တလကြာ အများပြည်သူရှေ့ တာဝန်များမှ ပျက်ကွက်နေသောကြောင့် သူ မည်သည်တို့ကြုံတွေ့နေရသည်ကို ခန့်မှန်းပြောဆိုမှု ရက်သတ္တပတ် အတန်ကြာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းကို ဇူလိုင်လ ၂၅ ရက်နေ့က ရာထူးမှဖယ်ရှားလိုက်ပြီး သူ၏ရာထူးတွင် ယခင်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို ပြန်လည်ခန့်အပ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖေါ်ပြသည်။
“တရုတ်နိုင်ငံ၏ အမြင့်ဆုံးလွှတ်တော်သည် အင်္ဂါနေ့တွင် အစည်းအဝေးတခု ကျင်းပပြီး ဝမ်ယိကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် မဲပေးခဲ့သည်”ဟု နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာက ဖေါ်ပြသည်။ “ချင်ကန်းကို နိုင်ငံခြားရေးဝန်ကြီးရာထူးမှ ဖယ်ရှားလိုက်သည်” ဟုလည်း ထိုသတင်းဌာနက ဖေါ်ပြသည်။
ချင်ကန်းကို ဖယ်ရှားရသည့် အကြောင်းရင်းကို မဖေါ်ပြသော်လည်း သမ္မတ ရှီကျင့်ဖျင်က ထိုဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ရန် သမ္မတ၏ အမိန့်ကို လက်မှတ်ရေးထိုးသည်ဟု ဖေါ်ပြထားသည်။
အသက် ၅၇ နှစ်ရှိပြီဖြစ်သော ချင်ကို ရှီ၏ လူယုံအဖြစ်မြင်ကြပြီး ၎င်းတို့ ၂ ဦးကြား ဆက်ဆံရေးကြောင့် မကြာသေးမီကာလအတွင်း သံတမန်ရာထူး အတက်မြန်ခဲ့သည်ဟု လေ့လာသူများက ယူဆသည်။
အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် ခဏတာထမ်းဆောင်ပြီး ဒီဇင်ဘာလက နိုင်ငံခြားရေးဝန်ကြီးဖြစ်လာချိန်တွင် သူသည် တရုတ်တွင် အသက်အငယ်ဆုံး နိုင်ငံခြားရေး ဝန်ကြီးဖြစ်လာသည်။
ချင်ကို ဇွန်လ ၂၅ ရက်နေ့နောက်ပိုင်း အများပြည်သူမြင်ကွင်းတွင် မတွေ့ရတော့ပေ။
အင်ဒိုနီးရှားတွင် ကျင်းပခဲ့သည့် နိုင်ငံတကာသံတမန်ရေး ထိပ်သီးဆွေးနွေးပွဲ မတက်နိုင်ဘဲ ဖြစ်ပြီးနောက် သူသည် အတိအကျ မဖေါ်ပြသည့် ကျန်းမာရေးအခြေအနေကြောင့် အလုပ်မလုပ်နိုင်ကြောင်း သူ၏ဝန်ကြီးဌာနက ပြောခဲ့သည်။
သို့သော် အသေးစိတ်အချက်အလက်များကို မသိရသောကြောင့် သူသည်ခေါင်းဆောင်များ၏ မျက်နှာသာပေးခြင်း မခံရတော့ဆိုသည့် ခန့်မှန်းချက်များ အပါအဝင် ခန့်မှန်းပြောဆိုမှုများ ဖြစ်စေသည်။ သူသည် ထင်ရှားသော ရုပ်သံသတင်းကြေညာသူတဦးနှင့် ပတ်သက်ပြီး တရားဝင် စုံစမ်းစစ်ဆေးခံနေရကြောင်း အွန်လိုင်းကောလာဟလများတွင် ဖေါ်ပြကြသည်။
တရုတ်နိုင်ငံသည် ထိုကိစ္စနှင့်ပတ်သက်ပြီး နှုတ်ပိတ်နေသောကြောင့် နိုင်ငံတွင် ပြင်ပနှင့် ဆက်ဆံမှုမရှိသည့် ခေါင်းဆောင်ပိုင်းအကြား ပွင့်လင်းမြင်သာမှုနှင့် ဆုံးဖြတ်ချက်ချသည့် ကိစ္စများနှင့် ပတ်သက်ပြီး သံသယ နက်ရှိုင်းစေသည်ဟု သုတေသီများနှင့် သံတမန်များပြောသည်။
