ပဲခူးတိုင်းအတွင်းရှိ၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ညောင်လေးပင်မြို့နယ်ထဲတွင် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များကြား ဇူလိုင် ၁၄ ရက်မှ စတင်ကာ တိုက်ပွဲများဖြစ်နေကြောင်း KNU တပ်မဟာ ၃ နှင့် နီးစပ်သူများက ဧရာဝတီကို ပြောသည်။
တိုက်ပွဲသည် ညောင်လေးပင်မြို့အရှေ့မြောက်ဘက်နှင့် စစ်တောင်းမြစ်အနောက်ဘက်ကမ်းကြားရှိ ရွာများ၌ ဇူလိုင် ၁၄ ရက်မှစတင်ကာ ဇူလိုင် ၁၇ ရက် နံနက်ပိုင်းထိ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း KNU တပ်မဟာ ၃ သတင်း ရင်းမြစ်တဦးက ပြောသည်။
၎င်းက “တိုက်ပွဲက ၁၄ ရက်နေ့မှာ တကြိမ်၊ နေ့လယ် ၂ နာရီဝန်းကျင်လောက်ပေါ့၊ စဖြစ်တယ်။ ၁၅ ရက်နေ့မှာလည်း ဖြစ်တယ်။ ပြီးတော့ ၁၇ ရက် မနက်မှာလည်း တကြိမ်ဖြစ်တယ်” ဟု ဆိုသည်။
တိုက်ပွဲအခြေအနေအသေးစိတ်နှင့် နှစ်ဖက်ထိခိုက်မှုများကိုမူ ပြောဆိုခြင်းမရှိသော်လည်း တိုက်ပွဲသည် ညောင်လေး ပင်မြို့မြောက်ဘက် ရန်ကုန်-မန္တလေးရထားလမ်းဘေးရှိ တောဝိရွာ အပါအဝင် ကောက်မယ်သူ၊ ဂွေးကုန်း စသည့် ရွာများကြား၌ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ၎င်းက အတည်ပြုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ညောင်လေးပင်မြို့ အရှေ့ဘက်ရွာများသို့ စုစုပေါင်း စစ်အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းနှစ်ကြောင်းထပ်ပို့ထားပြီး နေ့စဉ်ဆိုသလို လက်နက်ကြီးပစ်ခတ်မှုများလုပ်နေကြောင်းလည်း ရှင်းပြသည်။
စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ခတ်မှုများကို ဇူလိုင် ၁ ရက်မှ စတင်ကာ ညောင်လေးပင်နှင့် ပိန်းဇလုပ်မြို့ရှိ အထိုင်တပ်စခန်းများမှတဆင့် ပစ်ခတ်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
KNU တပ်မဟာ ၃ သတင်းရင်းမြစ်က “လက်နက်ကြီးကို ပိန်းဇလုပ်တပ်ရင်းထဲမှာ ထိုင်ပြီးပစ်တယ်။ တောဝိကနေလည်း ထိုင်ပစ်တယ်။ ရဲလှကုန်းရွာတို့၊ ရေဖြူကန်ရွာတို့ကနေလည်း ညောင်လေးပင်ကနေ လက်နက်ကြီး တွေ ကားနဲ့သယ်လာပြီးပစ်တယ်။ ပစ်ပြီးရင် ပြန်တယ်ပေါ့။ ညောင်လေးပင် ခမရ-၂၀ နဲ့ ပိန်းဇလုပ် ခလရ-၂၆၄ ပေါ့။ ၄/ ၅/ ၆ လုံး ပစ်ပြီးရင်ပြန်သွားတယ်” ဟု ပြောသည်။
KNU ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနကလည်း ဇူလိုင် ၁ ရက်မှစတင်ကာ စစ်ကောင်စီတပ်နှင့် KNU ကြား တိုက်ပွဲ ဖြစ်ပွားနေသဖြင့် ကျေးရွာ ၁၆ ရွာထက်မနည်းမှ ဒေသခံ ၁၄,၁၁၇ ဦး စစ်ဘေးရှောင်နေရကြောင်း ဇူလိုင် ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။
တိုက်ပွဲသည် စစ်ကောင်စီလက်အောက်ခံတပ်နှင့် KNU တပ်မဟာ ၃ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA) တပ်ရင်း(၇) ဦးဆောင်သည့် ပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်နေခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဘက်မှ ၈၁ မမ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တိုက်ပွဲများကြောင့် အောက်မိုးခို၊ ရွှေခဲစု၊ အင်းကျိုက်၊ အင်းပုဝါ၊ ဂွေးကုန်း၊ ချုံအင်း၊ ကောက်မယ့်သူ၊ ပျဉ်ရေ၊ ဝိုင်ကျွန်း၊ သိုက်တူးကုန်း၊ ညောင်ပင်ကြီးရွာသစ်၊ ညောင်ပင်ကြီးရွာမ၊ စပ်စု၊ သက်ကယ်ကုန်း၊ အင်္ဂနီ၊ ကျောက်တန်း၊ စံဖဲ စသည့် ရွာများမှဒေသခံများ စစ်ဘေးရှောင်နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ရှောင်နေရသည့်ရွာများမှာ ညောင်လေးပင်မြို့နယ်နှင့် ရွှေကျင်မြို့နယ်ထဲမှ ရွာများဖြစ်ပြီး စစ်တောင်းမြစ်အရှေ့ဘက် ကမ်းနှင့် အနောက်ဘက်ကမ်းနဖူးပေါ် တည်ထားသည့်ရွာများလည်း ဖြစ်သည်။
