တနင်္သာရီတိုင်းအခြေစိုက် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် တိုင်းအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ဒေသရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းတို့ကို ပြီးခဲ့သည့် ဇူလိုင် ၂၈ရက်နေ့က စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေကြောင်းသိရသည်။
“လတ်တလော ဘယ်ကိစ္စနဲ့ဖမ်းတယ်ဆိုတာ တိတိကျကျ မသိရသေးပေမယ့် နယ်လုံဝန်ကြီးကိုတော့ ကော့သောင်းကနေ ရနောင်းဘက် ကမ်းကူးတဲ့ကိစ္စနဲ့ပါ အမှုထပ်တွဲထားတယ်” ဟု အမည်မဖော်လိုသည့် ဧရာဝတီသတင်းရင်းမြစ်တဦးက ဆိုသည်။
ထိုဖမ်းဆီးမှု၏ နောက်ဆက်တွဲအဖြစ် တနင်္သာရီတိုင်းရှိ စီးပွားရေးလုပ်ငန်းရှင်တချို့ကိုလည်း ခေါ်ယူစစ်ဆေးနေသည်ဆို သတင်းများလည်း ထွက်ပေါ်နေသည်။
မြိတ် ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တဦးက “အဓိက က ဝန်ကြီးချုပ်နဲ့ နယ်လုံ စားခွက်လုတာပဲ ဦးမြတ်ကိုက ပြောရရင် အရပ်သားပေါ့ဗျာ။ အရပ်သားဆိုတော့ နယ်လုံအနေနဲ့ သူက ဆရာကြီးဆိုပြီး လာလာလုပ်ပြတာ။ အထူးသဖြင့် ဆီတွေ သွင်းတာကို လာကျစ်တယ်ဗျာ၊ ဒေသသုံး အိမ်ဆောက် ကုန်မာတွေကိုလည်းကျစ်တယ်၊ ဒုတိုင်းမှူးနဲ့ နယ်လုံက ဦးမြတ်ကို ကို မင်းအောင်လှိုင်က ဦးမြင့်ဆွေကို ထားသလို လုပ်ချင်တာ၊ တိုင်းမှူးက တိုင်းမှူး အလျှောက် နယ်လုံက နယ်လုံအလျှောက် ဗျူဟာမှူးက ဗျူဟာမှူးအလျှောက် ရတုန်း ယူကြမယ်ဆိုပြီး ဣန္ဒြေမရ ဖြစ်နေကြတာ” ဟုဆိုသည်။
ဦးမြတ်ကိုမှာ စစ်မှုထမ်းဟောင်းတဦးဖြစ်သလို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တဦးလည်း ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီးနောက် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ် တိုင် တနင်္သာတိုင်း ဝန်ကြီးချုပ် တာဝန်ယူခဲ့သလို သမ္မတဟောင်း ဦးသိန်းစိန်နှင့်လည်း နီးစပ်သူဖြစ်သည်။
“ကော့သောင်းနဲ့ မြိတ်မှာ လူမသိသူမသိ ခရိုနီကြီးကြီးတွေရှိတယ်။ ဦးမြတ်ကိုနဲ့က ဦးသိန်းစိန်လက်ထက်ကတည်းက တွဲလာခဲ့ကြသူတွေဆိုတော့ နီးစပ်တာပေါ့။ ပြီးတော့ ထွေအုပ်။အောက်ခြေတပ်က ထွေအုပ်ကို စာရင်းထဲမထည့်ဘူး။ နယ်လုံဆို ခယကဥက္ကဋ္ဌကို လူရှေ့သူရှေ့မရှောင် ဆဲတာ။အဲဒီအုပ်စုတွေပေါင်းမိသွားတော့ နယ်လုံနားကားသွားပုံပဲ” ဟု သူက တနင်္သာရီတိုင်း၏ လက်ရှိအနေအထားကို ရှင်းပြသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂နှစ်ခွဲအတွင်း စစ်တိုင်းမှူးများကို မကြာခဏ နေရာပြောင်းရွှေ့ခြင်း ရာထူးမှဖယ်ရှား ခြင်းများ ပြုလုပ်နေရာ မကြာသေးမီက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူး၊ ဒုတိုင်းမှူး၊ တပ်မမှူးနှင့် တပ်ရင်းမှူး အချို့တို့အား မိုင်းခွဲရာတွင် အသုံးပြုသည့် ယမ်းများရောင်းစားမှုနှင့်ပတ်သက်၍ ဖမ်းဆီးကာ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် အား ရာထူးမှ အနားပေးခဲ့ပြီး ၎င်း၏ နေရာတွင်စစ်ကိုင်းတိုင်းအခြေစိုက် အမှတ် ( ၁၀ ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် စိုးလှိုင်အား ခန့်အပ်ခဲ့သည်။
မြောက်ပိုင်းတိုင်း တိုင်းမှူးဖြစ်လာသော ဗိုလ်မှူးချုပ်စိုးလှိုင်သည် အလုပ်သင်ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၂၄ သင်တန်း ဆင်းတဦး ဖြစ်ပြီးမော်လမြိုင်ဇာတိဖြစ်သည်။ ထို့ပြင်ရဲချုပ် ဖြစ်သွား၍ လစ်လပ်သွားသော တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာအား စစ်တက္ကသိုလ်အပတ်စဉ် ၃၆ ( DSA-36 ) ကျောင်းဆင်း ဗိုလ်ချုပ်အောင်ခိုင်ဝင်းအား ခန့်အပ်လိုက် ကြောင်း သတင်းရရှိသည်။
ထိုဖြစ်ရပ်များနှင့် ပတ်သက်၍ CDM ဗိုလ်ကြီးတဦးက “တယောက်နဲ့တယောက်တော့ ပြောင်းရတဲ့ အကြောင်းအရင်းတော့ မတူပါဘူး။ ရာထူးတိုး၊ နေရာပြောင်း၊ ဖြုတ်၊ ပြုတ်၊ အရန်အင်အားပို့၊ အရပ်ဘက်ပို့ ၊စစ်ဆင်ရေး၊ ငွေရေးကြေးရေးပြဿနာ အမျိုးမျိုးပါပဲ ရှိတာ”ဟု မှတ်ချက်ပြုသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြဝတီမြို့အနီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA ) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ကြား ဖြစ်ပွားခဲ့သည့် လက်ခတ်တောင်တိုက်ပွဲတွင် တပ်မ ၄၄ လက်အောက်ခံ ခမရ ( ၂) မှတပ်ရင်းမှူး နှင့် ဒုတပ်ရင်းမှူးတို့နှစ်ဦးအား အမိန့်ဖီဆန်မှုဖြင့် တပ်ရင်းအချုပ်တွင် အချုပ်ချထားခဲ့ကြောင်းလည်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ EAOs များနှင့် တိုက်ပွဲများဖြစ်ပွားသော အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်တိုင်းမှူးများအား တိုင်းမှူးရာထူးမှ အနားပေးခြင်း၊ အရပ်ဘက်သို့ပြောင်းရွှေ့ခြင်းစသည့်ပုံစံဖြင့် အရေးယူခြင်းများ လုပ်ဆောင်လာသည်။
You may also like these stories:
တပ်တွင်းရာထူး အပြောင်းအလဲ၏ နောက်ကွယ်
စစ်တိုင်းမှူး ၅ ဦးကို နေရာပြောင်းရွှေ့
တပ်မတော် စစ်ဆင်ရေး အထူးအဖွဲ့ မှူး ရာထူးများ အပြောင်းအလဲ ဖြစ်