ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက အပစ်ရပ်သဘောတူညီချက်များကို လိုက်နာခြင်းမရှိဘဲ ချိုးဖောက်နေသည့်အတွက် စစ်ရေး ပဋိပက္ခဖြစ်လာနိုင်ခြေရှိကြောင်း ရက္ခိုင့်တပ်တော်( AA ) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
စစ်ကောင်စီနှင့် AA တို့သည် မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး အထူးသံတမန် မစ္စတာဆာဆာကာဝါ၏ ကြားဝင်စေ့စပ်မှုဖြင့် နိုဝင်ဘာလတွင်း ဒုတိယအကြိမ် အပစ်ရပ်စဲခဲ့ကြသည်။
ထိုသို့ အပစ်ရပ်သဘောတူညီချက်တွင် လူသားချင်းစာနာမှုဆိုင်ရာ သဘောတူညီချက်များဖြစ်သည့် ဖမ်းဆီးမှုများကို ရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသည့် ပြည်သူများကို ပြန်လည်လွှတ်ပေးရန်နှင့် ပိတ်ဆို့ထားသည့် လမ်းကြောင်းများ ပြန်လည်ဖွင့်ရန်တို့ ပါဝင်ကြောင်း ဦးခိုင်သုခက ဆိုသည်။
၎င်းက “ဒုတိယအကြိမ် အပစ်ရပ်တာက လူသားချင်းစာနာမှုဆိုင်ရာ သဘောတူညီချက်နဲ့ ရပ်တာဖြစ်တယ်။ နှစ်ဖက် ဖမ်းဆီးမှုတွေကို ရပ်တန့်ဖို့၊ ဖမ်းဆီးထားတဲ့ ပြည်သူတွေကို ပြန်လွတ်ပေးဖို့ သဘောတူညီချက်တွေ ပါတယ်။ အခုအချိန်မှာ စစ်ကောင်စီက သဘောတူညီချက်တွေကို ချိုးဖောက်တာတွေ ရှိတယ်။ ပြည်သူတွေကို အကြမ်းဖက် ပုဒ်မတွေနဲ့ ထောင်ချတာတွေ ရှိတယ်” ဟု ဧရာဝတီသို့ပြောသည်။
ထိုသို့ နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲများ ရပ်တန့်ထားခဲ့သော်လည်း စစ်ကောင်စီသည် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခြင်း မရှိသလို ယခု ဇူလိုင် ၇ ရက် နေ့တွင်လည်း သံတွဲခရိုင်ထွေအုပ်ရုံးမှ အကြီးတန်းစာရေးဖြစ်သူ ဦးဝင်းမောင်မောင်ဖြိုးကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှု ၅၀၅ က ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။
သံတွဲခရိုင်ထွေအုပ်ရုံးမှ ဦးဝင်းမောင်မောင်ဖြိုးသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က နေအိမ်မှနေ ရုံးသို့ သွားရောက်စဉ် စစ်ကောင်စီတပ်မှ ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် ၅၀၅-က ၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ ( ၁ ) တို့ဖြင့် တရားစွဲဆိုခံခဲ့ရသည်။
အလားတူ တောင်ကုတ်မြို့နယ်အတွင်း ဒေသခံ ၆ ဦးကိုလည်း ဇူလိုင်လ ၁၁ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ ( ဈ ) ဖြင့် စစ်ကောင်စီလက်အောက်ခံ သံတွဲခရိုင်တရားရုံးမှ ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်သည်။
ယင်းအပြင် AA နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသော ဘူးသီးတောင်မြို့နယ်၊ တပ်မင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှနှင့် မီးကျောင်းဈေး ကျေးရွာအုပ်ချုပ်ရေးမှူး အာမိန်းဟူဆောင်းတို့ကိုလည်း ဘူးသီးတောင်မြို့နယ်တရားရုံးမှ ပုဒ်မ ၁၇ (၁)ဖြင့် စွဲချက်တင်ခဲ့သည်။
