အသစ်ထုတ်မည့် ကျပ်နှစ်သောင်းတန်ကြောင့် ငွေကြောင်းဖောင်းပွမှု မဖြစ်နိုင်ပါဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောနေသော်လည်း ကုန်သည်နှင့် စားသုံးသူများကမူ ဈေးကွက်အတွင်း အခြေခံစားသောက်ကုန် ဆန်၊ ဆီအပါအဝင် စက်သုံးဆီကအစ ဈေးများ မြင့်လာနေကြောင်း ဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေတန်ဖိုးကျဆင်းပြီး ငွေကြေးဖောင်းပွမှု မြင့်မားနေချိန် စစ်ကောင်စီက ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်၍ မြန်မာကျပ်ငွေအပေါ် ပိုမိုယုံကြည်မှု ကျဆင်းလာပြီး ငွေကြေးနှင့် ရွှေဈေးကွက်တို့ ကမောက် ကမ ဖြစ်ခဲ့သလို အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာလည်း ရက်ပိုင်းအတွင်း မြင့်လာနေသည်။
ယင်းငွေစက္ကူသစ် ထုတ်ရခြင်းမှာ စစ်ခေါင်းဆောင်၏ မာရဝိဇယ ဘုရားတည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နှင့် ရဌနန္ဒက ဟု အမည်ပေးထားသည့် ဆင်ငယ်အသက် တနှစ်ပြည့်အထိမ်းအမှတ်တို့ကြောင့် ဖြစ်ကြောင်းဆိုသော်လည်း မြန်မာ့ စီးပွား ရေး လေ့လာသူများကမူ ငွေကြေးစီးဆင်းမှု နည်းလာပြီး အစိုးရအသုံးစရိတ်လိုအပ်သဖြင့် ငွေစက္ကူအသစ်များကို ရိုက်နှိပ် ရန် ကြံစည်လာ ခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုကြသည်။
ပြီးခဲ့သည့် တပတ်အတွင်း ရွှေဘိုပေါ်ဆန်းတအိတ်မှာ အနိမ့်ဆုံး ၉သောင်း ၆ထောင်ကျပ်၊ အမြင့်ဆုံးဈေး ၁သိန်း၁သောင်း ၆ထောင်ကျပ်သာရှိခဲ့ရာမှ ယခုအပတ်တွင် အနိမ်ဆုံး ကျပ် ၁သိန်းမှ အမြင့်ဆုံး ၁သိန်း ၂ သောင်းအထိ တက်လာကြောင်း၊ ကျန် ဆန်ကြမ်းအုပ်စုဖြစ်သည့် ငစိန်၊ ဇီယာ တအိတ်မှာလည်း အနိမ့်ဆုံး ကျပ် ၅သောင်းမှ အမြင့်ဆုံး ကျပ် ၇သောင်းရှိရာ မှာ ငွေစက္ကူသစ်ကိစ္စ ကြေညာပြီး နောက်ပိုင်း အနိမ့်ဆုံးဆန်မှာ ကျပ် ၅သောင်း ၆ထောင်၊ အမြင့်ဆုံးဆန်မှာ ၇သောင်း ၈ထောင်ကျပ်အထိ ဈေးမြင့်လာကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်မှ သိရသည်။
ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်မှ ကုန်သည်ကြီးတဦးက “ပျမ်းမျှ ကျပ် ၂၀၀၀ ကနေ ကျပ် ၄၀၀၀ ဈေးတက်သွားတာ။ နှစ်သောင်းတန် ဂယက်ကြောင့်ပေါ့။ ဒီအကြောင်းကိုပဲ ဒိုင်မှာလည်း ပြောနေကြတာ။ ဆန်ကတော့ ဈေးတက်ဦးမှာ။ အခု လောလောဆယ် ဂယက်ကတော့နှစ်သောင်းတန်ပေါ့။ ဆန်ဈေးက သူ့ဈေးကွက်နဲ့ သူအရှိန်လေး နည်းနည်း၊ နည်းနည်းနဲ့ တက်နေပေမယ့် အခု နှစ်သောင်းတန် ထုတ်မယ်ဆိုတာက ဈေးပိုတက်ဖို့ တွန်းအားပေးလိုက်သလို ဖြစ်သွားတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ယခုလို ဈေးနှုန်းမြင့်လာမှုကြောင့် ကုန်သည်ပွဲစားအချို့ ဈေးမဖွင့်သည့် အခြေအနေများလည်း ရှိနေပြီး မိမိဆီမှ ပုံမှန် ဝယ်နေကျ ဖောက်သည်၊ ငွေတောင်းရ လွယ်ကူသည့်သူကိုသာ ဆန်ရောင်းချပေးသည့် ပုံစံများလည်း ရှိနေကြောင်း ၎င်းက ပြောသည်။
