၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည် အနောက်ဖက် ချင်းတောင်တန်းများပေါ်က ထန်တလန်မြို့မှ အထက်တန်းကျောင်းသားအများစုသည် စစ်တပ်ကို ခုခံတော်လှန်ရန် ပညာရေးကို စွန့်လွှတ်ကာ လက်နက်စွဲကိုင်ကြသည်ဟု ဒေသခံ ကျောင်းဆရာ ဆလိုင်းက ပြောသည်။
ကမ္ဘာ့ဘဏ်က ဇူလိုင်လတွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ အာဏာသိမ်းမှုဖြစ်ပြီးနောက် တိုက်ပွဲများကျယ်ပြန့်လာသော အရှေ့တောင်အာရှမှ အဆင်းရဲဆုံး မြန်မာနိုင်ငံတဝှမ်း ကျောင်းတက်နိုင်သူ အားလုံး၏ ၂၂ ရာခိုင်နှုန်းသာ ကျောင်းတက်သည်ဟု ဖေါ်ပြထားသည်။
တနိုင်ငံလုံး ကျောင်းများတွင် ကျောင်းတက်သည့်နှုန်းသည် ၂၀၁၇ နှင့် ၂၀၂၃ ခုနှစ် အကြား ၁၂ ရာခိုင်နှုန်း ကျဆင်းသည်ဟု ကမ္ဘာ့ဘဏ်က ဖေါ်ပြသောကြောင့် ပညာသင်ကြားနိုင်မှု အကျပ်အတည်းဆိုက်နေကြောင်း မီးမောင်ထိုးပြသည်။
ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် စစ်တပ်ကဖြုတ်ချပြီး ဆန့်ကျင်ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းသောကြောင့် ကျယ်ပြန်သော အုံကြွမှုဖြစ်ပြီး ပြည်သူ ထောင်ချီအသတ်ခံရသောကြောင့် မြန်မာနိုင်ငံသည် ဖရိုဖရဲဖြစ်နေသည်။
ကိုဗစ်နိုင်တင်း ကပ်ရောဂါအပြီးတွင် ဒေသတွင်းမှ အခြားနိုင်ငံများတွင် ကျောင်းတက်နှုန်းပြန်တက်လာသော်လည်း မြန်မာကလေးများ ကျောင်းသို့ ပြန်ရောက်မလာကြောင်း ကမ္ဘာ့ဘဏ်က မိသားစု ၈၅၀၀ နီးပါးထံမှ ကောက်ယူသည့် စစ်တမ်းကို အခြေခံပြောကြားသည်။
မြန်မာမှ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများသည် စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်သော လှုပ်ရှားမှုတွင် ရှေ့တန်းမှ ပါဝင်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ဆရာဆရာမ အများအပြားသည် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ကြပြီး ပညာရေးကဏ္ဍ အခြေယိုင်သွားသည်။
“၂၀၁၇ ခုနှစ်ဝန်းကျင် မြန်မာတွင် အဆင့်အားလုံး ပညာသင်ကြားမှု တိုးတက်လာသည်ကို ထည့်သွင်းစဉ်းစားပါက ၂၀၁၇ နှင့် ၂၀၂၃ ခုနှစ်အတွင်း ကလေးများ ပညာသင်ကြားမှုနှုန်း ကျဆင်းခြင်သည်း ပညာသင်ကြားနိုင်မှု အကျပ်အတည်းကို ညွှန်ပြနေသည်” ဟု အထက်ပါ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
အကြမ်းဖက်ခံနေရသော ဒေသများတွင် ကျောင်းပြန်တက်သည့်ကျောင်းသားများသည်ပင် ဆရာ ဆရာမများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ ပညာရေး သင်ကြားခွင့် အခြေခံများ ထိန်းထားရန် အပြင်းအထန် ရုန်းကန်နေရသည်။
“ကျနော်တို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုက အရည်အသွေးမီ ဆရာ ဆရာမ မလုံလောက်တာပဲ” ထန်တလန်မှ ဆလိုင်းက ပြောသည်။ သူသည် လုံခြုံရေးအကြောင်းများကြောင့် အမည်အပြည့်အစုံ ပြောကြားခြင်း မပြုပေ။
ထန်တလန်မှ ကျောင်းသားကျောင်းသူ ၁၇၀၀၀ ခန့်ကို စေတနာ့ဝန်ထမ်း ဆရာဆရာမ ၁၁၀၀ ခန့်က စင်ပြိုင်ပညာရေး သင်ကြားပေးနေသည်။ ထိုကျောင်းသားများအနက်အချို့သည် သစ်သားတိုင်များတွင် ပလပ်စတစ်များသာ မိုးကာထားသည့် စာသင်ခန်းများတွင် ပညာသင်ယူရသည်ဟု ထိုပညာရေးစနစ်ကို ကြီးကြပ်နေသည့် ဆလိုင်းပြောသည်။
နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း ခင်ဦး မြို့နယ်မှ ကျေးရွာတရွာတွင်လည်း ယခင်အစိုးရကျောင်းများမှ ဆရာဆရာမများနှင့် စေတနာ့ဝန်ထမ်းများသည် ကျောင်းသား ၂၀၀ ခန့်ကို ပြန့်ကျဲနေသည့် လက်ဖြစ်တဲများကြား ယာယီစာသင်ခန်းများတွင် သင်ကြားပေးနေသည်။
ထိုဒေသတွင် စစ်ကောင်စီတပ်များ ရှိနေသောကြောင့် အဓိက စိုးရိမ်ပူပန်မှုသည် ကျောင်းသားများ၏ လုံခြုံရေးဖြစ်ကြောင်း ထိုကျောင်းကို ပူးတွဲထူထောင်သည့် အသက် ၄၉ နှစ်အရွယ်ကျောင်းဆရာက ပြောသည်။ လုံခြုံရေးစိုးရိမ်ရသောကြောင့် သူ၏အမည်ကို ပြောကြားခြင်းမပြုပေ။
“စစ်ကောင်စီတပ်က ကျေးရွာတွေကို အမြောက်တွေနဲ့မကြာခဏပစ်ပြီး ကြောက်လန့်မှုတွေ ဖြစ်စေတယ်” ဟု ထိုကျောင်းဆရာပြောသည်။ “စစ်ကောင်စီတပ်တွေလာရင် လွတ်နိုင်ခြေရှိတဲ့ လမ်းတွေကို ကျနော်တို့ စဉ်းစားထားရတယ်” ဟုလည်း သူပြောသည်။
ကိုးကား။ ။ Reuters ၏ Myanmar’s education system in ‘crisis’ as rebellion rages on, says World Bank
You may also like these stories:
တပြေးတည်း ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေ
စစ်တပ်ရှိသမျှ ပြည်သူလူထု ဘယ်တော့မှ အဆင်ပြေမှာ မဟုတ်ဘူး
နိုင်ငံမဲ့ကလေးတွေ ထိုင်းက ပညာသင်ကြားခွင့် ပိတ်ပင်တာ စိုးရိမ်စရာ
ထိုင်းထောင်တွင်းမှ ပေးစာ တစောင်
စစ်ကောင်စီ ပညာရေးနှင့် ရင်လေးဖွယ် မြန်မာ့အနာဂတ်