အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကြားကာလ ပညာသင်ကြားရေးကျောင်းဖြစ်သော အောင်မြေသာစံဖက်ဒရယ် ကျောင်း (Federal School of Aung Myay Thar Zan) တာဝန်ခံဆရာမ ဒေါ်အိရွှေစင်မြင့်ကို မန္တလေးအိုးဘိုထောင် တွင်းတရားရုံးက ဇူလိုင် ၁၇ ရက်တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။
မန္တလေးမြို့ခံ တရားလွှတ်တော်ရှေ့နေတဦးက “အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ တရားစွဲခံရပြီး အနှစ် ၂၀ ချလိုက်တာလို့ သိရ တယ်။ အောင်မြေသာစံခရိုင်တရားရုံးမှာ တရားစွဲတင်ပြီးတော့ ထောင်တွင်းအထူးတရားရုံးနဲ့စစ်ခဲ့တာ။ ကျနော်တို့ သိရတာ ကတော့ ဒေါ်အိရွှေစင်မြင့်ကို ထောင် အနှစ် ၂၀။ သူနဲ့အတူ အဖမ်းခံရတဲ့သူတွေကလည်း အမှုတွဲတခုတည်းမို့ အားလုံးတ ပြိုင်တည်း အမိန့်ချမှတ်ခံရတာ ဖြစ်နိုင်တယ်။ ကျန်တဲ့သူတွေရဲ့ အခြေအနေကိုတော့ ဘာမှမကြားရသေးဘူး” ဟု ဧရာဝတီ ကို ပြောသည်။
အောင်မြေသာစံဖက်ဒရယ်ကျောင်းကို စစ်ကောင်စီလက်အောက် ပညာမသင်ကြားလိုသော ကျောင်းသူ၊ ကျောင်းသားများ အတွက် ရည်ရွယ်ပြီး ၂၀၂၂ ဖေဖော်ဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့သည့် အွန်လိုင်းစနစ်ဖြင့် ပညာသင်ကြားပေးနေသော ကျောင်းတကျောင်း ဖြစ်သည်။
ထို့နောက် ၂၀၂၂ မတ်လ ၂၂ ရက်တွင် အောင်မြေသာစံဖက်ဒရယ်ကျောင်းတာဝန်ခံ ဒေါ်အိရွှေစင်မြင့် အပါအဝင် ဆရာမ ၄ ဦး အဖမ်းခံခဲ့ရပြီးနောက် ဆက်တိုက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ အသက် ၂၀ မှ ၄၀ နှစ်ဝန်းကျင်အရွယ် ဆရာ၊ ဆရာမ ၁၅ ဦးထိ ဖမ်းဆီးခံခဲ့ရကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီ၏ ၂၀၂၂ ဧပြီ ၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဒေါ်အိရွှေစင်မြင့် အပါအဝင် ဆရာ၊ ဆရာမ ၁၅ ဦးတို့၏ ဓာတ်ပုံများနှင့်တကွ NUG ၏ စေခိုင်းချက်အရ တရားမဝင်စာသင်ကြားမှု၌ ပါဝင်ခဲ့သဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ငွေ ကြေးထောက်ပံ့သူ၊ ပူးပေါင်းပါဝင်ဆောင်ရွက်သူများအပြင် ကျေင်းအပ်နှံခဲ့သည့် ကျောင်းသား၊ ကျောင်းသူ၊ မိဘများကိုပါ ဖော်ထုတ်၍ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အဆိုပါ ကျောင်းများမှာ NUG က ဖွင့်သည်ဆိုခြင်းထက် CDM ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားနှင့် မိဘများ၏ ပူးပေါင်းမှု ဖြင့် ပေါ်ပေါက်လာသည့် ပြည်သူ့ပညာရေးကျောင်းများသာဖြစ်ကြောင်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် အထက်တန်းပြကျောင်းဆရာမတဦးက ထောက်ပြသည်။
