စစ်ကောင်စီအနေဖြင့် စစ်အသုံးစရိတ်မြင့်လာခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ အခွန်အကောက်ရရှိမှု နည်းပါးခြင်းတို့ကြောင့် ဖြစ်လာသည့် ဘဏ္ဍာငွေအကျပ်အတည်းကို နှစ်သောင်းတန်ငွေစက္ကူအသစ်များ ရိုက်ထုတ်၍ ထွက်ပေါက်ရှာခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကြားကာလဗဟိုဘဏ် ဥက္ကဋ္ဌ ဦးတင်ထွန်းနိုင်က ဧရာဝတီကို ပြောသည်။
၎င်းက “ပြည်သူတွေ စီးပွားရေးကျပ်တည်းသလို စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ကျပ်တည်းလာတယ်။ အခွန်ကလည်း ငြိမ်းချမ်းစဉ်ကာလတုန်းကလို သူတို့မျှော်လင့်လို့ မရတော့ဘူး။ ဒါ့ပြင် တော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေစိုးမိုးမှုကလည်း တဖြည်းဖြည်းများလာတဲ့အခါ သူတို့ အခွန်ကောက်နိုင်တဲ့နယ်မြေက ကျူံ့လာတယ်။ အခွန်လျော့တာကတော့ သိပ်ကိုသေချာသွားတယ်။ ဒီအခြေအနေတွေက အကြမ်းဖက်စစ်တပ်အတွက် ဘဏ္ဍာငွေ အကျပ်အတည်းက တော်တော်ကိုဆိုက်နေပြီ” ဟု ဆိုသည်။
ထိုသို့ အခွန်ရရှိမှု နည်းပါးသွားခြင်းအပြင် အခြားဝင်ငွေရလမ်းများဖြစ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်ရငွေများလည်း ကျဆင်းလာသလို စစ်ကောင်စီ၏ ဗဟိုဘဏ်မှတဆင့် ငွေတိုက်စာချုပ်များ ရောင်းချမှုမှာလည်း ထင်သလောက် အဆင်မပြေဖြစ်လာခြင်းကြောင့် ယခုလို နောက်ဆုံးနည်းလမ်းကို ရွေးချယ်လာခြင်း ဖြစ်ကြောင်း ဦးတင်ထွန်းနိုင်က ပြောသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုအခွန်အကောက်ဥပဒေပါ နှစ်စဉ်ပြည်တွင်းအခွန်အကောက်ရရှိမှု လျာထားချက်အရ ကျပ် ဘီလီယံ ၇၀၀၀ ကျော်မှ ဘီလီယံ ၈၀၀၀ ကျော်ထိ ဖြစ်သော်လည်း ၂၀၂၁ ဖေဖော်ဝါရီလ နောက်ပိုင်းမှစ၍ အခွန်ကောက်ခံရရှိမှုနှင့် ပတ်သက်၍ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ကြေညာခြင်း မရှိတော့ပေ။
ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကောက်ခံရရှိမှုနှင့် ပတ်သက်ပြီး နောက်ဆုံးတရားဝင်ဖော်ပြထားချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သားအစိုးရလက်ထက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အခွန်အရပ်ရပ်ကောက်ခံရရှိမှုဖြစ်ပြီး ငွေကျပ် ၇၂၉၆ ဒသမ ၆၉၇ ဘီလီယံရှိကြောင်း သိရသည်။
စစ်ကောင်စီက ယခုလို ကျပ်နှစ်သောင်းတန်ငွေစက္ကူသစ် ရိုက်ထုတ်ခြင်းအပြင် အာဏာသိမ်းပြီးနောက်ပိုင်း လိုအပ်သော ဘဏ္ဍာငွေကို ဖြည့်တင်းနိုင်ရန်အတွက် ငွေစက္ကူများရိုက်ထုတ်ခဲ့ပြီး ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၂ ဒီဇင်ဘာလကုန်ထိ နှစ်နှစ်တာကာလအတွင်း ငွေစက္ကူရိုက်ထုတ်မှုသည် ကျပ် ဘီလီယံ ၂၀၀၀၀ ထိရှိကြောင်း NUG ၏ ကြားကာလဗဟိုဘဏ် ဥက္ကဋ္ဌ ဦးတင်ထွန်းနိုင်က ပြောဆိုသည်။
