ကမ္ဘာ့ပြောင်းဈေး ကျဆင်းခြင်း၊ ထိုင်းဘက်မှအဝယ်နည်းပါးခြင်း တို့ကြောင့် မြန်မာ့ပြောင်းဈေးမှာ ယခု ရက်ပိုင်း ထိုးကျလာပြီး အရှုံးပေါ်နေကြောင်း ကုန်သည်များက ဆိုသည်။
ပြောင်းအဓိကတင်ပို့နေသော နိုင်ငံများဖြစ်သည့် အမေရိကန် ပြောင်း တတန်လျှင် ကန် ၂၇၁ ဒေါ်လာရှိခဲ့ရာမှ ယခုအခါ ၂၄၀ ဒေါ်လာအထိ ကျဆင်းပြီး၊ ဘရာဇီးပြောင်းမှာ တတန်လျှင် ၂၃၇ ဒေါ်လာရှိခဲ့ရာမှ ၂၁၅ ဒေါ်လာအထိ ကျဆင်းကာ အာဂျင်တီးနားပြောင်းမှာ တတန်လျှင် ၂၄၀ ဒေါ်လာရှိခဲ့ရာမှ ၂၂၁ ဒေါ်လာအထိသလို ယူကရိန်း ပြောင်းဈေးမှာလည်း တတန်လျှင် ၂၁၅ ဒေါ်လာရှိခဲ့ရာမှ ၁၉၇ ဒေါ်လာအထိ ကျဆင်း နေသည်။
ကမ္ဘာ့ပြောင်းဈေးကျနေသော်လည်း မြန်မာ့ပြောင်းမှာ ဒေသတွင်းဈေးကွက်၌ ဈေးမြင့်နေရာ ပုံမှန်ဝယ်နေသည့် ထိုင်း နိုင်ငံက ယခုနှစ် အခြားနိုင်ငံများမှ ဝယ်ယူနေကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ စစ်ကောင်စီ၏ မူဝါဒအပြောင်းအလဲများ၊ ပို့ကုန်တင်ပို့ရာတွင် လိုအပ်သည့် စာရွက်စာတမ်း ထုတ်ပေးမှု ကြန့်ကြာမှုများ၊ ကုန်သွယ်ရေး၌ ထိန်းချုပ်ကန့်သတ် မှုများကြောင့် ဈေးမြင့်နေရကြောင်းသိရသည်။
ထိုအခြေအနေများကြောင့် ပြည်ပတင်ပို့သည့် FOB (Free on Board) ပြောင်း ၁ တန်လျှင် အမေရိကန် ၃၃၀ ဒေါ် လာမှ ယခုအချိန်တွင်၂၈၀ ဒေါ်လာအထိ ကျဆင်းလာသဖြင့် ၁ တန်လျှင် ဒေါ်လာ ၅၀ ခန့် ကျဆင်းလာကြောင်း ကုန် သည်များထံက သိရသည်။
ပြည်ပသို့ ပြောင်းတင်ပို့နေသည့် လုပ်ငန်းရှင်တဦးက “အဓိကတော့ ဈေးအရမ်းကျသွားတာပေါ့။ ထိုင်းက ဝယ်တော့ ဝယ်တယ်။ ဒါပေမယ့် သူဝယ်တဲ့ဈေးက မြန်မာဘက်က မရောင်းနိုင်တဲ့ ဈေးဖြစ်နေတယ်။ ပွဲရုံတွေ လှောင်လက်တွေ ကုန်သည်တွေ ဒီနှစ်ကတော့ ရှုံးတယ်။ မူဝါဒပိုင်း အခက်အခဲတွေ၊ ဌာနဆိုင်ရာ စာရွက်စာတမ်း အခက်အခဲတွေ၊ ကုန် သွယ်ရေးမှာ ထိန်းချုပ်မှုတွေကြောင့် ဖြစ်တာ” ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။
ယခုနှစ်တွင် ပုံမှန်ဝယ်ယူနေကြ ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားမှ ပြောင်းကို တင်သွင်းခြင်း၊ ပြောင်းသုံးရမည့်နေရာ တွင် ဂျုံအစားထိုးအသုံးပြုခြင်းတို့ကြောင့်လည်း ပြောင်းဈေးနှုန်းများ ကျဆင်းလာ ကြောင်း ၎င်းကပြောသည်။
ဆက်လက်၍ ၎င်းက “ဝယ် တုန်းက ၁ တန် အမေရိကန်ဒေါ်လာ ၃၃၀ နဲ့ ဝယ်ထားရတော့ အခု ၁ တန်၂၈၀ လောက် ပဲရှိတော့ ၁ တန် ၅၀ ကျ တယ်။ အဲဒီတော့ ကုန်သည်အနေနဲ့ ၂၀ နဲ့ ၂၅ ရာခိုင်နှုန်းလောက် ရှုံးတာပေါ့။ လက်ရှိကတော့ ကမ္ဘောဒီးယား ပြောင်း နည်းနည်း ဝင်လာမယ်။ ထိုင်းစက်ရုံဈေး ဆွဲချတယ်။ ကမ္ဘာ့ဈေးလည်း ကျနေတယ်။ ဒီအခြေအနေတွေကြောင့် မြန်မာ့ ပြောင်းဈေးက တော်တော် ဆိုးရွားသွားတာ” ဟု ဆိုသည်။
