စစ်ကိုင်းတိုင်းအတွင်း စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခံထားရသည့် မြို့နယ်များတွင် စစ်ခုံရုံးမှ တရားစီရင် အမိန့် ချခံရသူ ငါးလအတွင်း ၁၇၃ ဦးထိရှိပြီး ၎င်းတို့အနက် ၈၀ ခန့်မှာ ထောင်ဒဏ်တသက်ချမှတ်ခံထားရကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ အရာတော် စသည့် ၁၄ မြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ၂၀၂၃ ဖေဖော်ဝါရီလက စစ်ကောင်စီမှ ကြေညာခဲ့ပြီး တိုင်းမှူး သို့မဟုတ် စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍ စစ်အုပ်ချုပ်ရေး အာဏာကို ကျင့်သုံး နိုင်ကြောင်း ဖော်ပြထားသည်။
ထို့အတွက် စစ်ခုံရုံးများက ပြစ်မှုဆိုင်ရာမှုခင်းများကို အကျဉ်းနည်းစစ်ဆေး၍ သက်ဆိုင်ရာ ပြစ်မှုအလိုက် အမြင့်ဆုံး ပြစ် ဒဏ်များ ချမှတ်နေသလို အမိန့်စီရင်ချက်များသည်လည်း အပြီးအပြတ်ဖြစ်ရုံသာမက အယူခံပိုင်ခွင့်မရှိခြင်းကြောင့် အခြေခံ လူ့အခွင့်အရေးများကို ချိုးဖောက်နေကြောင်း နိုင်ငံရေးအကျဉ်းသားများ အရေးဆောင်ရွက်နေသူများက ဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “စစ်ကိုင်းတိုင်းက တော်လှန်ရေးအားကောင်းတာမို့ ဖိနှိပ်မှု သက်သက်လုပ်နေတာ၊ ဥပဒေကို လက်တလုံးခြားလုပ်ပြီး ယန္တရားတခုအနေနဲ့ အသုံးချနေတာ။ အခုလို လုပ်နေတာတွေက အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်တဲ့ လုပ်ဆောင်ချက်မျိုးတွေပဲဖြစ် တယ်” ဟု မှတ်ချက်ပြုသည်။
စစ်ခုံရုံးက အရေးယူဆောင်ရွက်နိုင်သော ဥပဒေပုဒ်မများတွင် နိုင်ငံတော် ပုန်ကန်မှု၊ အစိုးရကို အကြည်ညိုပျက်အောင် လုပ်မှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ၊ မတရားအသင်း အက် ဥပဒေ၊ တပ်မတော်နှင့် စစ်ကောင်စီခန့် အစိုးရဝန်ထမ်းများအား နှောင့်ယှက်ဟန့်တားမှု၊ ပြစ်မှုကျူးလွန်အောင်သွေးထိုး လှုံဆော်မှု၊ အဂတိလိုက်စားမှု၊ လက်နက်အက်ဥပဒေ၊ သတင်းမီဒီယာဥပဒေ စသည်တို့ပါဝင်သည်။
ဝါရင့်တရားလွှတ်တော်ရှေ့နေကြီးတဦးက “စစ်ခုံရုံးနဲ့ တရားစွဲခံရတဲ့ အမှုတွေဆိုရင် စွဲဆိုခံရတဲ့ ဥပဒေပုဒ်မရဲ့ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ရမယ်။ အယူခံတင်ခွင့် မရှိဘူးဆိုပြီး ညွှန်ကြားချက်ထုတ်ထားတယ်။ အခု စစ်ခုံရုံးက အမိန့်ချ နေတာတွေက ဥပဒေရဲ့သဘော သဘာ၀တွေနဲ့ ဆန့်ကျင်နေတယ်။ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး လေးစားလိုက်နာရတဲ့ ဥပဒေရယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့။ အဲဒီဟာတွေက တည်ဆဲဥပဒေဖြစ်နေတယ်။ စစ်ခုံရုံးက အမြင့်ဆုံးပြစ်ဒဏ်တွေချနေ တာတွေက ဥပဒေနဲ့ ညီတဲ့ ကိစ္စရပ်မဟုတ်ဘူးလို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
