ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်ရှိ ကျောက်ပြားစက်ရုံတွင် လုပ်ခလစာအပြည့်ပေးရန် တောင်းဆိုသဖြင့် မြန်မာအလုပ်သမား ၄၄ ဦး ဇူလိုင်လ ၁၉ ရက်က အလုပ်ထုတ်ခံခဲ့ရသည်။
ယင်းခရိုင်တွင် ထိုင်းအစိုးရ တရားဝင်သတ်မှတ်သည့် အခြေခံလုပ်ခလစာမှာ တရက် ၃၅၃ ဘတ်နှင့် အချိန်ပို တနာရီ လျှင် ၆၀ ဘတ်ဖြစ်သော်လည်း ယခုမြန်မာအလုပ်သမား ၄၄ ဦးမှာ တရက်လျှင် ၃၀၀ ဘတ်နှင့် အချိန်ပိုကြေး တနာရီ ၅၀ ဘတ်သာ ရကြောင်း၊ ထို့ကြောင့် လုပ်ခလစာအပြည့်အဝရရှိရန် ထိုင်းအလုပ်ရှင်ထံ ဇူလိုင် ၁၇ ရက်က တောင်းဆို ခဲ့ရာ ဇူလိုင် ၁၉ ရက်၌ အကြောင်းပြချက်မရှိဘဲ အလုပ်မှ ထုတ်လိုက်ခြင်း ဖြစ်ကြောင်း အလုပ်သမားများက ပြော သည်။
အလုပ်ထုတ်ခံရသည့် အလုပ်သမားတဦးက “၁၇ ရက်နေ့က ပိုက်ဆံအပြည့်ထုတ်ပေးဖို့ တောင်းဆိုတယ်။ အဲဒါကို မထုတ်ပေးဘဲနဲ့ တဝက်ပဲပေးတယ်။ ကျနော်တို့ စာရွက်စာတမ်းတွေ လိုချင်ပါတယ်၊ ပြန်တောင်းတော့လည်း မပေးနိုင် ဘူး၊ ကြိုက်တဲ့နေရာတိုင်ဆိုပြီး ပြောလာတယ်။ ၁၉ ရက်နေ့မှာပဲ ကျနော်တို့ကို အလုပ်မဆင်းဖို့ပြောလာတယ်။ အလုပ် မရှိတော့လို့ ဆိုပြီးတော့ ထုတ်လိုက်တဲ့သဘောပါပဲ” ဟု ပြောသည်။
ထို့အတွက် အလုပ်သမား ကူညီစောင့်ရှောက်ရေး (AAC) မဟာမိတ်အဖွဲ့ထံ အကြောင်းကြားပြီးနောက် ထိုင်းအလုပ် သမား ကာကွယ်စောင့်ရှောက်ရေးရုံးသို့ သွားရောက်တိုင်ကြားခဲ့ရာ နေထိုင်ခွင့်စာအုပ်များ ပြန်လည်ရရှိခဲ့ပြီး ဇူလိုင် ၃၁ ရက်၌ ကျန်ရှိသည့် စာရွက်စာတမ်း များနှင့် လုပ်အားခများ ကိုပေးမည်ဟု ညှိနှိုင်းမှုရရှိခဲ့ကြောင်း သိရသည်။
AAC မဟာမိတ်အဖွဲ့မှ ကိုနေလင်းသူက “တချို့ဆို ၄ နှစ်ကျော်သမား ၄၊ ၅ ယောက်ရှိတယ်။ ကျန်တဲ့သူတွေက ၁ နှစ် ကျော်တွေချည်းပဲ။ အလုပ်စဝင်ကတည်းက လုပ်ခလစာကို မမှန်ခဲ့တာ။ ကျနော်တို့လူမျိုးတွေကို အပြစ်ပြောချင်တယ်။ လာတုန်းက ဘာစာရွက်စာတမ်းမှမပါလို့ လစာအပြည့်မပေးတာလို့ပြောတယ်။ ဖြေရှင်းမှုမှာတော့ အလုပ်ရှင်ဘက်က နေ ကျန်တဲ့လုပ်အားခတွေကို ဇူလိုင် ၃၁ ရက်ကျရင် အပြည့်ပြန်ပေးပါမယ်။ စာရွက်စာတမ်းတွေလည်း ပြန်ပေးမယ်ဆို ပြီး ဖြစ်သွားတယ်။ ပြေလည်မှုကတော့ သုံးပုံနှစ်ပုံရသွားတာပေါ့” ဟု ပြောသည်။
အဆိုပါအလုပ်သမား ၄၄ ဦးတို့၏ လုပ်အားခနှင့် စာရွက်စာတမ်းများ ပြန်လည်ရရှိရေး ဦးစွာဆောင်ရွက်သွားမည်ဖြစ်ပြီး အလုပ်ထုတ်ခံရသည့်အတွက် နစ်နာကြေးနှင့် လျော်ကြေးကိစ္စများကိုလည်း ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ကိုနေလင်းသူက “ရွှေ့ပြောင်းလုပ်သားတွေထဲမှာမှ ကျနော်တို့ မြန်မာတွေပဲ ခွဲခြားဆက်ဆံခံနေရတာကို တွေ့ရတယ်။ တရားဝင်လာတော့လည်း တရားဝင်ခွဲခြား ဆက်ဆံတာခံရတယ်။ တရားမဝင်လာတော့လည်း တရား မဝင်လို့ဆိုပြီး ခွဲခြားဆက်ဆံတာတွေ့ရတယ်။ အခုလိုမျိုး အနှိမ်ခံရတဲ့အနေအထားနဲ့ ရင်ဆိုင်နေရတယ်။ ကျနော်တို့ လည်း တတ်နိုင်သလောက် လုပ်ဆောင်ပေးသွားမှာပါ” ဟု ပြောသည်။
အဆိုပါစက်ရုံတွင် ထိုင်းနိုင်ငံသားအလုပ်သမားများလည်း ရာနှင့်ချီရှိပြီး မြန်မာအလုပ်သမားများကိုသာ လုပ်ခလစာ အပြည့်မပေးခြင်းဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၅ သန်းဝန်းကျင်ထိရှိနေပြီး စစ်တပ်အာဏာသိမ်းသည့် နှစ်နှစ်ကျော် ကာလအတွင်း ထိုင်းနိုင်ငံသို့ တရားဝင်လာရောက်အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားဦးရေ ၄ သိန်းကျော် ရှိကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်များသူများထံမှ သိရသည်။
ဆက်စပ်ဖတ်ရှုရန် –
You may also like these stories:
ထိုင်းဆန္ဒပြပွဲများတွင် ဝင်မပါကြရန် မြန်မာရွှေ့ပြောင်းလုပ်သားများကို သတိပေး
လုပ်ခလစာ တရက် ဘတ် ၇၀၀ ကျော် ပေးရန် ထိုင်းအလုပ်သမားအဖွဲ့များ တောင်းဆို
ရွှေ့ပြောင်းလုပ်သားတို့ရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေပြီလား
ထိုင်းက မြန်မာလုပ်သား သုံးသိန်း ခေါ်ယူမည့်အပေါ် စိုးရိမ်မှုများရှိနေ