အမျိုးသားညီညွတ်ရေးအစိုးရ NUG က တော်လှန်ရေးရန်ပုံငွေ ပိုမိုရှာဖွေနိုင်ရန်နှင့် အများပြည်သူများ အတွက် လုံခြုံစိတ်ချရသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ဒစ်ဂျစ်တယ်ဘဏ် တခုဖြစ်သော နွေဦးဖွံ့ဖြိုးရေးဘဏ်( Spring Development Bank) ကို ယနေ့ ဇွန် ၂၀ တွင် စတင် မိတ်ဆက်လာသည်။
ခရစ်ပ်တို (အွန်လိုင်းပေါ်က ငွေကြေး) နှင့် ဘလော့ချိန်း နည်းပညာအပေါ် အခြေခံထားသော အဆိုပါ ဒစ်ဂျစ်တယ်ဘဏ် SDB တွင် ပြည်တွင်း ပြည်ပမှ မြန်မာနိုင်ငံများသားအနေဖြင့် အတိုးရရှိမည့် ဘဏ်အပ်ငွေများ စုဆောင်းနိုင်ခြင်း၊ ပြည်တွင်း ပြည်ပငွေလွှဲဝန်ဆောင်မှု၊ အခြားသော အွန်လိုင်းငွေပေးချေမှုများအပါအဝင် ဘဏ်တခု၏ ဝန်ဆောင်မှု အားလုံးနီးပါး အသုံးပြုနိုင်မည်ဖြစ်ပြီး လာမည့် ဇူလိုင် ၂၂ ရက်နေ့တွင် ကနဦးအသုံးပြုမှု စတင်မည်ဖြစ်ကာ ဩဂုတ်လကုန်ပိုင်းတွင်မူ အများပြည်သူ အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း SDB ဘဏ်၏ ပြောရေးဆိုခွင့်ရှိသူ ကိုကယ်ဗင်က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
၎င်းက ဆက်လက်၍ “ ကျနော်တို့ဘဏ်ရဲ့ ပထမဆုံး Target (ပစ်မှတ်) ကတော့ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ဘဏ္ဍာရေးစနစ်ကို Disrupt( (နှောင့်ယှက်) ဖို့ပါပဲ။ နောက်ပြီးတော့ တော်လှန်ရေးကို ထောက်ပို့နိုင်ဖို့ ဖြစ်ပါတယ်။ တော်လှန်ရေးအလွန် ကာလမှာ နိုင်ငံကို ပြန်လည် တည်ဆောက်ရေးမှာလည်း အထောက်အကူဖြစ်ဖို့အထိ ရည်ရွယ်ထားပါတယ် ” ဟု ဆိုသည်။
နွေဦးဖွံ့ဖြိုးရေးဘဏ်တွင် အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်၊ စင်ကာပူဒေါ်လာနှင့် မြန်မာကျပ်ငွေများဖြင့် ဘဏ်စာရင်း ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး အပ်ငွေကို အချိန် ၁ လ၊ ၃ လ၊ ၆ လ နှင့် ၁ နှစ်ဟူ၍ သတ်မှတ်ကာ ငွေကြေးအမျိုးအစားပေါ် မူတည်၍ အတိုးနှုန်းကို လိုက်လျောညီထွေ သတ်မှတ်မည်ဖြစ်ကြောင်း၊ မြန်မာငွေကြေး အပ်နှံပါက တနှစ်လျှင် အတိုးနှုန်း ၁၁ ရာခိုင်နှုန်းကျော် ပြန်လည် ပေးအပ်သွားမည်ဖြစ်ကာ NUG Pay နှင့်လည်း ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ရှိ ဝန်ကြီးဌာနများနှင့် တော်လှန်ရေးအင်အားစုများ၏ နွေဦးထီ ကဲ့သို့သော တော်လှန်ရေးရန်ပုံငွေ အစီအစဉ်များအတွက်လည်း တိုက်ရိုက်ငွေပေး ချေမှုများ လုပ်ဆောင်နိုင်မည်ဖြစ်သလို ရှေ့အနာဂတ်တွင် သက်ဆိုင်ရာ ကိုယ်စားလှယ်အေးဂျင့်များနှင့် ချိတ်ဆက်ကာ ၎င်းတို့ထံမှ ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်း ဝယ်ယူမှုအတွက်ကိုပါ ငွေပေးချေနိုင်သည်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