တည်ဆဲဥပဒေများအရ တရားစွဲခံရသူသည် ခုခံချေပခွင့်ရရန် ရှေ့နေငှားခွင့်ရှိသလို ရှေ့နေမှလည်း ဥပဒေနှင့်အညီ ပြန်လှန် မေးခွန်းထုတ်နိုင်ကြောင်း၊ လူနှင့် ပစ္စည်းသက်သေကိုလည်း အရေအတွက်အကန့်အသတ်မရှိ တင်ပြခွင့်ရှိကြောင်း၊ စစ်ခုံရုံးများ၌မူ အဆိုပါအခွင့် အရေးများ လုံးဝမရရှိကြောင်းလည်း နိုင်/ကျဉ်းများအား အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများထံမှ သိရသည်။
အရာတော်မြို့နယ်မှ ဒေသခံတဦးက “ကျနော်တို့ရွာဘက်ကို စစ်ကြောင်းလာလို့ ပြေးတဲ့အချိန် ကျနော့်သားလေး အဖမ်းခံ လိုက်ရတယ်။ PDF လို့ စွပ်စွဲပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဆိုတာနဲ့ ပြီးခဲ့တဲ့ ငါးလပိုင်းမှာ စစ်ခုံရုံးက ထောင်ဒဏ် တသက် အမိန့်ချတာခံလိုက်ရတယ်။ ရှေ့နေငှားဖို့မပြောနဲ့ အမိန့်ချလိုက်ရတယ်ဆိုတာတောင် ပြီးမှသိကြရတာပါ” ဟု ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၁၉ (ဂ)၊ ၂၀၁၀ ခုနှစ် ပြည်ထောင်စုတရား စီရင်ရေးဥပဒေ ပုဒ်မ ၃(ဂ) များတွင် တရားစွဲခံရသူသည် ဥပဒေအရ အပြည့်အဝခုခံချေပခွင့်၊ အယူခံပိုင်ခွင့်ရှိရမည်ဟု ပြဌာန်းထားသော်လည်း လက်ရှိ စစ် ကောင်စီလက်အောက်တွင်မူ ဥပဒေပါအခွင့်အရေးများမရရှိဘဲ ဆုံးရှုံးနေကြရကြောင်းလည်း တရားလွှတ်တော် ရှေ့များက ဝေဖန်ထောက်ပြထားသည်။
မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်ကလည်း “လက်ရှိ စစ်ခုံရုံးတွေက ရုံးချိန်းသုံးချိန်းလောက်နဲ့ အမှုတွေ အပြီးအပြတ်အမိန့်ချနေတာမျိုး၊ စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်ပြီး ဖြေဆိုခိုင်းတဲ့ထွက်ဆိုချက်တွေကို သက် သေတွေအဖြစ် ယူပြီးတော့မှ စစ်ဆေးနေတာမျိုး ဖြစ်တယ်။ အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ရမယ့် ကြိုတင်သတ်မှတ်ချက် တွေအရ စစ်ကောင်စီက ပြည်သူတွေအပေါ် ရန်သူသဖွယ်ဆက်ဆံနေတယ်ဆိုတာ ပေါ်လွင်နေပါတယ်” ဟု ဆို သည်။
စစ်တပ် အာဏာသိမ်းချိန်မှစ၍ ပျက်စီးယိုယွင်းသွားသည့်ကဏ္ဍများအနက် တရားရေးမဏ္ဍိုင်လည်း အပါအဝင်ဖြစ်ကာ စစ်ခုံရုံး မဟုတ်သည့် ခရိုင်၊ မြို့နယ်အဆင့် တရားရုံးများ၌လည်း စစ်ကောင်စီအလိုကျသာ ဆောင်ရွက်နေကြောင်း အမှုလိုက်ပါဆောင်ရွက်သူများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများထံမှ သိရသည်။
အရပ်ဘက်တရားရုံးများတွင် တရားစွဲခံရသူဘက်က အပြစ်မရှိကြောင်း သက်သေအထောက်များ တင်ပြနိုင်သော်လည်း အထက်အမိန့်အရဟုဆိုကာ စာအိတ်ဖောက်၍ အမိန့်ချမှတ်နေခြင်းမျိုးကိုသာ ကျင့်သုံးကာ အမြင့်ဆုံးပြစ်ဒဏ်များကို ချမှတ်နေကြောင်း ၎င်းတို့က ဆိုသည်။
ယခုအခါ အရေးကြီးသော နိုင်ငံရေးအမှုများ အပါအဝင် တရားစွဲထားသော အမှုများကို လာမည့်ဇူလိုင် ၃၁ ရက်မတိုင်မီ အပြီးအပြတ်အမိန့်ချမှတ်ရမည်ဆိုသည့် စစ်ကောင်စီ၏ ညွှန်ကြားချက်ကြောင့် အမှုနှင့် သက်ဆိုင်သော အပြန်အလှန် မေးခွန်းများ မမေးနိုင်တော့ကြောင်း ဝါရင့်တရားလွှတ်တော်ရှေ့နေတဦးက ပြောသည်။
၎င်းက “သေဒဏ်ချခံရနိုင်တဲ့ အမှုမျိုးတွေမှာ အပြည့်အဝခုခံချေပခွင့် ရသင့်တယ်။ တရားခံရှေ့နေ အနေနဲ့လည်း တရားခွင် မှာ တရားလိုပြ သက်သေတွေကို အပြန်အလှန်မေးခွန်းတွေ၊ ပြည့်ပြည့်၀၀မေးရမယ့်မေးခွန်းတွေ ခွင့်ပြုသင့်တယ်။ ရက်နဲ့ ကန့်သတ်ပြီး အမိန့်ချပြီး ဖြစ်ရမယ် ဆိုတော့ တရားခံဘက်က အဓိကကျတဲ့ မေးခွန်တွေ၊ သက်သေတွေ ကိုပဲ တင်ပြခွင့် မေးခွင့်ရှိတာမို့ တရားစွဲခံရသူဟာ ဥပဒေနဲ့အညီ အပြည့်အဝခုခံချေပခွင့် ရရမည်ဆိုတဲ့ပြဋ္ဌာန်းချက်က ဒီကာလမှာ အလွန်ကို အားနည်းနေတယ်လို့ပဲ ပြောချင်ပါတယ်” မှတ်ချက်ပြုသည်။
စစ်ကိုင်းတိုင်းအတွင်းမှ ဖမ်းဆီးတရားစွဲ ထောင်ချခံနေရသူများမှာ လုံခြုံရေးအဖွဲ့များအား ရန်ပြုတိုက်ခိုက်ရန်ရည်ရွယ်၍ ကျေးရွာအတွင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF)များနှင့်အတူ ကင်းစောင့်ခြင်း၊ PDF များအတွက် ငွေကြေးနှင့် စားနပ်ရိ က္ခာများထောက်ပံ့ခြင်း၊ PDF တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာနေထိုင်မှုများအား သတင်းပို့ရန်ပျက်ကွက်ခြင်း၊ ဒဏ်ရာရ PDF လူနာများအား လက်ခံဆေးကုသပေးခြင်း၊ PDF များ နေထိုင်ရန် နေအိမ်အားငှားရမ်းခြင်း၊ မိုင်းနှင့်ဆက်စပ်ပစ္စည်းများ သိုဝှက်သိမ်းဆည်းပေးခြင်း စသည့် စွပ်စွဲချက်များဖြင့် အမှုဖွင့်တရားစွဲဆိုခံရပြီး အလုပ်နှင့်ထောင်ဒဏ် ၃ လ (ပုဒ်မ-၁၈၈၊ ညမထွက်ရအမိန့်) မှသည် ထောင်ဒဏ်တသက်ထိ ပြစ်ဒဏ်များချမှတ်ခံနေရခြင်းဖြစ်ကြောင်း သိရသည်။
You may also like these stories:
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ မီးလိုက်ရှို့
စစ်အုပ်ချုပ်ရေး ၃၇ မြို့နယ် ထပ်တိုးကာ ဖိနှိပ်ရေး အရှိန်မြှင့်
စစ်အုပ်ချုပ်ရေးအောက်က ဖရိုဖရဲ ဘဝများ
စစ်အုပ်ချုပ်ရေးအောက်မှာ လွတ်လပ်တဲ့ တရားစီရင်ရေး မရှိပါ
စစ်အုပ်ချုပ်ရေး မြို့နယ်များတွင် တရားရေး စီရင်နိုင်သည့် အချက်များ ထုတ်ပြန်