ဦးခိုင်သုခက “ဖမ်းထားတဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးဖို့ ကျနော်တို့ SAC (စစ်ကောင်စီ) ကို တောက်လျှောက် ပြောနေတာရှိတယ်။ အဲဒီကြားထဲမှာ ပြည်သူတွေကို ထောင်ချတာက လုံးဝ လက်မခံနိုင်တဲ့ ကိစ္စဖြစ်တယ်။ ဒါက နှစ်ဖက် ယုံကြည်မှုကို အကြီးအကျယ် ထိခိုက်စေတယ်။အဲဒါမျိုးတွေကို စစ်ကောင်စီအနေနဲ့ ဆက်မလုပ်ဘဲ ရပ်တန့်ဖို့ လိုတယ်။ မဟုတ်ဘူးဆိုရင်တော့ စစ်ရေးပဋိပက္ခတွေဆီ ဦးတည်သွားနိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းအပြင် စစ်ကောင်စီသည် အပစ်ရပ်ပြီးသည့် နောက်ပိုင်း ကုန်စည်စီးဆင်းမှုများကို ပြန်လည်ဖွင့်ပေး ထားသည်ဟုဆိုသော်လည်း ပြည်မမှ တင်သွင်းလာသည့် ကုန်ကားများအား နယ်/ လုံ လက်မှတ်ပါမှ သွားခွင့်ပြုကြောင်း၊ ဒေသတွင်း ကုန်ပစ္စည်းများ ပို့ဆောင်ရာတွင်လည်း စက်လှေများအား နယ်/လုံ လက်မှတ်နှင့်သာ သွားလာခွင့်ပြုထားသည့်အတွက် ဒေသခံများအနေဖြင့် ကုန်စည်များ တင်သွင်း ရောင်းချရာတွင် အခက်အခဲများ ကြုံနေရဆဲဖြစ်သည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များသည့် ရသေ့တောင်မြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့တွင် မိုခါမုန်တိုင်းသင့်ပြည်သူများကို ကူညီထောက်ပံ့မည့်ကိစ္စအား အကြောင်းပြကာ AA ထိန်းချုပ်ထားသည့် နယ်မြေများသို့ စစ်ကားများဖြင့် ဝင်ရောက်ရန် ကြိုးစားသည့်အတွက် နှစ်ဖက် တင်းမာမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက “မိုခါ မုန်တိုင်းကို အခွင့်ရေးယူပြီးတော့ ပြည်သူလူထုကို ဝန်ဆောင်မှုပေးတဲ့ ပုံစံမျိုးနဲ့ ULA /AA ထိန်းချုပ်တဲ့ နယ်မြေတွေကို ထိုးဖောက်ချင်တယ်။ လေ့လာချင်တယ်။ စစ်ရေး အခြေအနေအရ ပြင်ဆင်ဖို့ သုံးသပ်ချင်တဲ့အတွက် အခွင့်ရေးယူတဲ့ ပုံစံမျိုးလို့ သုံးသပ်မိတယ်။ ဒါပေမယ့် သူတို့ တိုက်ပွဲ ဖြစ်လိုတဲ့ဆန္ဒကိုတော့ မတွေ့ရဘူး။ အမှန်တကယ် တိုက်ပွဲဖော်မယ်ဆိုရင် ULA/AA အဖွဲ့တွေ လမ်းပေါ်မှာ စစ်ဆေးရေးဂိတ်တွေချပြီး ပေါ်တင်နေတဲ့ နေရာတွေကို သူတို့ တွေ့နေတာပဲ၊ သွားတိုက်ရုံပဲ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီနှင့် AA သည် နှစ်ဖက်လုံး ယာယီ အပစ်ရပ်ထားကြသော်လည်း ခိုင်မာသည့် သဘောတူညီချက်၊ နိုင်ငံရေးအရ ဆွေးနွေးချက်၊ နိုင်ငံရေးအရ အာမခံချက် တစုံတရာ မရှိသည့်အတွက် တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်ခြေရှိကြောင်း စစ်ရေး၊ နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။
ရခိုင်ပြည်နယ်အတွင်း AA နှင့် စစ်ကောင်စီတို့သည် ၂၀၂၁ ခုနှစ်တွင် ပထမအကြိမ် အပစ်ရပ်ပြီး ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း တကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီက ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးက ဒေသခံ လူပေါင်း ၁၀၀ နီးပါးကို ဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်မှု ၁၇ ( ၁ ) ၊ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ၅၀၅ -က ဖြင့်တရားစွဲဆိုခဲ့သည်။
အဆိုပါ ဖမ်းဆီးခံရသည့် ရခိုင်အရပ်သားများ၏အမှုသည် တရားရုံးများ၌ အမှုအားလုံး စစ်ဆေးမှု ပြီးမြောက်သော်လည်း အထက်အမိန့်ဟု ဆိုကာ အပြီးသတ် အမိန့်မချဘဲ အကြိမ်ကြိမ် ရုံးချိန်းနေသည့်အတွက် ချုပ်နှောင်ခံထားရသော ကာယကံရှင်များနှင့် မိသားစုဝင်များမှာ အခက်အခဲများကြုံနေရကြောင်းလည်း ဖမ်းဆီးခံနေရသည့် မိသားစုဝင်များက ပြောသည်။
You may also like these stories:
AA နှင့် အာဏာသိမ်း စစ်တပ် ယာယီ အပစ်ရပ်
စစ်တွေ- ပုဏ္ဏားကျွန်း ကားလမ်းကို AA ထိန်းချုပ်ထားပြီလား
ဂျပန်အထူးသံတမန်နှင့် EAOs များဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးမျှော်လင့်ချက် မရှိ
ကူညီရေးအဖွဲ့များ ရခိုင်သို့ သွားခွင့်ပြုဟု စစ်ကောင်စီဆိုသော်လည်း သွားလာခွင့်မရသေး