အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် ဇူလိုင်လ ၁၂ ရက်နေ့က ကျင်းပသည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်က မကြာသေးမီက လျှို့ဝှက်ခရီးစဉ်အတွင်း အကျဉ်းစံ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း မပြောကြားမီ အချိန်အနည်းငယ်အလိုတွင် PanOrient သတင်းဝက်ဘ်ဆိုက်က ထိုအစည်းအဝေးနှင့် ပတ်သက်သည့် အငြင်းပွားဖွယ် သတင်းတခုကို ဖော်ပြသည်။
အကြမ်းဖက်သမားများဖြစ်သည်၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည့် PDF နှင့် NUG ကို အသိအမှတ်မပြုသလို ထောက်ခံခြင်းလည်း မရှိကြောင်း အကျဉ်းစံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောသည်ဆိုသည့် သတင်းကို ထိုဝက်ဘ်ဆိုက်က အမည်မဖော်ပြသည့် သတင်းရင်းမြစ်များကို ကိုးကားဖော်ပြသည်။
NUG သည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား မဟာမိတ်များ ဖွဲ့စည်းထားသည့် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ ဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ် (PDF) သည် NUG ၏ လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်။ ထိုအဖွဲ့အစည်း နှစ်ခုလုံးသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် လူထုထောက်ခံမှုရရှိပြီး စစ်ကောင်စီကို ဖြုတ်ချရန်ကြိုးစားနေသည်။
PanOrient က ဖော်ပြသည့် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည်ဆိုသော NUG နှင့် PDF နှင့် ပတ်သက်သည့် ပြောဆိုချက်သည် ရှုပ်ထွေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေသည်။ သို့သော် လေ့လာစောင့်ကြည့်နေသူများက ထိုကိုးကားပြောဆိုချက်သည် လုပ်ဇာတ်ဖြစ်သည်ဟု သံသယဖြင့် ချက်ချင်း တုန့်ပြန်ပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုများကို ထောက်ခံကြောင်း သူ၏လူယုံဟောင်း ရှောင်တာနဲလ်မှတဆင့် ပေးပို့သည့် သတင်းစကားတွင် ဖော်ပြခဲ့ကြောင်း ပြောသည်။ အခြားသူများကလည်း စစ်ကောင်စီ၏ လုပ်ဇာတ်ဖြစ်သည့် NUG နှင့် PDF သည် အကြမ်းဖက်အဖွဲ့များဖြစ်သည်ဆိုသော အချက်ကို သံယောင်လိုက်သည့် ထိုသတင်း၏ တိကျမှုကို မေးခွန်းထုတ်သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားရာ၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီက သူနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရာတွင် NUG နှင့် PDF အကြောင်းပြောသည်ဟု ဖော်ပြထားခြင်း မရှိပေ။
အင်တာနက်တွင် အနည်းငယ်မျှ ရှာဖွေလိုက်ရုံဖြင့် အငြင်းပွားဖွယ် PanOrient သတင်းဝက်ဘ်ဆိုက်နှင့် ၎င်းနှင့် စစ်တပ်ဆက်စပ်မှုကို သိနိုင်သည်။
ယခုနှစ်မေလတွင် ထိုသတင်းဌာန ဥက္ကဋ္ဌ ခယ်ဒွန် အဇာရီသည် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းတို့နှင့် တွေ့ဆုံရန် နေပြည်တော်သို့ ရောက်လာသည်။ ၎င်းတို့ ဆွေးနွေးပွဲများသည် မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် စစ်ကောင်စီအာဘော် အင်္ဂလိပ်သတင်းစာများ အဆင့်မြှင့်တင်ရေးအတွက် အဓိကဖြစ်သည်။
စစ်ကောင်စီသည် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ၊ NUG နှင့် မြန်မာပြည်သူများအကြား သပ်လျှိုရန် ရည်ရွယ်ချက်ဖြင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းမှားဖြန့်ရန် PanOrient ကို သုံးနေသည်ဟု လေ့လာသူများက ယုံကြည်သည်။
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ဆန္ဒကို မည်သည့်အခါမှ မဆန့်ကျင်ဘဲ ပြည်သူနှင့်အတူ ရပ်တည်မည်ဟု အမြဲ ပြောသောကြောင့် ထိုသတင်းဌာနသည် စစ်ကောင်စီထံမှ ငွေကြေးရယူ လုပ်ဆောင်နေသည်ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သံသယရှိသည်။
“ဒီတော့ အဲဒီလို လူတယောက်အတွက် ဒေါ်အောင်ဆန်းစုကြည်က NUG သို့မဟုတ် PDFs ကို ထောက်ခံလား၊ မထောက်ခံဘူးလားဆိုတာက လုံးဝ မလိုအပ်ဘူး။ သေချာတာကတော့ စစ်ကောင်စီက သတင်းမှားဖြန့်ဖို့ အသေအလဲ ကြိုးစားနေတယ် ဆိုတာပဲ” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။
PanOrient ဝက်ဆိုက်တွင် သတင်းဌာနသည် ဂျပန်တွင် အခြေစိုက်ပြီး ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ ပါလီမန်သတင်းဌာနများက “အသိအမှတ်ပြု”ကြောင်း ဖော်ပြထားသော်လည်း ဂျပန်အစိုးရ၏ တရားဝင်သတင်းမီဒီယာ မဟုတ်သလို လူအများ ဖတ်ရှုနေသော သတင်းမီဒီယာလည်း မဟုတ်ပေ။
You may also like these stories:
ရုပ်သံထုတ်လွှင့်မှု သဘောတူချက် စစ်ကောင်စီချိုးဖောက်ခဲ့ဟု Mizzima နှင့် DVB တုံ့ပြန်
ဧရာဝတီ ထုတ်ဝေသူ နာမည်ခံပေးသူကို ထောင်ဒဏ် ၅ နှစ်ချ
သတင်းသမားများကို သတ်ဖြတ်ပြီး အရေးယူမခံရသည့် စာရင်းတွင် မြန်မာပါဝင်လာ
စစ်အာဏာသိမ်း ခေတ်ဆိုးကြီးထဲက သတင်းသမားများ
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားများ ဆက်တိုက် အဖမ်းခံနေရ