စစ်ကောင်စီသည် အဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ခုခံတော်လှန်ရေးလှုပ်ရှားမှုအကြား သွေးကွဲစေရန် သတင်းမှားသတင်းတုဖြန့်ချိနေပြီး ခုခံတော်လှန်ရေးအင်အားစုကို သူ မထောက်ခံကြောင်း ဖေါ်ပြသည့် စာရွက်စာတမ်းများ ဖြန့်ချိနေသည်။
စစ်သားများနှင့် ရဲများက ထိုစာရွက်စာတမ်းများကို ယခုရက်သတ္တပတ်အတွင်း လမ်းသွားလမ်းလာများကို လိုက်ပေးသည်ဟု အထက်မြန်မာနိုင်ငံ မန္တလေးတိုင်းမှ သပိတ်ကျင်းနှင့် အမရပူရ မြို့နယ်များမှ ဒေသခံများပြောသည်။
ဧရာဝတီသတင်းဌာနသည် ထိုစာရွက်စာတမ်းများကို ကြည့်ရှုခဲ့ရပြီး ထိုစာရွက်စာတမ်းများတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပုံများကို တွဲဆက်ထားသည့် ဓာတ်ပုံတပုံ ပါဝင်ပြီး ” ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ASEAN နိုင်ငံခြားရေးဝန်ကြီးပြော” ဟု ခေါင်းစဉ်တပ်ထားသည်။
ထိုပုံများနှင့်အတူ သူ၏ အကြမ်းမဖက်သော နိုင်ငံရေး ရပ်တည်ချက်ကို လျစ်လျုရှုပြီး ” ပြည်သူကို သတ်ရန် အကြမ်းဖက်နည်း သုံးသည့် NUG နှင့် CRPH အဖွဲ့ဝင်များကို ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသား ပယ်ချ”သည့်သဘောရေးထားသည့် စာကိုလည်း ဖေါ်ပြထားသည်။
NUG သည် စင်ပြိုင်အမျိုးသားညီညွတ်ရေးအစိုးရဖြစ်ပြီး CRPH သည် NUG ၏ ပါလီမန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီဖြစ်သည်။ ထိုအဖွဲ့အစည်း ၂ ခုလုံးသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်နှင့် ၎င်းတို့၏ တိုင်းရင်းသား မဟာမိတ်များက ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး စစ်အုပ်စုကို နိုင်ငံရေးမှ အမြစ်ဖြတ်ရန် ဖွဲ့စည်းခဲ့သည်။ NUG လက်နက်ကိုင်အဖွဲ့အစည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သည် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည်မှာ ၂ နှစ်ကျော်ပြီဖြစ်သည်။ မြန်မာနိုင်ငံသားများသည် NUG ကိုသာ ၎င်းတို့၏ တရားဝင် အစိုးရအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ကြသည်။
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှ ချောင်းကြီး ရဲစခန်းမှ စစ်သားများနှင့် ရဲများသည် ထိုဝါဒဖြန့်စာရွက်စာတမ်းများကို ဒေသခံများထံ တနင်္လာနေ့တွင် လိုက်ဝေကြောင်း ဒေသခံများပြောသည်။ အင်္ဂါနေ့တွင် စစ်ကောင်စီတပ်များနှင့်အရာရှိများသည် ထိုဝါဒဖြန့်စာရွက်စာတမ်းများကို ထိုမြို့နယ်မှ စစ်အရာရှိ သင်တန်းကျောင်းရှေ့တွင် လိုက်လံဝေကြောင်း သိရသည်။
“သူတို့လာပေးလို့ တစောင်ယူထားလိုက်တယ်။ ဒါပေမယ့် သူတို့ရေးထားတာတွေကို ဘာလို့ယုံရမလဲ။ ကပ်ကြေးနဲ့ ဖြတ်ပြီး အမေစု ပုံကိုတော့ သိမ်းထားလိုက်တယ်” ဟု ဒေသခံတဦးက ဧရာဝတီသတင်းဌာနသို့ပြောသည်။
အထက်ပါစာရွက်များကို အမရပူရ မြို့နယ်တွင် ထိုနေ့တွင်ပင် လိုက်ဝေသည်။ အိမ်နီးချင်း မကွေးတိုင်းမှ မြို့နယ်အချို့တွင်လည်း လိုက်ဝေကြောင်း သတင်းများအရ သိရသည်။
စစ်ကောင်စီသည် ဖမ်းဆီးခံ အရပ်သားခေါင်းဆောင်နှင့် NUG၊ PDF လက်နက်ကိုင်ခုခံတော်လှန်မှုအကြား သပ်လျှိုရန် သတင်းမှားဖြန့်ရေး မကြာသေးမီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခြင်းကို အမြတ်ထုတ် အသုံးချနေကြောင်း လေ့လာသူများပြောသည်။
ထိုသတင်းမှားဖြန့်သည့် လုပ်ငန်းအတွက် စစ်ကောင်စီက ငွေကြေးထောက်ပံ့ထားသည်ဟု ယူဆရသည့် သတင်းဝက်ဆိုက် PanOrient သည် ဒေါ်အောင်ဆန်းစုကြည်က ဒွန်ကို သူသည် စစ်ကောင်စီက အကြမ်းဖက်သမားများဟု သတ်မှတ်ထားပြီး “အပြစ်မဲ့ပြည်သူများကို သတ်နေသည့် PDF သို့မဟုတ် NUG ကို အသိအမှတ်မပြု”သလို ထောက်လည်း မထောက်ခံကြောင်း ပြောသည်ဆိုသည့် သတင်းကို ပထမဆုံး ဖေါ်ပြသည်။
ဒေါ်အောင်ဆန်းစုကြည်က သူသည် မြန်မာလူငယ်များနှင့် ဒီမိုကရေစီကို ကာကွယ်တိုက်ခိုက်နေသူ အားလုံးအတွက် ဂုဏ်ယူကြောင်း ဒီဇင်ဘာလတွင် ကြေညာခဲ့သောကြောင့် PanOrient ကဖေါ်ပြသည့် သတင်းသည် ကျယ်ပြန့်သော သံသယနှင့် ရင်ဆိုင်ရသည်။ ၂၀၂၁ ခုနှစ်တွင် အဖမ်းခံရပြီးနောက် အများပြည်သူသို့ ပေးပို့သည့် ထိုသတင်းစကားကို ဒေါ်အောင်ဆန်းစုကြည်၏ သြစတြေလျ စီးပွားရေးအကြံပေးဟောင်း ရှောင်တန်းနဲ ပြန်လည်လွတ်မြောက်လာသောအခါ ပြန်လည်မျှဝေပေးခြင်း ဖြစ်သည်။ PanOrient ကဖေါ်ပြသော သတင်းသည် ဒွန်က ASEAN နိုင်ငံခြားရေး ဝန်ကြီးများကို ရှင်းပြသည့် ရှင်းလင်းချက်နှင့်လည်း ကွဲလွဲနေသည်။ ထိုရှင်းလင်းတင်ပြချက်တွင် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို အားပေးကြောင်းပြောသော်လည်း NUG နှင့် PDF ကို မထောက်ခံဟု မပြောပေ။
ဒေါ်အောင်ဆန်းစုကြည်သည် NUG ၏ နိုင်ငံတော်အတိုင်ပင်ခံဖြစ်ပြီး ပြည်သူ့ဆန္ဒကို မည်သည့်အခါမျှ မဆန့်ကျင်ဘဲ အတူရပ်တည်မည်ဖြစ်ကြောင်း ပြောထားပြီး ဖြစ်သည်ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ပြောသည်။
“ဒါကြောင့် ဒီလို လူတယောက် (ထိုင်းနိုင်ငံခြားရေးဝန်ကြီး) အတွက် ဒေါ်အောင်ဆန်းစုကြည်က NUG သို့မဟုတ် PDFs ကို ထောက်ခံတယ် မထောက်ခံဘူးဆိုတာ ပြောဖို့ လုံး၀ မလိုအပ်ဘူး။ သေချာတာက စစ်ကောင်စီက မျှော်လင့်ချက် ကင်းမဲ့စွာ သတင်းမှားဖြန့်ဖို့ကြိုးစားနေတာပဲ” ဟု သူပြောသည်။
ထိုဝါဒဖြန့်စာရွက်များတွင် PanOrient ၏ ဒေါ်အောင်ဆန်းစုကြည်က NUG နှင့် PDF ကို မထောက်ခံဟု ပြောသည်ဆိုသည့် သတင်း၏ ပုံကို ထည့်သွင်းထားခြင်းမှာ အံ့သြစရာတော့ မဟုတ်တော့ပေ။
စစ်ကောင်စီသည် မြေပြင်တိုက်ပွဲတွင် ချေမှုန်းခံရပြီးနောက် ဝါဒဖြန့်အလိမ်အညာကိုသာ အားကိုးနေရကြောင်း သပိတ်ကျင်းမြို့နယ်မှ ဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှ ပြောခွင့်ရသူ ကိုမျက်ပြူးက စစ်ကောင်စီတပ်များ ပိုင်နက်နယ်မြေဆုံးရှုံးနေသည်ကို ရည်ညွှန်းပြောသည်။
“ဒါက ကျနော်တို့ တော်လှန်ရေးကို မထိခိုက်ဘူး။ ကျနော်တို့ စိတ်လည်း မဝင်စားဘူး” ဟု ဧရာဝတီ သတင်းဌာန ပြောသည်။
စစ်ကောင်စီသည် သံတမန်ရေး၊ အုပ်ချုပ်ရေးနှင့် စစ်ရေးမှသည် နိုင်ငံရေးအထိ ကဏ္ဍတိုင်းတွင် အရှုံးနှင့် ရင်ဆိုင်နေရသောကြောင့် မြန်မာ့တော်လှန်ရေး၏ ပုံရိပ်ကို ဖျက်ဆီးရန်နှင့် ပြည်သူနှင့် တော်လှန်ရေးအင်အားစုများအကြား သွေးခွဲရန် ကြိုးစားနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် တက်ကြွလှုပ်ရှားသူ ဦးထွန်းကြည်ပြောသည်။
“အကြမ်းဖက်စစ်ကောင်စီက သွေးရူးသွေးတန်းဖြစ်နေတယ်။ သူတို့တွေ နည်းလမ်းသစ် ရှာမတွေ့ဘူး” ဟု ဧရာဝတီ သတင်းဌာနသို့ သူပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Exploiting Daw Aung San Suu Kyi for Disinformation Campaign ကို ဘာသာပြန်သည်။)
You may also like these stories:
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောဆိုချက်အပေါ် နိုင်ငံရေးနယ်ပယ်မှ တုံ့ပြန်မှုများ
ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်
စစ်အုပ်စုက ရှေးရိုးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် ထုတ်သုံး
စစ်ကောင်စီအာဘော်ကို PanOrient ဝက်ဘ်ဆိုက်က သတင်းမှားဖြန့်နေ
အရေးပေါ်ကာလ သက်တမ်းထပ်တိုးဖို့ စစ်ခေါင်းဆောင် လေသံပစ်