မန္တလေး စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ပြေးဆွဲနေသည့် အဝါရောင် မပြောင်းရသေးသော သုံးဘီးအငှားယာဉ် မီနီအိုးဝေများကို ဖမ်းဆီးအရေးယူနေကြောင်း သိရသည်။
မီနီအိုးဝေ သုံးဘီးအငှားယာဉ်များကို ဆေးအဝါရောင် ပြောင်းလဲသုတ်ရန် ယခုနှစ် မတ်လ ၅ ရက်၌ မန္တလေးတိုင်း ယာဉ် လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီ(မြို့တွင်း)က အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ဇူလိုင်လဆန်းပိုင်းမှ စ၍ စစ်ဆေးအရေးယူမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း မန္တလေး မီနီအိုးဝေ မောင်းသူများက ဆိုသည်။
ချမ်းမြသာစည်မြို့နယ်နေ အိုးဝေမောင်းသူတဦးက “အခုက ပိုက်ဆံရှာရတာကလည်း အရင်လောက်မကောင်းတဲ့အပြင် ကုန်ဈေးနှုန်းတွေကလည်း တအားတက်နေတော့ အပိုမရှိဖြစ်နေတာမို့ ပိုက်ဆံမတတ်နိုင်သေးလို့ အဝါရောင်မပြောင်းရ သေးတာပါ။ ၇ ရက်နေ့က စစ်တဲ့အဖွဲ့တွေနဲ့တွေ့ပြီး အသိမ်းခံလိုက်ရတယ်။ အဲဒီလို သိမ်းသွားပြီးတော့ သူတို့ရုံးထဲမှာပဲ ဆေးဖြစ်ဖြစ်၊ စတေကာဖြစ်ဖြစ် တခုခုနဲ့အရောင်ပြောင်းခိုင်းတယ်။ အဲဒီလိုမလုပ်မချင်း ပြန်ထုတ်မပေးဘူးလို့ ပြောလိုက် တာမို့ အခုတော့ ပိုက်ဆံချေးငှားပြီးလုပ်နေရတယ်” ဟု ဧရာဝတီကို ပြောသည်။
စစ်အာဏာသိမ်းမှုအောက် စီးပွားရေးကျပ်တည်းမှုများ ကြုံနေရချိန်တွင် အိုးဝေမောင်းနှင်သူများအနေဖြင့် ခရီးသည်ရှားပါး လာခြင်းနှင့် ကုန်ကျစရိတ်များပြားလာခြင်းတို့ကြောင့် အခက်အခဲများ ရင်ဆိုင်နေရကြောင်းလည်း မီနီအိုးဝေယာဉ်ပိုင်ရှင်နှင့် အငှားယာဉ်မောင်းများက ဆိုသည်။
မန္တလေးတိုင်း ယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီ(မြို့တွင်း)၏ မီနီအိုးဝေများ အဝါရောင်ပြောင်းလဲရန် ထုတ် ပြန်ကြေညာချက်တွင် ဇွန် ၃၀ ရက် နောက်ဆုံးထားကာ ပြောင်းလဲကြရန်နှင့် မပြောင်းလဲသည့် သုံးဘီးယာဉ်များကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းလိုင်စင် ရပ်စဲသွားမည်ဟု ဖော်ပြထားသည်။
ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှ အိုးဝေမောင်းသူတဦးက “အရောင်မပြောင်းရင် ပြေးဆွဲခွင့်ပိတ်မယ်၊ လိုင်စင်ပိတ်သိမ်းမယ် ဆိုတော့ အတော်လေးဒုက္ခရောက်ကြရတယ်။ ဆေးပြောင်းတာက ကွန်ပျူတာဆေးဆိုရင် ၃ သိန်းလောက်ထိကုန်တယ်။ လောလောဆယ် ပိုက်ဆံအဆင်မပြေသေးတာမို့ ဖမ်းခံရမှာကြောက်ပြီး မဆွဲဘဲနားထားတယ်။ ဒီလကုန်လောက်တော့ အရောင်ပြောင်းနိုင်မှာပါ” ဟု ပြောသည်။
မြို့ပြအင်္ဂါရပ်နှင့်အညီ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစနစ်တကျရှိစေရန်၊ ခရီးသည်များ လုံခြုံစိတ်ချစွာဖြင့် သွားလာမှု အဆင်ပြေစေရန်၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဆေးရောင်တရောင်တည်း အဝါ ရောင် (ကုဒ်နံပါတ်-455)ကို တပြေးညီပြောင်းလဲကြရမည်ဖြစ်ကြောင်း၊ ဆေးရောင်ပြောင်းလဲပြီးယာဉ်များအား ယာဉ်စစ် မှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မန္တလာသီရိအားကစားကွင်း၌ မတ်လ ၁၆ ရက်မှ ဇွန် ၃၀ ရက်ထိ ဆောင်ရွက်ပေးခဲ့ကြောင်း မန္တလေးတိုင်း ယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
ယင်းကော်မတီမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦးကလည်း ပညာပေးကာလ ကျော်လွန်ပြီဖြစ်သောကြောင့် ယခုလ ဆန်းပိုင်းမှစပြီး အရေးယူခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ပြီး လုပ်ငန်းလိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက် ခြင်းမျိုး မရှိသေးကြောင်း ဆိုသည်။
ပြည်ကြီးတံခွန်မြို့နယ် ကားကြီးကွင်းမီနီအိုးဝေဂိတ်မှ ကိုဝင်းထွန်းက “အဝါရောင်မဟုတ်တဲ့သူတွေက ဆေးပြောင်းရတာ ကြောင့် မူလဆေးရောင်တွေပျောက်တယ်။ ကုန်ကျစရိတ်တွေ ပိုကုန်သွားတယ်။ မူလဆေးမဟုတ်တဲ့အတွက် ပြန်ရောင်း ရင် ရှုံးမယ်။ သူတို့ခိုင်းသလိုမလုပ်ရင်လည်း ကားဆွဲဖို့ကအဆင်မပြေတော့ မဖြစ်မနေကိုလုပ်ရတော့တာပေါ့။ ကျနော်တို့ ဂိတ်က အိုးဝေတွေ ပိတောက်ခြောက်ရောင်ပြောင်းတာကို တစီး ၂ သိန်း ၇ သောင်းလောက် ကုန်တယ်။ ဒါတောင် အကောင်းဆုံး ဆေး မဟုတ်သေးဘူး” ဟု ပြောသည်။
မန္တလေးတိုင်းအတွင်း မှတ်ပုံတင်ထားသည့် မီနီအိုးဝေအစီးရေ ၁ သိန်းကျော်ရှိပြီး လုပ်ငန်းလိုင်စင်အဖြစ် “ဂ” (စင်းလုံးငှား) လုပ်ငန်းလိုင်စင်သတ်မှတ် ထုတ်ပေးထားကာ သက်ဆိုင်ရာကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန(ကညန)၊ ကုန်လမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းရုံးများ၌ လျှောက်ထားကြရကြောင်း၊ ကညနအနေ ဖြင့် ယာဉ်/လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း၊ ပယ်ဖျက်ခြင်းများကိုသာ ဦးစားပေးလုပ်ပေးနေကြောင်း မန္တလေးတိုင်း ကညနမှ တာဝန်ရှိသူတဦးက ဆိုသည်။
လက်ရှိတွင် အဝါရောင်မပြောင်းရသေးသော မီနီအိုးဝေများအားတွေ့ရှိပါက စစ်ဆေးရေးအဖွဲ့က ကရိန်းဖြင့်မယူကာ သိမ်း ဆည်းသွားကြောင်း၊ ယာဉ်ပိုင်ရှင်အနေဖြင့် ယာဉ်ထိန်းရုံး သို့မဟုတ် မန္တလေးတိုင်းယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်း ကော်မတီ(မြို့တွင်း) ရုံးများသို့ သွားရောက်ကာ ဆေးအရောင်ပြောင်းပြီးမှသာလျှင် ပြန်လည်ထုတ်ပေးကြောင်း မြို့ခံတချို့ ထံမှ သိရသည်။
ဆေးအရောင်ပြောင်းခြင်းအတွက် ကုန်ကျစရိတ် အနည်းဆုံး ကျပ် ၂ သိန်းခန့်ရှိကြောင်း၊ ထို့ပြင် ယာဉ်စစ်ဆေးခ၊ ယာဉ် မှတ်ပုံတင်သက်သေခံလက်မှတ်၊ Hologram နှင့် ယာဉ်သက်တမ်းတိုးခ စသည့် ကုန်ကျစရိတ်များပါ ရှိသေးကြောင်း၊ ယခု ကဲ့သို့ စီးပွားရေးအဆင်မပြေချိန်တွင် မလိုအပ်ဘဲ အရောင်ပြောင်းခိုင်းခြင်းက ပြည်သူများကို ပိုမိုအခက်အခဲဖြစ်စေကြောင်း မီနီအိုးဝေမောင်းသူများက ဆိုသည်။
မီနီအိုးဝေ အငှားယာဉ်ဝန်ဆောင်ခွင့်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် စတင်ခဲ့ပြီးနောက် အသုံးပြုသူများလာကာ မန္တလေးမြို့တွင်း၌ပင် သုံးဘီးအငှားယာဉ် (မီနီအိုးဝေ) အစီးရေ ၄ သောင်းခန့်ထိရှိကြောင်း၊ အခြေခံ လူတန်းစားအများစုက အိုးဝေမောင်းနှင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းကြပြီး အများစုမှာလည်း အုံနာခပေးကာ ငှားရမ်း မောင်းကြသလို တချို့ကလည်း အရစ်ကျဝယ်ယူထားကြသူများဖြစ်ကြောင်း သိရသည်။
You may also like these stories:
မန္တလေးတိုင်း၌ သတ်ဖြတ်စွန့်ပစ်ခံရသူ တလအတွင်း ၁၇ လောင်းရှိ
အပူဒဏ်ကြောင့် မန္တလေးတွင် သေဆုံးသူများပြားလာ
မန္တလေးတွင် သောက်သုံးရေပြတ်လပ်မှု ကြုံနေ
မီးအပျက်များသည့် မန္တလေး အိမ်တွင်းလုပ်ငန်းများပါ ရပ်ဆိုင်းနေရ