ကိုယ်လုပ်မယ်။ ကိုင်ဆောင်ရမယ့် တရားဝင်စာရွက် စာတမ်းတွေ ကိုင်ထားမယ်။ လူစုလူဝေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်မယ့်နေရာတွေကို ရှောင်ကြဉ်လိုက်မယ်ဆို အန္တရာယ် မရှိ နိုင်ပါဘူး။ သီးခြားတော့ အရောင်တွေ ဘာတွေ ရှောင်ခိုင်းတာမရှိပါဘူး။ အရောင်တူတဲ့ စက်ရုံ၊ အလုပ်ရုံတွေလည်းရှိတာပဲ။ အလုပ်သမားတွေ အလုပ် လုပ်နေတဲ့အချိန်ဆိုတော့ လူစုလူဝေးမှာ ပါဝင်နိုင်ဖို့ အခွင့်အရေးနည်းပါတယ်။ အလုပ်ချိန် ဖြစ်နေတာကို” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း လုပ်ငန်းခွင်မှ နေအိမ်များသို့ သေချာစွာပြန်ကြရန် အထောက်အထားအပြည့်အစုံ ယူဆောင် သွားကြရန်လည်း သတိပေးထားသည်။
AAC မဟာမိတ်အဖွဲ့မှ ဒါရိုက်တာ ဦးခိုင်ကြီးက “ထိုင်းနိုင်ငံရေးမှာ မြန်မာတွေအနေနဲ့တော့ ပါဝင်တာတော့ သိပ်မတွေ့ရ ဘူး။ ပုံမှန်သွားနေတယ်။ ပုံမှန်ဖြတ်သန်းနေတယ်။ အားပေးတာကတော့ လက်ရှိအနိုင်ရပါတီကိုတော့ သူတို့အစိုးရ ဖြစ် စေချင်တယ်။ သူတို့အနေနဲ့တော့ မပါရဘူး။ ဘာညာဆိုပြီးတော့ မထုတ်ပြန်ပါဘူး။ ကျနော်တို့ဘက်ကပဲ သတိပေးတာပါ” ဟု ပြောသည်။
ယမန်နေ့က ဝန်ကြီးချုပ်လောင်း ဖိထာ အား လွှတ်တော်အမတ်အဖြစ်မှ ပယ်ဖျက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံး ကို ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းခဲ့သည့်အတွက် ချင်းမိုင်နှင့် ဘန်ကောက်တွင် ဖိထာ ထောက်ခံသူများ စုရုံးပြီး ၎င်းတို့၏ မဲကို လေးစားရန် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံရေးစနစ်များနှင့်ပတ်သက်၍ ဆန္ဒပြ တောင်းဆိုခြင်းများတွင် ပါဝင် ခြင်း မပြုဖို့ လိုသော်လည်း နိုင်ငံတကာ အလုပ်သမား အခွင့်အရေး ဥပဒေများနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားတောင်းဆိုမှုများကိုမူ ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေအရ ခွင့်ပြုထားကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁ရက်နေ့ (မေဒေးနေ့)တွင် ရွှေ့ပြောင်းလုပ်သားများ၏ ရပိုင်ခွင့်များနှင့် ပတ်သက်၍ ထိုင်းအလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်၊ ရပ်ထိုင်း ဖောင်ဒေးရှင်း၊ မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) စသည့် အဖွဲ့များက စုပေါင်းချီတက် တောင်းဆိုခဲ့ကြရာတွင် ၎င်းတို့နှင့် မသက်ဆိုင်သည့်အဖွဲ့တခုမှ ထိုင်းနိုင်ငံဘုရင်စနစ်အား ဖျက်သိမ်းရန် တောင်းဆိုခဲ့ကြသည့်အတွက် ထိုင်းအစိုးရမှ ထိုင်းရာဇဝတ်မှုကျင့်ထုံး ဥပဒေ ၁၁၂ အရ အလုပ်လုပ်ခွင့် ရုပ်သိမ်း၍ ပြည်နှင်ဒဏ် ပေးခွင့်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
ယင်းကဲ့သို့ ထုတ်ပြန်ခဲ့သည့်အတွက် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်း မပြုကြရန်၊ ထိုင်းနိုင်ငံရေး အပြောင်းအလဲကြားထဲတွင် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် သတိဖြင့် နေထိုင် ပြုမူကြရန်နှင့် တစုံတရာ လူစုလူဝေးများ ပြုလုပ်သည့်အခါများတွင်လည်း ထိုင်းအာဏာပိုင်များက စောင့်ကြည့်မှုများ ပြုလုပ်တော့မည်ဖြစ်၍ ဂရုပြု ဆင်ခြင်ကြရန် အလုပ်သမားရေး ဆောင်ရွက်သူများက ဆိုထားသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၅ သန်း ဝန်းကျင်ထိရှိနေပြီး စစ်တပ် အာဏာသိမ်းသည့် နှစ်နှစ်ကျော် အတွင်း ထိုင်းနိုင်ငံသို့ တရားဝင် လာရောက် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားဦးရေ ၄ သိန်းကျော် ရှိကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်များသူများထံမှ သိရသည်။
You may also like these stories:
ထိုင်းဝန်ကြီးချုပ်လောင်း ဖိထာ အနာဂတ် မရေရာ
ဇူလိုင် ၁၃ ရက် ထိုင်းပါလီမန် ဝန်ကြီးချုပ် ရွေးချယ်ချိန် မဲနိုင်မည်ဟု ဖိထာ ယုံကြည်
ထိုင်းနိုင်ငံရေးလှုပ်ရှားမှု မြန်မာလုပ်သားများမပါဝင်ခဲ့ဟု MWRN ပြော
ရွှေ့ပြောင်းလုပ်သားတို့ရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေပြီလား