Move Forward ပါတီခေါင်းဆောင် ဖိထာ လင်မ်ဂျာရွန်ရတ်က ထိုင်းနိုင်ငံအနေဖြင့် အစိုးရသစ်ကို ကြာကြာ မစောင့်နိုင်ကြောင်း ဝန်ခံလိုက်ပြီး သူဝန်ကြီးချုပ်ဖြစ်ရေးအားထုတ်မှုအပေါ် အထက်လွှတ်တော်က ဆန့်ကျင်ခြင်းအား မကျော်လွှားနိုင်ပါက မဟာမိတ်ဖွေ့ထိုင်းပါတီကို အခွင့်အရေး ပေးသင့်ကြောင်း ပြောသည်။
မဟာမိတ် ၈ ပါတီတို့ ရှေ့ဆက်မည့် လုပ်ငန်းများကို ဆုံးဖြတ်ရန် အင်္ဂါနေ့တွင် တွေ့ဆုံရေးအတွက် ပြင်ဆင်နေစဉ် ဖိထာက အထက်ပါမှတ်ချက်ကို သူ၏ တရားဝင်တွစ်တာအကောင့်တွင်တင်သည့် ဗီဒီယိုတခုတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကြာသပတေးနေ့က ပြုလုပ်သည့် ပထမအကြိမ် ပါလီမန်မဲခွဲပွဲတွင် ဖိထာအတွက် ထောက်ခံမဲ အများစုရရန် အတော်အတန် လျှော့နည်း နေသောကြောင့် အထက်ပါအစည်းအဝေးတွင် အဓိက ဆွေးနွေးမည့် အကြောင်းအရာမှာ ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် ပါလီမန်အစည်းအဝေးတွင် ဝန်ကြီးချုပ်လောင်းအဖြစ် ဖိထာကို အမည်စာရင်း ထပ်မံတင်သွင်းမည် သို့မဟုတ် မတင်သွင်းတော့ ဆိုသည့် ကိစ္စရှိသည်။
“အစိုးရအဖွဲ့အောင်မြင်စွာ ထူထောင်ဖို့ တိုက်ပွဲ ၂ ပွဲကို အတူတကွတိုက်ဖို့ အခွင့်အလမ်းအနည်းငယ်သာ ကျန်တော့ကြောင်း လူထုသဘောထားတွေအရ သိရတယ်” ဟု ဖိထာ ပြောသည်။
“ပထမတိုက်ပွဲကတော့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ဝန်ကြီးချုပ်ရွေးချယ်ရေး မဲခွဲခြင်းဖြစ်ပြီး ဒုတိယ တိုက်ပွဲက ဝန်ကြီးချုပ်ရွေးချယ်ရာမှ အထက်လွှတ်တော်ရဲ့ အာဏာကို ထာဝရ ဖြတ်တောက်ဖို့ ဖွဲ့စည်းပုံအခြေခံ ပုဒ်မ ၂၇၂ ကို အဆိုပြုထားတဲ့ ပြင်ဆင်ချက်ဖြစ်တယ်” ဟု သူပြောသည်။
“ပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ အထက်လွှတ်တော်အမတ်တွေ စိတ်ပြောင်းအောင် ကျနော်တို့ မလုပ်နိုင်ရင် ဒီတိုက်ပွဲနှစ်ခုလုံးက အောင်မြင်မှာ မဟုတ်ဘူး” ဟုလည်း သူဆက်ပြောသည်။
“ဒီတိုက်ပွဲ ၂ ခုလုံးမှာ ကျနော်တို့ အကောင်းဆုံးလုပ်ရင်၊ ပါတီဟာ အစိုးရဖွဲ့စည်းရေးမှာ ခေါင်းဆာင်တယောက်ဖြစ်ဖို့ အလားအလာမရှိဘူးဆိုတာ ထင်ရှားရင် ကျနော်တို့ ၈ ပါတီညွန့်ပေါင်းအဖွဲ့ နားလည်မှုစာချွန်လွှာအရ အစိုးရဖွဲ့ရာမှာ ခေါင်းဆောင်ဖို့ ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးဖို့ အဆင်သင့်ပဲ” ဟုလည်း သူပြောသည်။
“Move Forward ပါတီက ကိုယ်စားလှယ်အားလုံးဟာ ဖွေ့ထိုင်းပါတီက ဝန်ကြီးချုပ်လောင်းတွေကို ထောက်ခံဖို့ အသင့်ရှိတယ်” ဟုလည်း သူပြောသည်။
“ဒါပေမယ့် အဲဒီနေ့မတိုင်ခင်အထိ ကျနော်တို့ လက်လျှော့မှာ မဟုတ်ဘူး” ဟုလည်း သူပြောသည်။
ဖွေ့ထိုင်းပါတီနှင့် Move Forward ပါတီမှ အဓိကခေါင်းဆောင်များသည် ဒုတိယအကြိမ် မဲခွဲဆုံးဖြတ်မည့် ကိစ္စ ဆွေးနွေးရန်နှင့် အခြေအနေကို အကဲဖြတ်ရန် သောကြာနေ့ညက ဆွေးနွေးပွဲများ ကျင်းပခဲ့သည် ဟု ၈ ပါတီမဟာမိတ်အဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်တခုက ဘန်ကောက်ပို့စ်သတင်းစာသို့ ပြောသည်။
Move Forward ကို ကိုယ်စားပြုသူများမှာ အတွင်းရေးမှူးချုပ် ချိုင်သာဝပ် တူလာသွန်နှင့် ဒုတိယ ခေါင်းဆောင်များ ဖြစ်သော ပိုင်ချန် ချောင်ဝါပက်တာနာဝန်နှင့် ဆယီကန်ယာ တန်စာကူတို့ဖြစ်သည်။ ဖွေ့ထိုင်းပါတီခေါင်းဆောင် ချိုနန် ဆရီကော၊ ဒုတိယခေါင်းဆောင် ဖမ်သမ် ဝီချာရာချိုင်နှင့် အတွင်းရေးမှူးချုပ် ပရာဆတ် ချောင်တာရောင်သောင် တို့က ၎င်းတို့နှင့် ဆွေးနွေးသည်။ ဆွေးနွေးပွဲသည် တနာရီ ၄၅ မိနစ်ခန့်ကြာသည်။
ကြာသပတေးနေ့က ပါလီမန် အစည်းအဝေးတွင် တဦးတည်းသော ဝန်ကြီးချုပ်လောင်း အသက် ၄၂ နှစ်အရွယ် ဖိထာသည် တက်ရောက်မဲပေးသူ ၇၀၅ ဦးအနက် ထောက်ခံမဲ ၃၂၄ မဲ၊ ဆန့်ကျင်မဲ ၁၈၂ မဲရပြီး မဲမပေးဘဲနေသူ ၁၉၉ ဦးရှိသည်။ သူဝန်ကြီးချုပ်ဖြစ်ရန်အတွက် အထက်နှင့်အောက်လွှတ်တော် နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၇၄၉ ဦး၏ အများစု ၃၇၅ မဲလိုအပ်သည်။
သူသည် အောက်လွှတ်တော်ကိုယ်စားလှယ်များမှ ထောက်ခံမဲ ၃၁၁ မဲ၊ ကန့်ကွက်မဲ ၁၄၈ မဲရပြီး မဲမပေးသည့် အောက်လွှတ်တော်ကိုယ်စားလှယ် ၃၉ ဦးရှိသည်။ သူသည်အထက်လွှတ်တော်ကိုယ်စားလှယ်များထံမှ ထေက်ခံမဲ ၁၁ မဲသာရရှိပြီး ကန့်ကွက်မဲ ၃၄ မဲရှိကာ မဲမပေးဘဲနေသည့် အထက်လွှတ်တော်ကိုယ်စားလှယ် ၁၅၉ ဦးရှိသည်။ ပျက်ကွက်သည့် အထက်လွှတ်တော်ကိုယ်စားလှယ် ၄၃ ဦးရှိသည်။
သောကြာနေ့က ဆွေးနွေးပွဲအတွင်း ဖွေ့ထိုင်းနှင့် Move Forward သေနင်္ဂဗျူဟာ ချမှတ်သူများသည် ဗုဒ္ဓဟူးနေ့တွင် ယခင်အဆိုပြုချက်ကိုပင် ဆက်လက်တင်သွင်းမည် မတင်သွင်းမည်ကိုဆိုသည့် အောက်လွှတ်တော် ကိုယ်စားလှယ်အချို့တင်ပြလာသည့် ပြဿနာကို ဆွေးနွေးကြသည်။
နောက်တကြိမ် အစည်းအဝေးတွင် အထက်လွှတ်တော်အမတ်များ လုပ်နိုင်ခြေရှိသည့် ကိစ္စများကို ၎င်းတို့ အကဲဖြတ်ကြပြီး ရာထူးစွန့်လွှတ်ရတော့မည့် အစိုးရမှ ပါတီများက ဝန်ကြီးချုပ်လောင်းအမည်စာရင်း တင်သွင်းနိုင်ခြေ ရှိမရှိ ကိုလည်းဆွေးနွေးကြသည်။ အခြားမဟာမိတ်များနှင့် မဆွေးနွေးရသေးသောကြောင့် ဖိထာကို ဆက်လက်အမည်စာရင်းတင်သွင်းမည် မတင်သွင်းမည်ကို ထိုအစည်းအဝေးတွင် မဆုံးဖြတ်ကြောင်း အထက်ပါသတင်းရင်းမြစ်ပြောသည်။
စစ်တပ်က ခန့်ထားသည့် အထက်လွှတ်တော်အမတ်များကို ဝန်ကြီးချုပ်ကို ပူးတွဲရွေးချယ်သည့် လုပ်ပိုင်ခွင့် ရုတ်သိမ်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၇၂ ကို ပြင်ဆင်မည့် Move Forward ပါတီ၏ လှုပ်ရှားမှုကိုလည်း ဖွေထိုင်းက သဘောမတူဟု ဆိုကြသည်။
ထိုအဆိုကို တင်သွင်းရန် အထက်လွှတ်တော်မှ မဲ အနည်းဆုံး ၈၄ မဲလိုအပ်သောကြောင့် ခက်ခဲသော တောင်တက်ခရီးဖြစ်သည်။
မဟာမိတ် ၈ ပါတီအနက်တခုဖြစ်သော ဆရီ ရွမ်ထိုင်းပါတီ ခေါင်းဆောင် ရဲဗိုလ်ချုပ် ဆရီပီဆပ် တီမီရာဗက်က ပုဒ်မ ၂၇၂ ကို ပြင်ရန် ကြိုးစားခြင်းသည် အချည်းနှီးသာဖြစ်ပြီး Move Forward က တကိုယ်ကောင်းဆန်သည်ဟု မြင်နိုင်ကြောင်းပြောသည်။
ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် ဝန်ကြီးချုပ်ရွေးပွဲတွင် တိကျသော လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းထားခြင်း မရှိသောကြောင့် မည်သူ့ကိုမဆို အမည်စာရင်းတင်သွင်းနိုင်သည်ဟုလည်း သူပြောသည်။
သို့သော် ဖိထာအတွက် အောင်မြင်မည့် အလားအလာ နည်းကြောင်း သူပြောသည်။
မဟာမိတ် ညွန့်ပေါင်းအဖွဲ့သည် ဖွေ့ထိုင်းပါတီ ဝန်ကြီးချုပ်လောင်းများဖြစ်သည့် ဆတ်ထာ သာဗီဆင် သို့မဟုတ် ပေတောင်တန် ရှင်နာဝပ်ကို ဝန်ကြီးချုပ်လောင်းအဖြစ်ရွေးကာ သေနင်္ဂဗျူဟာ ပြောင်းနိုင်သည်ဆိုသည့် အချက်ကို သူပယ်ချပြီး ဖွေ့ထိုင်းသည် Move Forward ကိုသာ အပြည့်အဝထောက်ခံမှုပေးမည်ဟု သူပြောသည်။
ဇူလိုင်လ ၁၉ ရက်နေ့ မဲခွဲပွဲတွင် ဝန်ကြီးချုပ်တဦး မရွေးနိုင်ပါက အထက်ပါ ပါတီ ၂ ခုတို့သည် ဖွေ့ထိုင်းပါတီက ဝန်ကြီးချုပ်လောင်း အမည်စာရင်း တင်သွင်းနိုင်စေရန် Move Forward နောက်ဆုတ်ပေး မပေး ဆွေးနွေးရမည်ဖြစ်သည်ဟုလည်း သူပြောသည်။
“အဲဒီလို အမည်စာရင်းတင်သွင်းရာမှာ အမည်ပြောင်းသွားပေမယ့် ဖွေထိုင်းဟာ Move Forward နဲ့ပဲ ဆက်လက် ရပ်တည်နေမယ်။ သူတို့က ပူးပေါင်းဆောင်ရွက်မယ်လို့ပဲ ပြောနေကြတယ်။ သူတို့က သူတို့ ကတိတွေကို လေးစားလိုက်နာဖို့ ပျက်ကွက်ရင် သူတို့ဆက်ဆံရေးလုပ်လို့ မရတော့ဘူး။ ဒီပါတီ ၂ ခု က ဆွေးနွေးပွဲတွေ အမြဲတမ်း ကျင်းပနေရမယ်” ဟု ရဲဗိုလ်ချုပ် ဆရီပီဆပ် ပြောသည်။
ဖွေ့ထိုင်းအနေဖြင့် Move Forward နှင့် ဆက်လက် မဟာမိတ်ဖွဲ့နေပါက ၎င်းတို့ဝန်ကြီးချုပ်လောင်းသည်လည်း အထက်လွှတ်တော်အမတ်များ ဆန့်ကျင်ကြောင်း တွေ့ရနိုင်သည်ဟု နိုင်ငံရေး သုတေသီအချို့ပြောသည်။ ဖိထာကို ဆန့်ကျင်မှုများ၏ အများစုသည် သူ၏ပါတီက တော်ဝင်မိသားစုကို ကာကွယ်သည့် ရာဇဝတ် ဥပဒေ ပုဒ်မ ၁၁၂ ကို ပြင်ဆင်လိုသည့် ဆန္ဒကြောင့်ဖြစ်သည်။
နောက်ဆုံးတွင် ဖွေ့ထိုင်းသည် ၎င်းတို့ ဝန်ကြီးချုပ်လောင်းအတွက် လိုအပ်သော ထောက်ခံမဲ ၃၇၆ မဲရရန် ဘုမ့်ဂျိုင်ထိုင်းပါတီ၊ ဒီမိုကရက် သို့မဟုတ် အခြားပါတီများနှင့် ပူးပေါင်း အစိုးရဖွဲ့ရနိုင်ကြောင်း ရဲဗိုလ်ချုပ် ဆရီပီဆပ် ဝန်ခံသည်။
Move Forward ပါတီ အတိုက်အခံဘဝ ရောက်သွားသည့်တိုင် Move Forward ပါတီသည် အနာဂတ် ပူးပေါင်းဆောင်ရွက်မှုများ အဆင်ပြေစေရန် ဖွေ့ထိုင်းပါတီ အစိုးရဖွဲ့ခြင်းကို ထောက်ခံရမည်ဖြစ်ကြောင်း သူပြောသည်။
ဖွေ့ထိုင်းပါတီ ကိုယ်စားလှယ် ဝန်ကြီးချုပ်ရာထူးအတွက် အမည်စာရင်း တင်သွင်းနိုင်ခြေ များလာချိန်တွင် ထိုင်းဆိုရှယ်မီဒီယာ၌ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ဝန်ကြီးချုပ်ဟောင်း ယင်လပ်တို့ ဓာတ်ပုံများ ပျံ့နှံ့လာနေသည်။
ဇူလိုင်လအတွင်း သက်ဆင် ပြည်တော်ပြန်ရန် အစီအစဉ်ကို ရွှေ့ဆိုင်းထားသည်။
ကိုးကား။ ။ Bangkok Post, Thai PBS
You may also like these stories:
ဖိထာ ရှုံးလည်း အပြောင်းအလဲကို ထိုင်း ရှောင်လွှဲမရ
ဒီမိုကရေစီလှိုင်းကြားက ထိုင်းစစ်တပ်
ထိုင်းနိုင်ငံရေးတွင် သမိုင်းဒီရေမြင့်နေသည်
ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