NUG ၏ ကြားကာလ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးမင်းဇေယျာဦးက “သုံးစွဲသူတွေရဲ့ လုံခြုံရေးအတွက် ကိုလည်း ကျနော်တို့အနေနဲ့ အထူးသတိထားဆောင်ရွက်ထားပါတယ်။ သုံးစွဲသူဆီက မပေါက်ကြားဘူး ဆိုရင် မပေါက်ကြားနိုင်တဲ့အထိကို လုပ်ဆောင် ပေးထားပါတယ် ” ဟု ပြောဆိုသည်။
မြန်မာပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များသည် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့် တော်လှန်ရေး အင်အားစုများ၏ လုံခြုံရေး စိုးရိမ်ချက်များကို SDB က ဖြေရှင်းနိုင်မည် ဖြစ်သလို သုံးစွဲသူများအနေဖြင့် မိမိလုံခြုံရေးအတွက် ဘဏ်က လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီထိန်းချုပ်မှုလက်အောက်တွင်ရှိနေသော ပုဂ္ဂလိကဘဏ်များမှ အများပြည်သူများ၏ အပ်နှံငွေများသည် နွေဦးဖွံ့ဖြိုးရေးဘဏ်သို့ ရွှေ့ပြောင်းအပ်နှံမှုပေါ်မူတည်ပြီး စစ်ကောင်စီ၏ ဘဏ္ဍာရေးစနစ်ကို စိန်ခေါ်ခြိမ်းခြောက်နိုင်မည် ဖြစ်ကြောင်း NUG ကြားကာလဗဟိုဘဏ် ဥက္ကဋ္ဌ ဦးတင်ထွန်းနိုင်က ပြောဆိုသည်။
၎င်းက ဆက်လက်ပြီး “ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ်တွေကနေပြီးတော့ အပ်နှံငွေတွေကို ထုတ်ပြီးတော့ ပြည်သူလူထုအနေနဲ့က တော်လှန်ရေးအသိစိတ်နဲ့ နွေဦးဘဏ်မှာ အပ်နှံပေးကြဖို့ကို ကျနော်တို့အနေနဲ့ အလေးနက်ထား တိုက်တွန်းချင်ပါတယ်။ စစ်ကောင်စီက သူတို့ထိန်းချုပ်ထားတဲ့ ဘဏ်တွေကနေ တဖက်လှည့်နဲ့ ဘဏ္ဍာငွေ ယူငင်သုံးစွဲပြီးတော့ သက်ဆိုးရှည်ဖို့ အသက်ဆက်နေတဲ့ ကိစ္စရပ်မှာ အများကြီး ယိုင်နဲ့သွားမှာ ဖြစ်ပါတယ် ” ဟု ပြောသည်။
နွေဦးဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ပထမ ၆ လအတွင်း၌ အသုံးပြုသူပေါင်း ၁ သိန်းအထိ ရှိလာရန် ရည်ရွယ်ထားပြီး ဒုတိယ ၆ လအတွင်း၌ အသုံးပြုသူပေါင်း ၅ သိန်းအထိ ရှိလာရန် မျှော်လင့်ထား ကြောင်း သိရသည်။
You may also like these stories:
အမေရိကန်မှ ဒေါ်လာ တဘီလီယံဖြင့် ဒစ်ဂျစ်တယ်ငွေကြေး ထူထောင်ရန် NUG ကြိုးစားနေ
NUG အသိအမှတ်ပြု ဒစ်ဂျစ်တယ်ငွေကြေး USD Tether အကြောင်း
ထီ၊ ငွေတိုက်စာချုပ်နှင့် ခရစ်ပတိုငွေကြေး သို့မဟုတ် နွေဦးတော်လှန်ရေး ရန်ပုံငွေ
MAI လေကြောင်းလိုင်း ငွေစာရင်းကို စင်္ကာပူ UOB ဘဏ်က ပိတ်သိမ်း
လိုင်စင်မရှိဘဲ ငွေလွှဲလုပ်ငန်းများ မလုပ်ဖို့ စင်္ကာပူအာဏာပိုင် သတိပေး