အင်္ဂါနေ့တွင် ချင်ကန်းအကြောင်း အကြိမ်ကြိမ်မေးသောအခါ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မော်နင်းက သတင်းပေးရန် သတင်းအချက်အလက် မရှိကြောင်းပြောပြီး တရုတ်၏ သံတမန်ရေးဆောင်ရွက်ချက်များ ပုံမှန်ရှေ့သို့ တိုးတက်နေကြောင်း ပြောသည်။
ချင်၏ လုပ်ငန်းတာဝန်များကို တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးမူဝါဒကို ဦးဆောင်ပြီး အစိုးရရာထူးအဆင့်တွင် ချင်ထက် မြင့်မားသည့် တရုတ်ထိပ်တန်း သံတမန် ဝမ်ယိက တာဝန်ယူခဲ့သည်။
သို့သော် ချင် ပျောက်ကွယ်နေခြင်းကြောင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးရာထူးနေရာ လစ်ဟာနေခဲ့သည်။
ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက် ဘော်ရဲ၏ ဘေ့ဂျင်း ခရီးစဉ်ကို ယခုလအတွင်း ရုတ်တရက် ရုတ်သိမ်းခဲ့သည်။
ချင်၏ အခြေအနေကြောင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် ကလဲဗာလီ၏ ဘေ့ဂျင်းခရီးစဉ်ကိုလည်း ဆိုင်းငံ့ခဲ့ရသည်။
အသက် ၆၉ နှစ်ရှိပြီဖြစ်သော ဝမ်သည် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း သူ ထမ်းဆောင်ခဲ့သည့် ရာထူးကို ပြန်လည်ရယူလိုက်သည်။
ထိုအပြောင်အလဲနောက်ကွယ်မှ အကြောင်းရင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနက မထုတ်ပြန်ပေ။
နိုင်ငံတကာ ထိတွေ့ဆက်ဆံမှု အများအပြားနှင့် ပြိုင်ဘက် မဟာအင်အားကြီး အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး လျော့တိလျော့ရဲ ဖြစ်နေချိန်တွင် ယခု အပြောင်းအလဲဖြစ်လာသည်။ တရုတ်-အမေရိကန် ဆက်ဆံရေးသည် သံတမန် ဆက်ဆံရေး ထူထောင်ပြီးနောက်ပိုင်း အနိမ့်ကျဆုံးဖြစ်နေသည်ဟု ဘေ့ဂျင်းကဖေါ်ပြသည်။
ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနှစ်ခုတို့သည် ယူကရိန်း၊ မော်စကိုနှင့် နီးစပ်သော တရုတ်ဆက်ဆံရေး၊ ကုန်သွယ်ရေး၊ နည်းပညာ အငြင်းပွားမှု နှင့် ဘေ့ဂျင်းက ၎င်းတို့ပိုင်နက်ဖြစ်သည်ဟု ပြောသော်လည်း ဒီမိုကရေစီနည်းကျ ကိုယ်တိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ပြဿနာအပါအဝင် ပြဿနာအများအပြားနှင့် ရင်ဆိုင်နေရသည်။
You may also like these stories:
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း ဘယ်ပျောက်နေလဲ
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်က ဖိတ်ထားသလား
မြန်မာ့အရေး ထိုင်းနှင့် အာဆီယံ အပြိုင်ဖြစ်ပြီး အကွဲအပြဲ နက်ရှိုင်း
ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား