နေပြည်တော်ထောင်တွင်း အကျဉ်းချထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ပြန်လည်ထားရှိရန် စစ်ကောင်စီ စီစဉ်နေကြောင်း AP သတင်းတွင် ရေးသားထားသည်။
ထိုသို့ နေအိမ်အကျယ်ချုပ် ပြန်လည်ထားရှိမည့်အစီအစဉ်သည် ဩဂုတ်လ ၁ ရက်တွင်ပြုလုပ်မည့် စစ်ခေါင်းဆောင် ဦး ဆောင်တည်ထားသော “မာရဝိဇယ” ဘုရားအနေကဇာတင်အလှူပွဲ အထိမ်းအမှတ်အနေဖြင့် အကျဉ်းသားများ လွတ် ငြိမ်းခွင့်ပေးမည့် အစီအစဉ်၏အစိတ်အပိုင်းတခုဖြစ်ကြောင်း အမည်မဖော်လိုသော လုံခြုံရေးအရာရှိတဦးအား ကိုးကား ၍ ဆိုသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဝါရင့်အကြံပေးတဦးက “ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် ပြန်ပြောင်း ရွှေ့တယ်ဆိုတာတော့ မသိရသေးဘူး။ လက်ရှိနိုင်ငံရေးအခြေအနေအရဆိုရင်တော့ မှန်ဖို့များပါတယ်၊ သူတို့က (စစ်ကောင်စီ) က ရှုံးနေပြီလေ၊ အရင်ကလည်း ဒီလိုပဲ လုပ်ခဲ့တာ” ဟု ပြောသည်။
လာမည့် ဩဂုတ်လ ၁ ရက်တွင် အာဏာသိမ်းစစ်ကောင်စီသည်လည်း သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား အသုံးချကာ ဆက်လက်၍ သက်တမ်း တိုးမတိုးကို စစ်ကောင်စီက ယတိပြတ် ထုတ်ဖော်ပြောဆို ခြင်း မရှိသေးပေ။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက အမှုပေါင်း ၁၉ မှုဖြင့်စွဲဆို၍ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ထားပြီး နေပြည်တော်အချုပ်ထောင်အတွင်း၌ ယမန်နှစ် ဇွန်လ ၂၂ ရက်က စတင်ကာ အကျဉ်းချထားခြင်းဖြစ်သည်။
ထောင်သွင်းအကျဉ်းချထားမှု ၁ နှစ်ကျော်လာချိန်တွင် နေအိမ်အကျယ်ချုပ်ပြန်လည်ထားရှိမည့်သတင်းများ ထွက်ပေါ် လာခြင်းဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ ဒုတိယဝန်ကြီးအဆင့် နေထိုင်သော နေအိမ်တလုံးသို့ ရွှေ့ပြောင်းလိုက်ပြီဖြစ်ကြောင်း BBC သတင်းဌာနက ယမန်နေ့တွင် သတင်းဖော်ပြခဲ့သည်။
အဆိုပါ သတင်းနှင့်ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီက တစုံတရာ အတည်ပြုထုတ်ဖော်ပြောကြားခြင်း မရှိ သေးပေ။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများနှင့်ပတ်သက်ပြီး ဖုံးကွယ်ထိမ်ချန်ထား လေ့ ရှိသည့်အပြင် အမှုများအား လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေများကိုလည်း အမှုအကြောင်းအရာများနှင့် ပတ် သက်ပြီး ပြန်လည်ထုတ်ဖော်ပြောဆိုခြင်းမပြုရန် တားမြစ်မိန့် ထုတ်ထားသည်။
နေပြည်တော်ထောင်တွင်း အကျဉ်းချထားစဉ် ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံခွင့်ရခဲ့သူ ဒေါ်စန္ဒာမင်းက နေအိမ်အကျယ်ချုပ်ရွှေ့ပြောင်းမှုကို အတည်ပြုပြောနိုင်ခြင်းမရှိသေးသော်လည်း ယခုကဲ့သို့ ပြောင်းရွှေ့ထားရှိမည့် အစီ အစဉ်အား လွန်ခဲ့သည့်ရက်ပိုင်းကတည်းက ကြားသိထားရကြောင်းလည်း ပြောသည်။
ဒေါ်စန္ဒာမင်းက “နေအိမ်ပြန်ထားတယ်ဆိုတာက ရာနှုန်းပြည့်မဟုတ်ပေမယ့် ၉၀ ရာခိုင်နှုန်းလောက်မှန်နိုင်ပါတယ်။ အဲဒီ လို ထားမယ်ဆိုတာလည်း ကျမတို့ ကြားထားတာကြာပါပြီ၊ ရက်ပိုင်းလောက်ရှိပေါ့နော်။ အဲဒီလို ထားတယ်ဆိုရင် ကျမ အမြင်အရ နိုင်ငံ့အတွက်ကောင်းသော ရလဒ်ပါလို့ ပြောချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ဆွေးနွေး ချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် တိုင်းပြည်တဝက် အေးချမ်းနိုင်ပါတယ်” ဟု ဆိုသည်။
ထောင်သွင်းအကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် နိုင်ငံတကာ၏ တောင်းဆိုမှုများအား စစ်ကောင်စီက ပယ်ချခဲ့သော်လည်း မကြာသေးမီကမူ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းကိုမူ ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုခဲ့သည်။
ထိုတွေ့ဆုံမှုနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြား ရေး ဝန်ကြီးများအစည်းအဝေး၌ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြဿနာများဖြေရှင်း ရန်အတွက် ကြိုတင်သတ်မှတ်ချက် မထားသည့် ဆွေးနွေးပွဲများအား ထောက်ခံသည့် သဘောထားရှိကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။
၎င်းတို့ တွေ့ဆုံမှုအပေါ် အခြေခံကာ စစ်ကောင်စီဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအား ဒေါ်အောင်ဆန်းစုကြည် မထောက်ခံကြောင်း ဝါဒဖြန့်မှုများ ပြုလုပ်ခဲ့ကြသည်။
အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ယခင် စစ်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ကာလများတွင်လည်း စစ်အစိုးရ၏ အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခြင်းခံရပြီး နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ် ခန့် နေထိုင်ခဲ့ရသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား
ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်
ပါတီဝင်များ နောက်တကြိမ် လာတွေ့မှု ဒေါ်အောင်ဆန်းစုကြည် လက်မခံ
စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့