အာဏာသိမ်း စစ်ကောင်စီသည် မြောက်ပိုင်းမဟာမိတ် အဖွဲ့များဖြစ်ကြသော ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် မိုင်းလားအဖွဲ့ဟု လူသိများသည့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA) တို့နှင့် တွေ့ဆုံခဲ့သည်။
နေပြည်တော် Horizon Lake View Hotel တွင် ဇူလိုင် ၂၀ ရက်နေ့မှစ၍ ၂ ရက်တာ ကျင်းပခဲ့သည့် အစည်းအဝေးတွင် စစ်ကောင်စီ ဘက်မှ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) အဖွဲ့အား ဗိုလ်ချုပ်ရာပြည့် ဦးဆောင်တက်ရောက်ခဲ့ပြီး UWSP မှ ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ NDAA မှ ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့နှင့် SSPP မှ ဗဟိုကော်မတီဝင် စဝ်ဆေပိုင်ဖ တို့တက်ရောက်ကြသည်။
ဆွေးနွေးပွဲအပြီးတွင် ၂ ဘက်သဘောတူညီချက်များကို လက်မှတ်ထိုးခဲ့ကြောင်း စစ်ကောင်စီဘက်က အကြမ်းဖျဉ်းထုတ်ပြန်ခဲ့သော်လည်း UWSP ကတော့ နိုင်ငံရေး ဆွေးနွေးခြင်းမရှိဘဲ ဒေသဖွံ့ဖြိုးရေးကိုသာ ဆွေးနွေးခဲ့သည်ဟု ဧရာဝတီသို့ ပြောသည်။
UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်း က “အဓိကအားဖြင့် ဒေသအတွင်းဖွံ့ဖြိုးတိုးတက်ရေး အတွက်တွေပါပဲ။ ဒီတခေါက် PDF ကိစ္စ မပါဘူး။ ကျန်းမာရေး၊ ပညာရေး၊ လမ်းတံတား/မြောင်း ဆောက်လုပ်ရေးပေါ့” ဟု ဆိုသည်။
SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စဝ်ဆုအား ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ယခု သတင်းရေးသားချိန်အထိ ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် စစ်ကောင်စီ၏ (NSPNC) သည် မြောက်ပိုင်း EAOs ၃ ဖွဲ့နှင့် ယခင်က ၂ ကြိမ် ဆွေးနွေးခဲ့ဖူးပြီး ၂ ကြိမ်လုံးတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အား လက်နက်မပေးရန် အပါအဝင်၊ အတိုက်အခံ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် PDF တို့အား မကူညီရန် ဖိအားပေးပြောခဲ့သည်။
သို့သော် စစ်ကောင်စီ၏ ပြောဆိုချက်ကို UWSP ဘက်က လက်မခံနိုင်ကြောင်း တင်းတင်းမာမာ တုံ့ပြန်ခဲ့သည့်နောက် ယခုတခါ ကျင်းပသည့် မြောက်ပိုင်း EAOs ၃ ဖွဲ့နှင့် ဆွေးနွေးပွဲတွင် PDF ကိစ္စအား စစ်ကောင်စီဘက်က ထည့်မပြော ဆိုတော့ခြင်း ဖြစ်သည်။

နိုင်ငံရေးလေ့လာသူတဦးကမူ စစ်ကောင်စီနှင့် မြောက်ပိုင်း EAOs ၃ ဖွဲ့ကြား နိုင်ငံရေးအရ သဘောတူညီချက် တစုံ တရာ ရခဲ့ပုံ မပေါ်ကြောင်း သုံးသပ်သည်။
