အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေရန် အဆင့်မြင့် သံတမန်ရေး အားထုတ်မှုများ အများအပြားရှိနေသော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းကို လူမြင်ကွင်းတွင် မတွေ့ရသည်မှာ ၃ ပတ်ကျော် ကြာပြီဖြစ်သည်။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်၏ လူယုံအဖြစ် သတ်မှတ်ခံရသော အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဟောင်းအဖြစ် ချင်ကန်းသည် မကြာသေးမီက အမေရိကန် အဆင့်မြင့် အရာရှိများ၏ ခရီးစဉ်များအတွင်း အရေးပါသော အခန်းမှ ပါဝင်မည်ဟု မျှော်လင့်ခဲ့ကြသည်။
သူ့ကို အများပြည်သူမြင်ကွင်းတွင် နောက်ဆုံးတွေ့ရသည်မှာ သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးနှင့် ဘေ့ဂျင်းတွင်တွေ့ဆုံသည့် ဇွန်လ ၂၅ ရက်နေ့တွင်ဖြစ်သည်။ သူသည် ဇူလိုင်လအစောပိုင်းက အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ယယ်လန်နှင့် ဆွေးနွေးသည့် တရုတ်အရာရှိများတွင် မပါဝင်သလို ရာသီဥတုပြောင်းလဲမှု အထူးသံတမန် ဂျွန်ကယ်၏ လက်ရှိ တရုတ်ခရီးစဉ်တွင် တွေ့ဆုံသည့် အရာရှိများတွင်လည်း သူမပါပေ။
လွန်ခဲ့သော သြဂုတ်လက အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီ ထိုင်ဝမ်သို့ သွားရောက်ပြီးနောက် နှစ်နိုင်ငံအဆင့်မြင့်အရာရှိများအကြား ဆွေးနွေးပွဲများအားလုံးကို ရပ်ဆိုင်းထားသည်မှာ တနှစ်နီးပါးကြာပြီဖြစ်သောကြောင့် ယခုခရီးစဉ်များသည် အထူးအရေးပါသည်။
ဇူလိုင်လအစောပိုင်းတွင် တရုတ်အရာရှိများသည် ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်၏ စီစဉ်ထားသည့် ခရီးစဉ်ကို အကြောင်းပြချက် တစုံတရာမပေးဘဲ ဖျက်သိမ်းခဲ့သည်။
လွန်ခဲ့သောအပတ် အင်ဒိုနီးရှားတွင် ကျင်းပသည့် ASEAN ထိပ်သီးအစည်းအဝေးသို့ စေလွှတ်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့အကြီးအကဲအဖြစ်လည်း ချင် အစား ဝမ်ယိသာ ပေါ်လာသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ဝမ်ဝေဘင်က ချင်သည် ကျန်းမာရေးကြောင့် ထိုအစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ကြောင်း ပြောသော်လည်း အသေးစိတ်အချက်အလက်များကို ပြောကြားခြင်း မရှိပေ။
တပတ်ကျော်ကြာအပြီး သူပြန်ပေါ်မလာသေးဘဲ သူပျောက်ကွယ်နေခြင်းကိုလည်း တရုတ်လူမှုကွန်ရက် Weibo တွင် ဆင်ဆာဖြတ်တောက်ထားပုံရသည်။ ထိုလူမှုကွန်ရက်တွင် ချင်ကန်း ဘယ်မှာလဲဟု ရေးသားမေးမြန်းသောအခါ “အဖြေမရှိ” ဟူသော သတင်းစကားသာ ပြန်လည်ရောက်ရှိ လာသည်။
အချို့သော မှတ်ချက်များကို ဆင်ဆာဖြတ်တောက်သူများ မမြင် သို့မဟုတ် ခွင့်ပြုထားသည်။ “နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းစာရှင်းလင်းပွဲမှာ ကျန်းမာရေးအကြောင်းပြချက်ကလွဲလို့ ချင် ဘယ်ရောက်နေလဲဆိုတာကို နှုတ်ဆိတ်နေတယ်။ အဲဒါကြောင့် လူတွေက သံသယဖြစ်လာတယ်” ဟု လူမှုကွန်ရက် အသုံးပြုသူတဦးက ရေးသည်။ အခြားမှတ်ချက်များတွင် ချင် ပျောက်ကွယ်နေခြင်းနှင့် ပတ်သက်ပြီး သက်သေမပြနိုင်သည့် အကြောင်းရင်းများကိုသာ ခန့်မှန်းနေကြသည်။
