စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ ထန်းကုန်းတိုက်နယ်နှင့် ဇီးကုန်းတိုက်နယ်များအတွင်းသို့ စစ်ကောင်စီတပ် များနှင့် ပျူစောထီးများ စစ်ကြောင်းထိုးနေမှုကြောင့် ကျေးရွာ ၂၆ ရွာမှ ဒေသခံ ၈,၀၀၀ကျော် ထွက်ပြေးနေရပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီနေသူများထံက သိရသည်။
စစ်ဘေးရှောင်ကူညီနေသူတဦးက “တောတောင်တွေထဲ ဖြစ်သလို နေထိုင်နေကြရတဲ့အပြင် ဆေးဝါး အလုံအလောက် မရှိတာ၊ လမ်းပန်းဆက်သွယ်ရေး မကောင်းတာအပြင် စစ်တပ်နဲ့ ပျူတွေက ပိတ်ဆို့ပြီး ဖြတ်၄ ဖြတ်ပုံစံမျိုး လုပ်နေကြတာမို့ စစ်ရှောင်တွေထဲမှာ ဖျားနာတာ၊ ဝမ်းပျက် ဝမ်းလျှောဖြစ်တာတွေ ရှိပေမယ့် ဆေးဝါးကုသခွင့် မရဘဲ ဆင်းရဲဒုက္ခ ခံနေကြရတယ်၊ မိုးရွာတော့ မိုးတွေမိ၊ အအေးမိပြီး ကလေးတွေက ပိုပြီး ဖျားနာတာတွေ အဖြစ်များတယ်။ ပြီးတော့ သွေးလွန်တုပ်ကွေးရာသီဆိုတော့ သွေးလွန်တုပ်ကွေး လက္ခဏာတွေနဲ့ ဖျားနာနေတဲ့ ကလေးတွေလည်း ရှိနေတယ်”ဟု ပြောသည်။
ကန့်ဘလူမြို့နယ်တောင်ခြမ်းသို့ ပြီးခဲသည့် ဇူလိုင် ၁၂ ရက်မှ စတင်ပြီး စစ်ကောင်စီတပ်များနှင့် ပျူစောထီး အင်အား ၂၇၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ကျောင်းကုန်း၊ ဘိုကုန်း၊ ရင်ခတ်ကုန်း၊ ကျွန်းပင်ကုန်း၊ မင်းကုန်း(က)၊ ဘိုတဲကုန်း၊ ဇီးဖြူကုန်း၊ လက်ထုပ်ကုန်း၊ ဆူးပုတ်ကုန်း၊ ဖလံချိုင်၊ သပြေသာကြီး၊ မင်းဘာ၊ ကိုးမြို့၊ သရက်ကောင်း၊ ညောင်ဇင်ကြီး၊ ပေလည်၊ မင်းရွာတော၊ ညောင်ကိုင်းရွာ စသည့် ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။
ကန့်ဘလူမြို့နယ် စစ်ဘေးရှောင်ကူညီနေသူတဦးက “လက်ရှိမှာက ကျနော်တို့ဘက်မှာ မိုးရွာတာလည်း များတော့ စစ်ရှောင်တွေအတွက် ရိက္ခာထောက်ပို့ဖို့ လမ်းကြောင်းတွေက ဆိုင်ကယ်နဲ့တောင် သွားလို့ အဆင်မပြေတဲ့ အခြေအနေမှာ ရှိတယ်၊ အတတ်နိုင်ဆုံး ကူညီထောက်ပံ့တာတွေ လုပ်ပေးနေပေမယ့် သိသိသာသာ လုပ်ပေးနိုင်တာမျိုး မရှိတော့ စစ်ရှောင်တွေအတွက် တော်တော်လေးကို အခက်အခဲ ဖြစ်နေကြရတယ်”ဟု ပြောသည်။
စစ်ဘေးရှောင်သူများသည် တောတောင်များတွင် ဖြစ်သလို နေထိုင်လျက်ရှိပြီး မိုးကာ၊ အခြေခံ စားသောက်ကုန် များဖြစ်သည့် ဆန်၊ ဆီ၊ ဆားနှင့် ဆေးဝါးလိုအပ်ချက်များလည်း ရှိနေကြောင်း၊ ကန့်ဘလူတောင်ခြမ်းရှိ စစ်ရှောင် ပြည်သူများ အတွက် ကူညီပံ့ပိုးမှုများ မရောက်နိုင်အောင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံ ပျူစောထီးများက အင်အားအပြည့်ဖြင့် ထန်းတပင် – ဇီးကုန်းမြို့ဘက်မှနေ၍ ပိတ်ဆို့ခြင်းများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။
