ယခုလဆန်းပိုင်းမှစ၍ မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းရှိ ရွာများသို့ စစ်ကောင်စီနှင့် ပျူစောထီးများက စစ်ကြောင်းထိုးရာ ဒေသခံ ၄၀ ကျော် ဖမ်းဆီးခံရပြီး ၅ ဦး သတ်ဖြတ်ခံရကြောင်း သိရသည်။
မြင်းခြံမြို့နယ်မှ ၁၅ ဦး၊ ငါန်းဇွန်မြို့နယ်မှ ၁ ဦး၊ တောင်သာမြို့နယ်မှ ၁၆ ဦး၊ နွားထိုးကြီးမြို့နယ်မှ ၁၅ ဦး အဖမ်းခံရပြီး မြင်းခြံ မြို့နယ် ရွှေပေါ်ကျွန်းနှင့် ငွေပေါ်ကျွန်းရွာမှ အသက် ၅၀ ကျော်နှင့် အသက် ၈၀ ကျော် အမျိုးသမီး ၂ ဦး၊ အသက် ၅၀ ကျော် အရွယ် အမျိုးသားတဦးတို့အပြင် ထိန်ပန်းနှင့် ရွာသစ်ကျေးရွာကြားရှိ ကွမ်းခြံမှ လုပ်သား ၂ ဦးတို့ အသတ်ခံရသည်။
မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( ပကဖ)မှ တာဝန်ရှိသူတဦးက “မြင်းခြံခရိုင်ထဲမှာ ခမရ ၁၅ က တပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေ၊ ပျူစောထီးတွေပေါင်းပြီး ရွာတွေဘက်မှာ ကင်းပုန်းဝပ်တာ၊ ကင်းလှည့်တာ၊ စစ်ကြောင်းထိုးတာတွေကို ဇူလိုင်လ ဆန်းပိုင်းကစပြီး ဆက်တိုက် လုပ်လာကြတာ၊ အချို့ရွာတွေကို မီးရှို့ကြသလို ဒေသခံတွေကိုလည်း ဖမ်းပြီး ရိုက်နှက်နှိပ်စက် တာမျိုးတွေလည်း လုပ်နေကြတယ်”ဟု ပြောသည်။
နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်များက ဖလံကုန်းရွာ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး ခေါင်းဆောင် ဦးမောင်ဌေးဆိုသူနှင့် မြင်းခြံမြို့နယ် ရွှေပေါ်ကျွန်းရွာနေ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး ခေါင်းဆောင် ဦးသန်းထွန်းအောင်တို့ကို သတ်၍ လက်နက် ခဲယမ်းများကို ယူသွားသဖြင့် ဇူလိုင် ၄ရက်တွင် ဝက်လူးရဲစခန်းမှ စစ်တပ်နှင့် ရဲအင်အား ၅၀ ကျော်မှ မြင်းခြံ မြို့နယ် ရွှေပေါ်ကျွန်း၊ ငွေပေါ်ကျွန်းရွာများသို့ ဝင်စီးပြီး ဒေသခံ ၁၅ ဦးခန့်ကို ဖမ်းဆီးသွားရာ ယနေ့ထိ ပြန်လည် လွှတ် ပေးခြင်း မရှိသေးကြောင်း သိရသည်။
ထိုစီးနင်းမှုတွင် ငွေပေါ်ကျွန်းရွာမှ အသက် ၅၀ အရွယ် ဒေါ်ဖွားစိနှင့် အသက် ၅၅ နှစ်အရွယ် ဦးကျော်စိုးတို့ အဖမ်းခံရပြီး နေအိမ်များ မီးရှို့ရာတွင် ထည့်သွင်း သတ်ဖြတ်ခဲ့ကြသလို ရွှေပေါ်ကျွန်းရွာတွင်လည်း အိမ် ၁၁လုံး မီးရှို့ခံရသလို အသက် ၈၀ ကျော်အရွယ် ဒေါ်သန်းကြည်မှာလည်း မီးထဲပါကာ သေဆုံးခဲ့ရသည်။
ဇူလိုင် ၈ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများက ငါန်းဇွန်မြို့နယ် သာကျင်းကျေးရွာအား တအိမ်တက် တအိမ်ဆင်း ဝင်ရောက်ရှာဖွေပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဇူလိုင် ၁၃ ရက်တွင် တောင်သာမြို့နယ် ဇရပ်ကြီး၊ မခမ်းအိုင်တောရိုးရွာမှ အမျိုးသား ၅ ဦး၊ နန်းမြင့်ရွာမှ ၆ ဦးနှင့် ဇူလိုင် ၁၅ ရက်တွင် နွားထိုးကြီးမြို့နယ်မှ ဒေသခံ ၁၀ ဦးကို ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် အသုံးပြုကာ မကျီးကန် ကျေးရွာဘက်သို့ စစ်ကြောင်း ထိုးခဲ့ပြီး မကျီးကန်ကျေးရွာမှ ပြည်သူ ၅ ဦးကိုလည်း ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ဇူလိုင် ၁၆ ရက်နေ့တွင်လည်း တောင်သာမြို့မှ ထွက်ခွာလာသော စစ်ကောင်စီတပ်သည် တောင်သာမြို့နယ် နန်းမြင့်ရွာကို ထပ်မံဝင်ရောက်စီးနင်းခဲ့ကြပြီး အမျိုးသမီးများအပါအဝင် ၅ ဦးကို ဖမ်းဆီးသွားသောကြောင့် တောင်သာမြို့နယ်မှ ဒေသခံ စုစုပေါင်း ၁၆ ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ထို့ပြင် ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက မြင်းခြံ မီးပေါက်ရွာမှ တောင်ပုံရွာသို့ ထွက်လာသော အင်အား ၂၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့သလို တပ်ကူလာသည့် ကား ၂ စီးကို မိုင်း ၁၂ လုံးဖြင့် ၃ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးခန့် သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် (၅) တပ်ရင်း၊ တပ်ခွဲ (၂) (MGN 35 ပြောက်ကျားတပ်ဖွဲ့) တာဝန်ခံ ကိုနွေမိုက်က ပြောသော်လည်း တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်မှ သေဆုံးမှုနှင့် ပတ်သက်၍ ဧရာဝတီမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။
ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးအနားရှိ ကွမ်းခြံမှ လုပ်သား ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် (၅) တပ်ရင်း၊ တပ်ခွဲ ၂ (MGN 35 ပြောက်ကျားတပ်ဖွဲ့)နှင့် မြင်းခြံ ဗိုလ်စက္က ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း MGN 35 ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုနွေမိုက်က ဆက်ပြောသည်။
You may also like these stories:
မန္တလေးတိုင်း၌ သတ်ဖြတ်စွန့်ပစ်ခံရသူ တလအတွင်း ၁၇ လောင်းရှိ
ငါန်းဇွန် လမ်းဘေးတွင် အလောင်း ၂ လောင်း စွန့်ပစ်ထား
နွားထိုးကြီး၌ စစ်တပ်က ရွာခံ ၃ ဦးကို သတ်၍ လမ်းဘေးစွန့်ပစ်