စစ်ရှောင်အများစုကို ရွှေကျင်မြို့နယ်ထဲရှိ ဘေးလွတ်ရာနေရာများ၌ ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီက ကူညီစောင့်ရှောက်ပေးနေကြောင်း သိရသည်။
ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီမှ တာဝန်ရှိသူတဦးက “စားရေးသောက်ရေး လိုအပ်ချက်ရှိတယ်။ ဆေးကုသ မှုအပိုင်းမှာရောပေါ့။ ထွက်ပြေးလာတဲ့သူတွေက ဘာတခုမှပြင်ဆင်မထားဘူးလေ။ ကျန်းမာရေးစောင့်ရှောက်မှုမှာ လည်း လိုအပ်တာပေါ့။ မြို့တွေမှာလည်း သွားမကုရဲ၊ မသွားနိုင်ဆိုတော့။ လမ်းမှာလည်းတပ်တွေက ဂိတ်ချပြီးစစ်ဆေး မေးမြန်းတာတွေ၊ ဆေးဝါးသယ်ခွင့်တွေ ကန့်သတ်တာရှိတော့ အခက်အခဲတွေ ရှိနေပါတယ်” ဟု ပြောသည်။
စစ်ရေးလေ့လာသူတဦးကလည်း KNU တပ်မဟာ (၃) လက်အောက်ခံတပ်ရင်းနှင့် ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်များသည် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှ စစ်တောင်းမြစ်အနောက်ဘက်ကမ်းသို့ ဝင်ရောက်လာသ ဖြင့် စစ်ကောင်စီတပ်များနှင့်တွေ့ဆုံကာ တိုက်ပွဲဖြစ်နေခြင်းဟု ဆိုသည်။
၎င်းက ကရင်ပူးပေါင်းတပ်များသည် စစ်တောင်းမြစ်အနောက်ဘက်ကမ်းမှတဆင့် ပဲခူးရိုးမထဲတိုးဝင်နိုင်ရန် ကြိုးပမ်းနေ ပုံရပြီး စစ်ကောင်စီတပ်ကလည်း ပူပေါင်းတပ်များ ရိုးမထဲမဝင်နိုင်ရေး ရန်ကုန်-မန္တလေးရထားလမ်းတလျှောက် အပါ အဝင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိမြို့များ၌ တပ်ဖြန့်ကာ ပိတ်ဆို့နေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။
၎င်းက “စကခ-၆ က တကျောလုံးပဲ ရွှေကျင်၊ ကျောက်ကြီး၊ အုတ်ဖြတ်၊ မုန်း။ အဲဒီမှာ တပ်ဖြန့်နေရာယူထားတာပေါ့။ စကခ တခုမှာ ပုံမှန်တော့ တပ်ရင်း ၁၀ ရင်းပါတာပေါ့။ တပ်ရင်း ၁ ရင်းကို လူ ၁၀၀၊ ၁၂၀ နဲ့ တွက်ရင်တော့ အင်အား ၁၀၀၀ ကျော် ရှိမှာပေါ့။ တပ်က စကခ-၆ တခုတည်းတော့ မဟုတ်ဘူး။ စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းက အထိုင်တပ်တွေ လည်း ရှိသေးတယ်။ အဲဒါတွေနဲ့ပေါင်းပြီး ပိတ်ထားတာပေါ့” ဟု ဆိုသည်။
အမှတ်(၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆)သည် နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သော နေပြည် တော် ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့၊ သဲဖြူကျေးရွာ၌တည်ရှိသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တခုဖြစ်ပြီး “စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ်” ဆိုသည်မှာ ‘ခြေမြန်တပ်မဌာနချုပ်’ အသွင်ယူထားသော တိုက်ခိုက်ရေးတပ်ဖွဲ့ ဖြစ်သည်။
KNU နှင့် PDF ပူးပေါင်းတပ်များ ရှေ့ဆက်တိုးလာပါက ခံစစ်ပြင်နေသည့် စစ်ကောင်စီတပ်များနှင့် တွေ့ဆုံနိုင်သဖြင့် စစ်တောင်းမြစ်ဝှမ်း အနောက်ဘက်ကမ်းဒေသ၌ ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်လာနိုင်စရာ အခြေအနေရှိကြောင်း လည်း စစ်ရေးလေ့လာသူတဦးက ခန့်မှန်းသည်။
You may also like these stories:
စစ်ကောင်စီ တပ်စခန်းများကို KNU ဆက်တိုက် သိမ်းပိုက်
ညောင်ချောင်းရွာ တိုက်ပွဲ၌ တပ်မ ၄၄ ဗျူဟာမှူး သေဆုံးဟု KNU ပြော
မြဝတီ-ဝေါလေ၌ အထိနာသည့် စစ်တပ်အတွင်း အမိန့်မနာခံမှုများ ဖြစ်နေဟုဆို
တပ်မဟာ ၇ နယ်မြေ၌ ကော်သူးလေတပ်အား လှုပ်ရှားခွင့် မပြုကြောင်း KNU ထုတ်ပြန်