စစ်ရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် CDM ဆရာဝန်တဦးကလည်း “ကျနော်တို့လည်း စစ်ရှောင်လာတဲ့ ပြည်သူတွေကို အတတ်နိုင်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပါတယ်၊ ကျနော်တို့ အဓိကတွေ့ရတဲ့ ရောဂါတွေက သွေးတိုး၊ ဆီးချိုနဲ့ ပန်းနာရင်ကျပ်လိုမျိုးတွေ များတယ်၊ ပြီးတော့ လေဖြတ် ဝေဒနာသည်တွေလည်း ပါသေးတယ်၊ နောက် အချိန်နဲ့ ပုံမှန် ဆေးသောက်နေရတဲ့ တီဘီရောဂါသမားတွေလည်း ပါတော့ တီဘီဆေး ပုံမှန်ရအောင်ကို ခက်ခက်ခဲခဲ ကြိုးစားပေးနေရတယ်၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေလည်း ပါနေတော့ ဆေးဝါးလိုအပ်ချက်တွေကတော့ တော်တော်ကြီးကို များနေတာပါ”ဟု ပြောသည်။
စစ်ဘေးရှောင်များမှာ မိုးရွာသွန်းနေသည့်ကြားမှ ထွက်ပြေးနေကြရခြင်းဖြစ်ကာ ကား၊ လှည်း၊ ခြေလျင် ပုံစံမျိုးစုံဖြင့် စစ်ဘေးရှောင်နေကြရပြီး ကန့်ဘလူခရိုင်တွင် စစ်ဘေးရှောင်စခန်းများ သီးသန့် မရှိသလို ဆေးဝါးကုသမှု ခံယူနိုင်ရန် အတွက်လည်း ဆေးခန်းများ မရှိကြောင်း သိရသည်။
ညောင်ဇင်ကြီးကျေးရွာမှ စစ်ဘေးရှောင်တဦက “ကျမတို့လည်း ရွာကအိမ်တွေကို မီးတွေရှို့တော့ အဝတ်တထည် ကိုယ်တခုနဲ့ ကိုယ်လွတ်ရုန်းပြေးခဲ့ကြရတာ၊ ဖြစ်တာက ညကြီးဆိုတော့ ကျမတို့ အိမ်တွေလည်း ပါသွားတော့ ဘယ်လို အိမ်ပြန်နေရတော့မလဲ၊ အခုလိုမျိုးတွေ အသက်လု ပြေးခဲ့ရတာမို့ ထပ်ဖြစ်လာမှာ ကြောက်ပြီး ရွာကို ပြန်ဖို့ စိတ်ကို မကူးရဲသေးဘူး၊ လောလောဆယ်မှာတော့ ပြန်ဖို့ အစီအစဉ် မရှိသေးပါဘူး၊ ဖြစ်သလို စစ်ရှောင်နေကြရတဲ့ အခြေအနေတွေ ပါပဲ”ဟု ပြောသည်။
ကန့်ဘလူမြို့နယ်တောင်ခြမ်းသို့ ကိုးတောင်ဘို့ပျူစောထီးအထိုင်စခန်းရှိ အမှတ် ၁၀ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ကလေးမြို့အခြေစိုက် ခမရ ၃၆၃၊ ခမရ ၃၆၁ နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များက စစ်ကြောင်း ၃ ကြောင်းခွဲ ၍ စစ်ကြောင်းထိုးနေပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံ စစ်ဘေးရှောင်များကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်ပကဖအဖွဲ့မှ တာဝန်ရှိသူတဦးက “အခုဖြစ်နေတာက ပျူစောထီးရွာတွေက အနီးဝန်းကျင်မှာ ရှိတဲ့ သူတို့ကို မထောက်ခံ၊ အားမပေးတဲ့ ရွာတွေဆိုရင် အကုန်မီးရှို့နေ ကြတာ၊ သူတို့ မီးရှို့တယ်ဆိုတဲ့ ရွာတွေက PDF တွေ စိုးမိုးမှုရှိတဲ့ ရွာတွေ များတယ်၊ PDF ရဲ့ စိုးမိုးမှုနဲ့ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေတဲ့ ရွာတွေ ဖြစ်တယ်၊ အဲဒီတော့ စစ်တပ်နဲ့ ပျူတွေက သူတို့အထိုင်တွေမှာပဲ အဓိက စိုးမိုးထားနိုင်တော့တယ်၊ အဲဒါကြောင့် အထိုင်တွေကနေ အနီးဝန်းကျင်က ရွာတွေကို ထွက်ထွက်ပြီး မီးရှို့ လုယက် ခိုးယူနေတာတွေ လုပ်နေကြတာ”ဟု ပြောသည်။