အဆိုပါ ငွေသားရိုက်ထုတ်မှုသည် စစ်ကောင်စီ၏ ၂၀၂၃ ဘဏ္ဍာနှစ်အတွက် စံချိန်တင်သုံးစွဲထားသော စစ်အသုံးစရိတ် ကျပ် ဘီလီယံ ၅၆၀၀ ထက် လေးဆနီးပါးအထိရှိကြောင်း၊ ယင်းအချက်အလက်များသည် ကမ္ဘာ့ဘဏ်ကဲ့သို့ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများက ထုတ်ပြန်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာပါ အချက်အလက်များနှင့် NUG က သီးသန့်ရရှိထားသော စစ်ကောင်စီ၏ ဘဏ္ဍာရေးအချက်အလက်များကို အခြေခံပြောဆိုခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဦးတင်ထွန်းနိုင်က “သူတို့ရဲ့ (စစ်ကောင်စီ) သက်ဆိုးကို ဆွဲဆန့်နိုင်ဖို့ရယ်၊ ပြည်သူအပေါ် ရက်ရက်စက်စက်၊ လူမဆန်စွာ ဖိနှိပ်အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဖို့ လိုအပ်တဲ့ ဘဏ္ဍာရန်ပုံငွေကို အခုလို နောက်ဆုံးနည်းနဲ့ရှာတဲ့လုပ်ငန်းစဉ် ဖြစ်ပါတယ်” ဟုလည်း ဆိုသည်။
ထို့ပြင် အာဏာသိမ်းစစ်ကောင်စီ ထုတ်ဝေမည့် ကျပ်နှစ်သောင်းတန်ငွေစက္ကူသည် တရားမဝင်သလို အသိအမှတ်လည်း ပြုမည်မဟုတ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကြားကာလဗဟိုဘဏ်က ယနေ့ရက်စွဲဖြင့် ထုတ်ပြန် ကြေညာသည်။
စစ်ကောင်စီ၏ ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ရိုက်ထုတ်မှုသည် ကျပ်ငွေအပေါ် ယုံကြည်မှုကျဆင်းပြီး ငွေကြေး ဖောင်းပွမှုနှုန်းကို ပိုမြင့်တက်လာစေကာ ကျပ်ငွေတန်ဖိုး ပိုမိုထိုးဆင်းနေပြီဖြစ်ကြောင်း၊ အများပြည်သူ သုံးစွဲနိုင်စွမ်းကျဆင်းနေပြီး ပုံမှန်မဟုတ်သော ဈေးကွက်အဖြစ်သို့ရောက်ကာ တိုင်းပြည်စီးပွားရေး ပိုမိုဆိုးရွားလာစေမည် ဖြစ်ကြောင်းလည်း စီးပွားရေးပညာရှင်များက ဝေဖန်ထောက်ပြထားသည်။
စစ်ကောင်စီဘက်ကမူ အသစ်ထုတ်မည့် ကျပ်နှစ်သောင်းတန်မှာ အကန့်အသတ်ဖြင့်သာ ထုတ်ဝေခြင်းကြောင့် ငွေကြောင်းဖောင်းပွမှု မဖြစ်နိုင်ကြောင်း ထုတ်ပြန်ပြောဆိုနေသော်လည်း ယခုရက်ပိုင်းအတွင်း၌ပင် အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်လာသလို ရွှေနှင့်ဒေါ်လာဈေးကွက်များမှာလည်း ဈေးမဖွင့်နိုင်ဘဲ ကမောက်ကမ ဖြစ်လျက်ရှိသည်။
စစ်ကောင်စီက ကျပ်နှစ်သောင်းတန်ထုတ်ဝေခြင်းသည် တိုင်းပြည်နှင့်ကမ္ဘာကြီး အေးချမ်းသာယာစေရန် ရည်ရွယ်ပြီး စစ်ခေါင်းဆောင်တည်ထားသော နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နှင့် ဆင်ဖြူတော်ရဋ္ဌနန္ဒက၏ တနှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ဇူလိုင်လကုန်ပိုင်းတွင် ထုတ်ဝေသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
တဖက်တွင်မူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စစ်ကောင်စီ၏ အကျပ်အတည်းဖြစ်နေသော ဘဏ္ဍာရေးစနစ်ကို ပိုမိုဖိအားပေးနိုင်ရန်အတွက် သမရိုးကျမဟုတ်သော ဒစ်ဂျစ်တယ်ဘဏ်စနစ်ဖြင့် နွေဦးဖွံ့ဖြိုးဘဏ်ကို ထူထောင်ထားပြီး ဇူလိုင် ၂၂ ရက်၊ ကနဦးဘဏ်ဖွင့်လှစ်ချိန်တွင် သတ်မှတ်သုံးစွဲသူပမာဏ လူဦးရေ ၁,၀၀၀ နာရီအပိုင်းအတွင်း ပြည့်သွားခဲ့သလို ရာနှင့်ချီသောသုံးစွဲသူများကလည်း ဘဏ်အကောင့်ဖွင့်လှစ်ရန် စောင့်ဆိုင်းလျက်ရှိနေကြောင်း သိရသည်။
You may also like these stories:
အွန်လိုင်း နွေဦးဖွံ့ဖြိုးရေးဘဏ် NUG ထူထောင်ဖွင့်လှစ်
ကျပ် နှစ်သောင်းတန်ဂယက် ဒေါ်လာနှင့် ရွှေဈေးကွက် ကမောက်ကမဖြစ်
ကျပ်နှစ်သောင်းတန်ကြောင့် အခြေခံစားသောက်ကုန်များ အတက်ကြမ်း
Neo ဘဏ်လို့ ခေါ်ပါတယ် ဒါမှမဟုတ် ဒစ်ဂျစ်တယ်ဘဏ်လို့ ခေါ်ပါတယ်