မလေးရှားနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားရေးရာကော်မတီ (MMWC) ဥက္ကဌ ဒေါ်သူဇာမောင်နှင့် မိသားစုဝင်များအား လူတစုက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့်ပတ်သက်ပြီး မလေးရှားအစိုးရအနေဖြင့် ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးဖော်ထုတ်မှု များ ချက်ချင်းဦးစားပေးလုပ်သင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)က ထုတ်ဖော်ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့က ဒေါ်သူဇာမောင်နှင့်အတူ ခင်ပွန်းဖြစ်သူ စောသန်းတင်ဝင်း၊ သားများဖြစ်သည့် အောင်မြင့်မောင်၊ သုခမောင်နှင့် သမီးဖြစ်သူ ပိုးခင်မောင်တို့မှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ နေအိမ်တွင်ပင် ကားဖြင့် လာရောက်ကာ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းများအား ကိုးကားကာ HRW ကဆိုထားသည်။
HRW အဖွဲ့၏ အာရှဒါရိုက်တာ အယ်လိန်း ပီယာဆန်က “ သူဇာမောင်နဲ့ မိသားစုကို ကြိုတင်စီစဉ်ထားတဲ့ စစ်ဆင်ရေးပုံစံနဲ့ ဖမ်းသွားတာဖြစ်ပြီး အန္တရာယ်ကြီးမားမှာကို စိုးရိမ်ရတယ်။ မလေးရှားအစိုးရအနေနဲ့ ဒီမိသားစုကို ရှာဖွေပြီး သူတို့ဘေးကင်းရေး ချက်ချင်းလုပ်ဆောင်ရမယ်” ဟု ပြောထားသည်။
ဖမ်းဆီးခံရသည့် ဇူလိုင် ၄ ရက်နေ့ ညနေပိုင်းတွင် ဒေါ်သူဇာမောင်တို့ နေထိုင်ရာအိမ်ယာဂိတ်ပေါက်သို့ ကားတစီး ရောက်ရှိလာကာ ဂိတ်စောင့်အား ရဲတပ်ဖွဲ့ကဖြစ်သည်ဟု ပြောဆို ဝင်ရောက်သွားခဲ့ပြီး ည ၇ နာရီ ၁၀ မိနစ်ခန့်တွင် အဆိုပါကားနှင့်အတူ ဒေါ်သူဇာမောင်တို့၏ ကားနှစ်စီးလည်း ခြံဝန်းအတွင်းမှ ထွက်ခွာသွားသည်ကို CCTV မှတ်တမ်းတွင် တွေ့ခဲ့ရကြောင်းလည်း သိရသည်။
မလေးရှားရဲတပ်ဖွဲ့အနေဖြင့် ရဲတပ်ဖွဲ့ကဟု ပြောဆိုခဲ့သူများ စီးနင်းလာသောကားနံပတ်အား စစ်ဆေးရာတွင် အတုဖြစ်ကြောင်း သတ်မှတ်ခဲ့ပြီး အဆိုပါကားအနေဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ကလည်း ဂိတ်ပေါက်သို့ လာရောက်ခဲ့ဖူးသည့် မှတ်တမ်းရှိထားကြောင်းလည်း သိရသည်။
ဖမ်းဆီးခံရပြီးနောက် ဇူလိုင် ၅ ရက်နေ့တွင် ဒေါ်သူဇာမောင်၏နေအိမ်သို့ သွားရောက်ကြည့်ရှုခဲ့သည့် လုပ်ဖော်ကိုင်ဖက်များက ဓားပြတိုက်ခဲ့သည့် လက္ခဏာမရှိကြောင်း ပြောဆိုခဲ့ကြပြီး ရဲတပ်ဖွဲ့အနေဖြင့်လည်း အမှုအား စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း HRW ကပြောထား သည်။
ဒေါ်သူဇာမောင်မှာ မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံသူတဦးဖြစ်ပြီး မလေးရှားနိုင်ငံရောက် အလုပ်သမားအရေး၊ မွတ်စလင် ဒုက္ခသည်အရေးတို့အား တက်ကြွစွာ လုပ်ဆောင်နေသူတဦးဖြစ်သည်။
၎င်းဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး အယ်လိန်း ပီယာဆန်က “ သူတို့မိသားစုရှိတဲ့နေရာကို အလျှင်အမြန်ဖော်ထုတ်ဖို့ ပြည်ပအစိုးရတွေက မလေးရှားအာဏာပိုင်တွေကို ဖိအားပေးရမယ်။ မြန်မာတက်ကြွလှုပ်ရှားသူတွေဟာ ဒုက္ခသည်အဖြစ် ခိုလှုံနေတဲ့ နိုင်ငံကနေ စစ်ကောင်စီကို ဝေဖန်တာတောင်မှ အန္တရာယ်ကျရောက်ကြောင်း ထင်ထင်ရှားရှားတွေ့နေရတယ်” ဟု ပြောသည်။
ဒေါ်သူဇာမောင်သည် မွတ်စလင်များအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြင်းထန်ခဲ့သည့် ကာလများဖြစ်သော ၂၀၁၅ ခုနှစ်ကတည်း မလေးရှားနိုင်ငံသို့ ရွေ့ပြောင်းလာခဲ့သူဖြစ်ပြီး ၎င်းတို့မိသားစုဝင်ငါးဦးအား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီက ဒုက္ခသည်များ အဖြစ် အသိအမှတ်ပြုထားသည်။
လက်ရှိတွင်လည်း ဒေါ်သူဇာမောင်အနေဖြင့် မလေးရှားနိုင်ငံ မြန်မာ့ရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့်အပြင် မလေးရှားနိုင်ငံရောက် မြန်မာမွတ်စလင်ဒုက္ခသည်အဖွဲ့အစည်း တည်ထောင်သူနှင့် မြန်မာမွတ်စလင်အမျိုးသမီးရေးရာအဖွဲ့ အကြီးအကဲလည်း ဖြစ်သည်။
You may also like these stories:
မြန်မာတွင် ရာဇဝတ်မှု ကင်ဆာ အမြစ်တွယ်နေ
မြန်မာအိမ်အကူများ သေဆုံးခြင်းနှင့် စင်ကာပူ၏ ဥပဒေဟာကွက်
လူကုန်ကူးမှု၊ ဒုစရိုက်ဂိုဏ်းများနှင့် ဝ ဒေသ
ထွန်းမင်းလတ်နှင့် ဆက်စပ်သည့် ကုမ္ပဏီသုံးခု ဖျက်သိမ်း