ထို့အပြင် ဖမ်းဆီးခေါ်ဆောင်ခံရသူများကို ငွေကြေးသတ်မှတ်ချက်ဖြင့် ပြန်လည်ရွေးခိုင်းနေခြင်းများလည်း ပြုလုပ်နေသလို စစ်ကြောင်းတွင် အထုတ်အပိုး သယ်ဆောင်ခိုင်းခြင်းများကိုလည်း ပြုလုပ်လျက်ရှိကြောင်း၊ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ပြည်သူပိုင်တန်ဖိုးကြီးပစ္စည်းများအား ခိုးယူသယ်ဆောင်ခြင်း၊ လယ်ယာသုံး ကျွဲ၊ နွား၊ စက်ပစ္စည်းများကိုလည်း ခိုးယူကာ လေလံတင် ရောင်းချခြင်းများကိုလည်း ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
ညောင်ကိုင်းကျေးရွာမှ စစ်ဘေးရှောင်တဦး က “အိမ်လည်း မီးလောင်သွားတယ်၊ ရှိတဲ့ပစ္စည်း အကုန်ပါသွားတယ်၊ ခါးဝတ်ခါးစားပဲ ကျန်ခဲ့တာ၊ စပါးကျီထဲက စပါး ၅၀၀ လောက်လဲ မီးထဲပါသွားတယ်၊ ဘာတခုမှကို မရခဲ့တော့ အတော်လေးကို စိတ်တွေလည်း ဆင်းရဲရပါတယ်၊ ကျမတို့အနေနဲ့ ကတော့ နိုင်ငံရေးတွေလည်း နားမလည်တော့ အေးအေးဆေးဆေး နေချင်လို့ မြန်မြန် ပြီးစေချင်တာပဲ သိတယ်”ဟု ပြောသည်။
ကန့်ဘလူခရိုင်တွင် ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့များကို ပျူစောထီးခေါင်းဆောင် မဘသဆရာတော် ဦးဝါသ၀ ကျောင်းထိုင်သော မှော်တော်ကျေးရွာမှ စတင်ကာ ဖွဲ့စည်းခဲ့ပြီး မူးဘောင်တလျှောက်ရှိ ကျေးရွာများကို ခြိမ်းခြောက်ကာ ဆက်တိုက်ဖွဲ့စည်းခဲ့ရာ ပျူစောထီးကျေးရွာ ၅၀ ကျော်ထိ ရှိလာပြီဖြစ်သလို သင်တန်းဆင်း၍ လက်နက်တပ်ဆင်ပေးထားသူ ၁,၁၀၀ ကျော်ထိ ရှိလာကြောင်း၊ ယခင် စစ်ကောင်စီက လက်လုပ်သေနတ်ကိုသာ အဓိကထား ပံ့ပိုးပေးခဲ့ရာမှ ယခုအခါ G-3 ၊ ကာဘိုင်၊ MA-1 စသည့် သေနတ်များကို ပြောင်းလဲတပ်ဆင်ပေးလာကြောင်း သိရသည်။
ယခုအခါ အာဏာသိမ်း စစ်တပ်တွင် တပ်သားသစ် စုဆောင်းရန်ခက်ခဲလာခြင်းနှင့်အတူ အင်အားလျော့နည်း လာခြင်းများ ကြောင့် ကန့်ဘလူခရိုင်အတွင်း နယ်ခံပျူစောထီးများကို အများဆုံး အသုံးပြု၍ ပျူစောထီး ၁၆ ဦးလျှင် စစ်တပ်က တဦး ကြီးကြပ်သည့်ပုံစံဖြင့် လှည့်လည်စစ်ကြောင်းထိုးနေကြောင်း သိရသည်။
You may also like these stories:
ကန့်ဘလူ ဒေသခံ ၆၀ ကျော်ကို စစ်တပ်နှင့် ပျူစောထီးများ ဖမ်းဆီး
ကန့်ဘလူ ရွာတချို့ ပျူစောထီးသင်တန်းတက်ရန် ဖိအားပေးခြိမ်းခြောက်ခံနေရ
စစ်ကိုင်းနယ်တွင် စစ်တပ်ကင်းပုန်းနှင့်တိုး၍ PDF ၁၄ ဦး သတ်ဖြတ်ခံရ
ကိုးတောင်ဘို့ ဒေသခံ ၁၄ ဦးကို စစ်တပ်က မီးရှို့အလောင်းဖျောက်
ကန့်ဘလူတွင် စစ်ရှောင် ၂ သောင်းကျော် ရိက္ခာနှင့် ဆေးဝါး အရေးပေါ်လိုအပ်နေ