မြန်မာပြောင်း ဈေးမြင့်နေခြင်းမှာ စစ်ကောင်စီက ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းကို ၂၁၀၀ ကျပ်နှင့် ဖြတ်ယူပြီး ကျန် ၅၀ ရာခိုင်နှုန်းကိုလည်း ဘဏ်များတွင် ၁ ဒေါ်လာ ၂၉၂၀ ကျပ်နှင့် လဲလှယ်ရမည် ဖြစ်သဖြင့် ယင်းအခြေအနေတွင် တခြားသောနိုင်ငံများကဲ့သို့ ဆိပ်ကမ်းအရောက် မရောင်းချနိုင်ဖြစ်နေသည့်အတွက် မြန်မာနိုင်ငံကုန်သည်များအနေနှင့် တွက်ချေမကိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အမေရိကန် ဒေါ်လာ ပြင်ပပေါက်ဈေးမှာ ၁ ဒေါ်လာလျှင် ငွေကျပ် ၃၁၀၀ ဝန်းကျင် ရှိနေသောကြောင့် စစ်ကောင်စီ သတ်မှတ်နှုန်းနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်း ကွာဟမှုများ ရှိနေသည်။
လက်ရှိ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဖြစ်သည့် မြဝတီမြို့တွင်လည်း ပြောင်းဈေးမှာ ပြီးခဲ့သည့်လက တကီလိုလျှင် ၁၁ ဒသမ ၉ ဘတ်သာ ရှိသော်လည်း ယခုအချိန်တွင် တကီလို ၁၀ ဒသမ ၃ ဘတ်သာရှိသဖြင့် ၁၃ ရာခိုင်နှုန်းခန့် ထိုး ဆင်းသွားသဖြင့် အထက်ပါ အခြေအနေများကြောင့် ယခုနှစ်တွင် ပြောင်းတင်ပို့မှု ကျဆင်းနိုင်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း အသင်းနှင့် ပြောင်းကုန်သည်များက သုံးသပ်ထားသည်။
မြဝတီမြို့ ပြောင်းကုန်သည် တဦးက “ဒီနှစ်ကတင်ပို့မှု နည်းသွားနိုင်တယ်။ ပြီးခဲ့နှစ်ကဆိုရင် ထိုင်း ၂ ဒသမ ၂ မီလီယံ လောက် တင်ပို့နိုင်တယ်။ ဒီနှစ်တော့ အဲဒီလောက် ပို့နိုင်ပါ့မလားမသိဘူး။ ၂ သန်းအောက်တောင် ဆင်းသွားမလား မသိဘူး။ အဲဒီလိုတွေ ဖြစ်နေတယ်။ အခု FOB ၁ တန်ဈေး၂၈၀ ပေးပေမယ့် ရှုံးတဲ့အတွက် ဘယ်သူမှ မရောင်းနိုင်ကြ ဘူး။ အခု လကုန်နဲ့ ဩဂုတ်လဆိုရင်တော့ ဘယ်လောက်ပဲပေးပေး ရောင်းကြရတော့မှာ ဘာကြောင့်လဲဆိုတော့ ပြောင်းအသစ် ပေါ်ပြီလေ။ အဲဒီကျပြန်ဝယ်ဖို့ ပိုက်ဆံ မရှိတော့ဘူးလေ။ ပြောင်းအဟောင်းကလည်း အကြာကြီးထားလို့ မရဘူး”ဟု ပြောသည်။
ယင်းအခြေအနေများကြောင့် လာမည့်နှစ် ပြောင်းပေါ်မည့် ရာသီတွင်လည်း ယခုထက် ပိုကျလာနိုင်သည့် အလားအ လာများလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။
ပြောင်းစိုက်ပျိုး တင်ပို့ရောင်းချသူ ကုန်သည်တဦးကလည်း လက်ရှိတွင် စိုက်ပျိုးစရိတ်ကြီးမြင့်ခြင်း၊ မြေဆီဈေးတက် ခြင်းများကြောင့် စိုက်ပျိုးထုတ်မှုတွင် ကုန်ကျစရိတ်များတိုးလာသလို ပို့ကုန်ရငွေကို စစ်ကောင်စီ၏ သတ်မှတ်ချက်ဖြစ် သည့် ၁ ဒေါ်လာ၂၁၀၀ ကျပ်နှင့် ဘဏ်သွင်းရခြင်း၊ ၁ ဒေါ်လာ၂၉၂၀ ကျပ်နှင့် ရောင်းချရပြီး ပို့ကုန်တင်ပို့ရန်အတွက် ဒေါ်လာဝယ်ထည့်ရသည့်ဈေးမှာ ၃၀၀၀ ကျပ် အကျော်တွင်ရှိသောကြောင့် ပို့ကုန်သမားများကလည်း တောင်သူထံက ဈေးလျှော့ဝယ်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လက်ရှိအချိန်ထိ ပြည်ပသို့ ပြောင်းတန်ချိန် ၁ သန်းခွဲကျော် တင်ပို့ပြီးကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းထံမှ သိရသည်။
You may also like these stories :
ပြည်ပသို့ ပြောင်းတင်ပို့မှု ရပ်တော့မလား
ဒေါ်လာဈေးကြောင့် ဆေးဝါးနှင့် စက်သုံးဆီဈေးများလည်း တက်လာ
ပို့ကုန်ရငွေလဲလှယ်နှုန်း လျှော့ချပေးသော်လည်း အလုပ်မဖြစ်ဟု လုပ်ငန်းရှင်များဆို