“စစ်အာဏာရှင်စနစ်နဲ့အတူ စစ်ကျွန်ပညာရေးကိုပါ တော်လှန်ပြောင်းလဲဖို့အတွက်ရည်ရွယ်ပြီး ပြည်သူ့ပညာရေး ဖယ်ဒရယ် ပညာရေးစနစ်ကို ဖော်ဆောင်နိုင်ဖို့ ပြည်သူ့ပညာရေးကျောင်းတွေကို ဖွင့်လှစ်ခဲ့ကြတာပါ။ ဒါကိုမှ လက်နက်အားကိုးနဲ့ အဓမ္မအာဏာသိမ်းထားတဲ့သူတွေက တရားမဝင်ဘူးဆိုတော့ ပြောစရာစကားလုံး မရှိတော့ ပါဘူး” ဟု သူကဆိုသည်။
အောင်မြေသာစံဖက်ဒရယ်ကျောင်းတွင် အခြေခံပညာမှ အထက်တန်းအထိ အတန်းစုံသင်ကြားပေးနေကာ ကျောင်း၏ အချက်အလက်များ ပေါက်ကြားခဲ့မှုကြောင့် ဖွင့်လှစ်ပြီးတလခန့်အကြာမှာပင် ဒေါ်အိရွှေစင်မြင့် အပါအဝင် ဆရာ၊ ဆရာမ များ ဆက်တိုက်ဖမ်းဆီးခံရသဖြင့် ကျောင်းကိုပါပိတ်ပစ်ခဲ့ရကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက် ပညာရေးစနစ်ကို သပိတ်မှောက်ထားသော ကျောင်းသူ၊ ကျောင်းသားများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကြားကာလ ပညာသင်ကြားရေးကျောင်းများကို CDM ပညာရေးဝန်ထမ်းများဖြင့် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
ဒေသတချို့တွင် အွန်လိုင်းစနစ်ဖြင့် သင်ကြားပေးနေသလို တိုင်းရင်းသားနယ်မြေနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသတချို့၌ မူ ဒေသခံကလေးငယ်များအတွက် ကျောင်းများဖွင့်လှစ်ကာ ပညာသင်ကြားပေးလျက်ရှိသည်။
စစ်ကောင်စီသည် ထိုသို့ အွန်လိုင်းမှတဆင့် ဖက်ဒရယ်စာသင်ကျောင်းများတွင် စာသင်ကြားပေးမှုရှိနေသည်ဟု သတင်း ထွက်ပေါ်လာသော ဆရာ၊ ဆရာမများကို ဖမ်းဆီးထောင်ချလေ့ရှိသလို ပုဂ္ဂလိကကျောင်းများ၌လည်း CDM ပညာရေးဝန် ထမ်းများအား ခန့်ထားခြင်းရှိမရှိ စစ်ဆေးမှုများလည်း ပြုလုပ်လေ့ရှိသည်။
ရတနာပုံတက္ကသ်ိုလ်မှ CDM ကထိထ တဦးက “ကလေးတွေကို စာသင်ကြားပေးလို့ ဖမ်းဆီးပြီး ထောင်ချခံရတာဟာ အတော့်ကို အကျည်းတန်ရုပ်ဆိုးလွန်းတဲ့ကိစ္စတခုပါပဲ။ စာသင်ပေးလို့ဖမ်းတယ်ဆိုတာ ဥပဒေမဲ့လုပ်ရပ်ပဲ။ CDM လုပ်တဲ့ အတွက် သူတို့အားလုံးကို တရားဥပဒေအရရော၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရရော အလုပ်ကနေလည်း တရားဝင် ထုတ်ပြီးပြီ။ သူတို့ဘာသာ အပြင်မှာစာသင်ပေးနေတာမျိုးအပေါ် ဖမ်းတယ်ဆိုတာမျိုးက ဥပဒေပြင်ပကနေ အနိုင်ကျင့်တာ။ ဥပဒေမဲ့ အနိုင်ကျင့်တာမျိုးဖြစ်သွားပြီ” ဟု မှတ်ချက်ပြုသည်။
You may also like these stories:
ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒကို မူကြမ်းရေးဆွဲထားပြီ
စစ်ကောင်စီအောက်က ပညာရေးအကျပ်အတည်း
ကျောင်းက အကြာကြီးပိတ်ထားရင် ရေရှည်တော့ မကောင်းဘူး
မိုင်ဂျာယန် က ဖက်ဒရယ် ဥပဒေ ကျောင်း