ဘေ့ဂျင်းလိုလားသော ဟောင်ကောင်သတင်းစာ South China Morning Post အတွက် သူရေးသားသည့် တရုတ်-အမေရိကန်ဆက်ဆံရေးဆောင်းပါးမှ ချင်နှင့်ပတ်သက်သည့် စာကြောင်း ၅ ကြောင်းကို ကြိုတင်အသိပေးခြင်းမရှိဘဲ ဖြတ်တောက်ထားကြောင်း သတင်းသုံးသပ်သူ ဖေးလ် ကန်နင်ဟန် ပြောသည်။
ထိုဖြတ်တောက်ခံရသည့် စာကြောင်းများတွင် ယခင်ဝါရှင်တန်သံအမတ်ဟောင်း နိုင်ငံရေးမြင်ကွင်းမှ ပျောက်ကွယ်နေသည်မှာ ကံမကောင်း အကြောင်းမလှခြင်း ဖြစ်ကြောင်း သူရေးသားပြီး ထိုသို့ပျောက်ကွယ်နေခြင်းသည် နေမကောင်းသောကြောင့် ဖြစ်ပါသလား သို့မဟုတ် နိုင်ငံရေးအလိုမကျမှုကြောင့် ဖြစ်ပါသလားဟု မေးခွန်းထုတ်ထားကြောင်း သူပြောသည်။
“ချင်ကန်းပျောက်နေတယ်။ တရုတ်က သတင်းလောကမှာသာ ပျောက်နေတာ မဟုတ်ဘူး။ ကျနော့် ဆောင်းပါးမှာပါ ပျောက်နေတယ်” ဟု ကန်နင်ဟန်က တွစ်တာတွင် ရေးသားသည်။ “ဇူလိုင်လ ၁၅ ရက်နေ့က South China Morning Post က ဖေါ်ပြတဲ့အတိုင်းဆိုရင် ထုတ်ဝေဖို့ လက်ခံထားပြီးမှ ကျနော့်ဆောင်းပါးက ချင်နဲ့ပတ်သက်တဲ့ စာကြောင်းကို အသိမပေးဘဲ ဖြတ်တောက်ထားတယ်” ဟု သူ ဆက်လက်ရေးသားသည်။
အသက် ၅၇ နှစ်ရှိပြီဖြစ်သော ချင်သည် မကြာသေးမီနှစ်များအတွင်း တရုတ်သံတမန်ရေးတွင် ထိပ်တိုက်တွေ့သော ပုံစံသစ်ကို ဆောင်ယူလာသည့် သဘောထားတင်းမာသည့် “ဝံပုလွေစစ်သည်တော်များ”အနက် တဦးအဖြစ် ကျော်ကြားလာသည်။ ရှီကိုယ်တိုင်က ထောက်ခံ ရာထူးတိုးပေးထားသည့် ချင် သည် ဝမ်ယိ၏ တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်တန်းနိုင်ငံခြားရေးရုံး အကြီးအကဲနေရာကို ဆက်ခံမည့်သူဖြစ်သည်ဟု သတင်းများထွက်ခဲ့သည်။
နိုင်ငံ၏ပွင့်လင်းမှုမရှိသော နိုင်ငံရေးစနစ်ကြောင့် အဆင့်မြင့်အရာရှိများ ရုတ်တရက်ပျောက်ကွယ် သွားရသည့် အကြောင်းရင်းကို ခန့်မှန်းရန် ခက်ခဲသည်။ ထိုသို့ပျောက်ကွယ်သွားခြင်းမှာ ထိုအရာရှိများသည် နိုင်ငံရေးမျက်နှာသာ မရတော့သည့် သတိပေးချက်ဖြစ်ပြီး ၎င်းတို့ကို နောက်တကြိမ် လူမြင်ကွင်းတွင် တွေ့ရသည့် အချိန်မှာ တရားရုံးတွင် ဖြစ်နေတတ်သည်။
သို့သော် အချို့သော ပျောက်ကွယ်မှုများတွင် သာမန်မျှသာဖြစ်သော ဖြေရှင်းမှုရှိပြီး အလုပ်အကိုင်ကို ထိခိုက်ခြင်း မရှိပေ။ ရှီကိုယ်တိုင်သည်ပင် ၂၀၁၂ ခုနှစ်တွင် တရုတ်ထိပ်ဆုံးခေါင်းဆောင်အဖြစ် အခန့် မခံရမီ ၂ ပတ်ခန့် အများပြည်သူမြင်ကွင်းမှ ပျောက်ခဲ့ဖူးသည်။ ထိုနောက် ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်နေသည့်အတိုင်း ထိုထိပ်တန်းရာထူးကို သူရရှိခဲ့သည်။ ထိုသို့ခဏတာ လူမြင်ကွင်းမှ ပျောက်ကွယ်နေခြင်းအတွက် မည်သည့် အကြောင်းပြချက်မျှ မပေးပေ။
ကိုးကား။ ။The Guardian မှ Where is Qin Gang? China’s foreign minister has not been seen in public for three weeks
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်
ထိုင်းနိုင်ငံရေးလွန်ဆွဲပွဲတွင် ဘုရင်စနစ် ရှေ့ဆုံးရောက်လာ
ကမ္ဘောဒီးယားမှ ပြိုင်ဘက်မရှိ ရွေးကောက်ပွဲတွင် အကြောက်တရားနှင့် မဲပေးမည်
ဖိထာ ရှုံးလည်း အပြောင်းအလဲကို ထိုင်း ရှောင်လွှဲမရ
စစ်အုပ်စုက ရှေးရိုးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် ထုတ်သုံး