၎င်းက “မြောက်ပိုင်း ၃ ဖွဲ့နဲ့ မပြောနဲ့ သူတို့နဲ့ NCA (တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်) ထိုး ထားတဲ့ ၅ ဖွဲ့နဲ့တောင် ဘာသဘောတူညီချက်မှ ရေရေရာရာ ရတာမဟုတ်ဘူး။ သူက ဆက်လက်ဆွေးနွေးရန် သဘောတူပါတယ်ဆိုတာကိုတောင် သဘောတူညီချက်လုပ်နေတာ။ အဓိကတော့ စစ်တပ်က ဝါဒဖြန့်နေတာပေါ့” ဟု ဆိုသည်။
ဆွေးနွေးပွဲတွင် မြောက်ပိုင်း EAOs ၃ ဖွဲ့ ပြောခဲ့သည့် ဝ နှင့် မိုင်းလားဒေသရှိ လူထုအား မှတ်ပုံတင်လုပ်ပေးရန်ဆိုသည့် အချက်သည် UWSP ၏ လိုလားချက်ဖြစ်ပြီး စစ်ကောင်စီဘက်က လုပ်မပေးသဖြင့် လက်ရှိအချိန်အထိ ရုပ်လုံးမပေါ် သေးသည့် ကိစ္စဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတဦးက ရှင်းပြသည်။
၎င်းက “မှတ်ပုံတင်ကိစ္စဆိုတာက EAOs တွေဘက်က လုပ်ချင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဒေသထဲမှာရှိတဲ့ လူတော်တော်များများက မှတ်ပုံတင် မရှိကြတဲ့အခါကျတော့ အထူးသဖြင့် ပြည်တွင်းသွားလာတာ။ နိုင်ငံခြားသွားလာ ရေးကိစ္စတွေမှာ အခက်အခဲရှိတာပေါ့။ ဒီကိစ္စကို ဖြေရှင်းချင်လို့ လုပ်တာပေါ့” ဟု ဆိုသည်။

လက်ရှိတွင် UWSP ဦးဆောင်သည့် မြောက်ပိုင်း EAOs ၃ ဖွဲ့သည် စစ်ကောင်စီအပါအဝင် တရုတ်နိုင်ငံနှင့် မိတ်မပျက် ဆက်ဆံနေသလို NUG၊ CRPH နှင့် PDF စသည့် နွေဦးတော်လှန်ရေး အင်အားစုများကိုလည်း ထိတွေ့ဆက်ဆံနေ ကြောင်း နိုင်ငံရေးလေ့လာသည့် သုတေသီများက ဆိုသည်။
နိုင်ငံရေးလေ့လာသည့် သုတေသီတဦးက “မြောက်ပိုင်း ၃ ဖွဲ့ကတော့ ဘက်အားလုံးနဲ့ ဆက်ဆံရေး အဆင်ပြေအောင် ထိန်းထားမယ်။ သူ့ဒေသ လုံခြုံရေးကို ထိန်းသိမ်းမယ်ပေါ့။ ဒါပေမယ့် တဖက်ကလည်းပဲ တော်လှန်ရေးအင်အားစုတွေနဲ့ အဆက်အဆံလုပ်တာ၊ ကူညီနေတာတွေကတော့ လုပ်နေတယ်။ အရင်တခေါက် တွေ့တုန်းက PDF နဲ့ မဆက်ဆံဖို့ PDF ကို ရှုတ်ချဖို့ ကြေညာချက်ထုတ်ဖို့ပြောတာကို ငြင်းပယ်တာပေါ့။ သူတို့မှာက ပျော့ပြောင်းပေမယ့် ခိုင်မာတဲ့ သဘောထားရှိတယ်လို့ပဲ ပြောရမယ်ထင်တယ်” ဟု မှတ်ချက်ပေးသည်။
UWSP ဦးဆောင်သည့် မြောက်ပိုင်း EAOs ၃ ဖွဲ့သည် ၂၀၂၂ ခုနှစ် မေလ ၃၀ ရက်တွင် နေပြည်တော်၌ စစ်ကောင်စီ နှင့် ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် စစ်ကောင်စီကိုယ်စားလှယ် များနှင့် ဒုတိယအကြိမ် ဆွေးနွေးခဲ့သည်။
မြောက်ပိုင်းမဟာမိတ် EAOs ၇ ဖွဲ့သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်မထိုးသည့် EAOs များ ဖြစ်သည်။
You may also like these stories:
စစ်ကောင်စီကြောင့် ပဋိပက္ခပြန်ဖြစ်နိုင်ကြောင်း AA သတိပေး
မြောက်ပိုင်းသုံးဖွဲ့လည်း တရုတ်ကို ကြောက်တာပဲလား