အလားတူ အခြေခံစားသောက်ကုန် စားအုန်းဆီဈေးမှာလည်း ပြီးခဲ့သည့် တပတ်က ၇၃၀၀ ကျပ်ရှိခဲ့ရာမှ ယနေ့ ရန်ကုန်မြို့ရှိ တချို့နေရာများတွင် ၈၄၀၀ ကျပ်အထိ ရှိသလို မြို့စွန်နေရာများတွင် ကျပ် ၁၀၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက် နေ ကြောင်း စားသုံးသူများထံက သိရသည်။
ရန်ကုန်မြို့ မှော်ဘီမြို့နယ်နေ အိမ်ရှင်မတဦးက “ကုန်ဈေးနှုန်းတွေကတော့ အခုရက်ပိုင်း အကုန်တက်လာတာ ဆန်ဆီ ကြက်သွန် အကုန်မြင့်တာ။ အမြင့်ဆုံးကတော့ ဆီနဲ့ ကြက်သွန်ဈေးပဲ။ ဆီဈေးက ၁ ပိဿာ ၈၅၀၀ ကနေ အခု ၁၀၀၀၀ နဲ့ ၁၀၄၀၀ ကျပ် ရှိတယ်။ ကျမတို့ ဝယ်စားတဲ့ ၅၀ သား တဗူးကို ၅၂၀၀ ပေးရတယ်။ ဆန်ဆိုရင် အချောတပြည် ၅၆၀၀၊ ဆန်ကြမ်းဆိုရင် ၄၂၀၀နဲ့ အနိမ့်ဆုံး ကြက်ကျွေးတဲ့ဆန်တောင် တပြည် အခု ၃၁၀၀ ပေးရတယ်။ ရှေ့ရက်ပိုင်းက ဆန်ချော တပြည်မှ ၄၆၀၀ ကျပ်ပဲ ရှိတာ။ အဲ့ဒီကနေ တက်လာတာ”ဟု ဧရာဝတီသို့ ပြောသည်။
ဆန်လက်လီဈေးကွက်တွင်လည်း ဈေးနှုန်း တရိပ်ရိပ်တက်နေပြီး ပြီးခဲ့သည့်လပိုင်းအတွင်း တပြည်လျှင် ကျပ် ၃၀၀ ခန့် ဈေးတက်ရာမှ ကျပ်နှစ်သောင်းတန် သတင်းထွက်ပြီး နောက်ပိုင်းတွင် ဆန်ချောတပြည်လျှင် ကျပ် ၁၀၀၀ ခန့်အထိ ဈေးများ မြင့်လာကြောင်း ၎င်းက ပြောသည်။
၎င်းက “သားငါးဈေးတွေလည်း တက်တာပဲ။ ငါးဖမ်းမ ၁၀ သားကို အခု ၁၂၀၀ ကျပ်၊ ငါးမြစ်ချင်း ၁၀ သားကို ၁၅၀၀ ကျပ် အဲ့ဒီလို ၁၀ သား၊ ၂၀ သား ထုပ်လေးတွေနဲ့ သုံးဘီးဆိုင်ကယ်နဲ့ လာရောင်းတာ။ အခုကတော့ ဆီပြန်ဟင်းဆိုတာ မစားရ တော့ဘူး။ ချည်ရည်ဟင်း ပုံစံမျိုးပဲ စားနိုင်တော့တယ်။ ကြက်သွန်နီ ၁၀ သား ၂,၆၀၀ ကျပ်ပေးရတယ်။ ရှေ့ရက်က ၁၀ သား ၁,၈၀၀ လောက်ပဲရှိတယ်။ ၈၀၀ လောက်ကိုတက်လာတာ”ဟု ပြောသည်။
စစ်ခေါင်းဆောင်ကမူ ရန်ကုန်တိုင်းမှ ပြည်သူများ ကုန်ဈေးနှုန်း ကြီးသည့် ဒဏ်မခံရစေရေး ဒေသတွင်းရှိ ကုန်ထုတ်စွမ်း အားဖြင့် ဆောင်ရွက်ရန်၊ ပြင်ပတင်သွင်းမှုများကို သက်သာသော ဈေးနှုန်းနှင့်ရရေးဆောင်ရွက်ရန်၊ တိုင်းအစိုးရက ပြည်သူ များ၏ စားရေးအတွက် ဆောင်ရွက်ရန် လိုသလို စစ်တပ်ကလည်း ကူညီသွားမည်ဟု ပြီးခဲ့သည့်ဇွန်လအတွင်း ပြောထား သည်။
ထို့ပြင် စစ်ခေါင်းဆောင်က မိမိတို့ တာဝန်စယူစဉ်ကပင် စီးပွားရေးပိတ်ဆို့ခြင်း၊ ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်အောင် ဆောင်ရွက်ခြင်း၊ ငွေကြေးလည်ပတ်မှု ခက်ခဲအောင် ဆောင်ရွက်ခြင်းများဖြင့် နိုင်ငံရေးအကျပ်အတည်း ဖြစ်အောင် ဆောင် ရွက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ကျော်လွှားနိုင်သည်ဟုလည်း ပြောဆိုခဲ့ပြီး စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှု မရှိစေရေး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်သွား မည်ဟုလည်း ဆိုသည်။
ကုန်ဈေးနှုန်းကြီးမြင့်လာမှုနှင့်အတူ စက်သုံးဆီဈေးမှာလည်း ပြီးခဲ့သည့်အပတ်က ဓာတ်ဆီ တလီတာ ကျပ် ၂၁၀၀ ကျော် သာ ရှိရာမှ ယခုအပတ်တွင် ကျပ် ၂၂၀၀ အထိ ဖြစ်လာသလို အချို့အရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုများ ဖြစ်နေ ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ တက်စီယာဉ်မောင်းတဦးက “တချို့ ဆိုင်ကြီးတွေ စက်သုံးဆီ ပြတ်နေတယ်။ ဒီမနက် ၁၀ နာရီလောက်က ကျနော် ဝင်ဝယ်တဲ့ ဆရာစံလမ်းက Max ဓာတ်ဆီဆိုင်ဆို ပြတ်နေတယ်။ ဓာတ်ဆီပြတ်တာ။ ဈေးတွေလည်း တက်တယ်။ မနေ့ကအထိက ၉၂ တလီတာ ၂၁၇၅ ကျပ် ပေးရတယ်။ ဒီနေ့တော့ ၂၂၀၅ ကျပ် ပေးရတယ်”ဟု ဧရာဝတီသို့ ပြော သည်။
နှစ်သောင်းတန် ထုတ်ဝေမည်ဆိုသော ဂယက်ကြောင့် အမေရိကန်၁ ဒေါ်လာလျှင် ၃၅၀၀ ကျပ် အထိ ဈေးတက်ခဲ့ရာ ပြည်ပမှ တင်သွင်းရသည့် စက်သုံးဆီမှာလည်း လိုက်ပါ မြင့်တက်လာနေပြီး တချို့သော ဆီကုန်သည်များက အကန့် အသတ်ဖြင့်သာ ရောင်းချတော့ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များထံက သိရသည်။
ငွေစက္ကူသစ် ထုတ်ဝေမည်ဟု ကြေညာသည့်နေ့က ပြည်တွင်းရှိ ရွှေဈေးကွက်နှင့် ငွေကြေးလဲလှယ်ရေး ဈေးကွက်မှာ အရောင်းအဝယ်ပိတ်ခဲ့ပြီး နောက်တရက်ပြန်ဖွင့်သော်လည်း ဈေးကွက်ပုံမှန်မဟုတ်တော့ဘဲ ကမောက်ကမဖြစ်ကာ လက်ရှိအချိန်ထိ ကြိုက်ရောင်းကြိုက်ဝယ်သာ ပြုလုပ်နေကြသည်။
ထို့ပြင် ယမန်နေ့ကလည်း စစ်ကောင်စီက ငွေကြေး လဲလှယ်သူ ၂ ဦးကို တိုင်ကြားချက်အရဟုဆိုကာ နေအိမ်နှင့်အလုပ် နေရာများသို့ ဝင်ရောက် ဖမ်းဆီးသွားကြောင်း ငွေလဲလှယ်ရေးလုပ်လုပ်ကိုင်သူ တဦးက ဧရာဝတီသို့ အတည်ပြု ပြောသည်။
ယင်းကဲ့သို့ ဈေးကွက်အတွင်း ကမောက်ကမဖြစ်ကာ ဈေးနှုန်းများ တရှိန်ထိုး တက်နေသော်လည်း အာဏာသိမ်း စစ်ကောင်စီ၏ ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ကြောင်း၊ ကျပ်နှစ်သောင်းတန်ငွေစက္ကူ အား အထိမ်းအမှတ်အဖြစ် အကန့်အသတ်ဖြင့်သာ ထုတ်ဝေခြင်းဖြစ်၍ ငွေကြေးဈေးကွက်အတွင်းသို့ အလုံးအရင်း ဝင်လာမည် မဟုတ်သည်ကို အာမခံကြောင်း စစ်ကောင်စီအာဘော် မီဒီယာများမှတဆင့် ပြောဆိုထားသည်။
You may also like these stories:
ကျပ် နှစ်သောင်းတန်ဂယက် ဒေါ်လာနှင့် ရွှေဈေးကွက် ကမောက်ကမဖြစ်
NLD အစိုးရကြောင့် စီးပွားရေးအကျပ်အတည်းဖြစ်ဟု စစ်ခေါင်းဆောင် အပြစ်တင်
မြန်မာ့စီးပွားရေးတွင် အထိနာကျန်ခဲ့မည်
ရွှေနှင့် ဒေါ်လာဈေးကွက် စစ်ကောင်စီ ထိန်းနိုင်မလား
ဘဏ်နှစ်ခု ဒဏ်ခတ်ခံရမှုဟာ စစ်ကောင်စီရဲ့ အသည်းနှလုံးကို ထိတာပဲ