စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်လျှော့ပေါ့ခြင်းသည် “ဘာမှမဟုတ်”ကြောင်း သူ၏ သားငယ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်ပြီး စစ်ကောင်စီကို ပိုမိုဖိအားပေးရေး ပိုမိုလုပ်ဆောင်ရန် အနောက်တိုင်း အစိုးရများကို တောင်းဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုသည့် အမှု ၁၉ ခုအနက် ၅ ခုကို သက်သာခွင့်ပေးခြင်းသည် သူ့အား ချမှတ်ထားသည် ထောင်ဒဏ် ၃၃ နှစ်အနက် ၆ နှစ်ကိုသာ ပယ်ဖျက်ပေးခြင်းဖြစ်ပြီး သူ၏ သားငယ် ဗြိတိန်နိုင်ငံသား ကင်အဲရစ်က ထိုလုပ်ရပ်သည် ဝါဒဖြန့်သည့် လုပ်ရပ်သာဖြစ်ကြောင်းပြောသည်။
“ဒါက ဘယ်လိုမှ မလုံလောက်ဘူး။ စစ်တပ်က သူတို့ကို အမြင်ကောင်းအောင် ဒီလိုမျိုး မကြာခဏ ဝါဒဖြန့်တယ်ဆိုတာ တကမ္ဘာလုံး သိတယ်” ဟု Reuters သတင်းဌာနသို့ သူပြောသည်။
“သူတို့က ကျနော့်အမေကို ထောင်ချထားတဲ့နှစ်တွေထဲက အနည်းငယ်လျှော့လိုက်တာထက် ပိုပြီး ဘာမှ မဟုတ်ဘူး” ဟု သူပြောသည်။
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်အစောပိုင်းမှ စတင်ကာ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး စစ်အုပ်ချုပ်ရေးဆန့်ကျင်သူများကို ဖြိုခွဲကာ ထောင်ပေါင်းများစွာအား ဖမ်းဆီး သို့မဟုတ် သတ်ဖြတ်သောကြောင့် ဖရိုဖရဲဖြစ်နေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်၏ ပဏာမ ပြုပြင်ပြောင်းလဲရေးကာလ ဖြစ်သည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ထပ်မံအနိုင်ရသည်။ ထိုအခါ ရွေးကောက်ပွဲ မသမာမှု ရှိသည်ဟု စစ်တပ်က စွပ်စွဲသည်။
အသက် ၇၈ နှစ်ရှိပြီဖြစ်သော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာသိမ်းမှုအတွင်း အဖမ်းခံရပြီး မတည်ငြိမ်အောင် လှုံ့ဆော်မှု၊ ရွေးကောက်ပွဲ မသမာမှုမှသည် အဂတိ လိုက်စားမှုအထိ ပါသော သူ့ကို စွပ်စွဲသည့် အမှုများအားလုံးကို ငြင်းဆန်ပြီး အယူခံဝင်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ကွယ်လွန်သူဗြိတိန်ပညာရှင် မိုက်ကယ်အဲရစ်၏ သားငယ် အသက် ၄၄ နှစ်ရှိပြီဖြစ်သော ကင်အဲရစ်သည် စစ်အာဏာသိမ်းမှုမဖြစ်ပွားခင်ကပင် မိခင်နှင့်အဆက်အသွယ်မရှိဘဲ ယခု ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို လုံးဝမသိပေ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှ အိမ်အကျယ်ချုပ်သို့ ပြောင်းသည့် အတည်ပြုနိုင်သော အထောက်အထားမရှိကြောင်း သူပြောသည်။
“အခုအချိန်မှာ ကျနော်နဲ့ ဘာအဆက်အသွယ်မှ မရှိဘူးဆိုတဲ့အချက်က အရင်ကထက် ပိုခက်တယ် ဆိုတာပဲ” ဟု သူပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို သီးသန့်တွေ့ဆုံခဲ့ကြောင်း လွန်ခဲ့သောလက ပြောသောကြောင့် ပြည်ပအရာရှိတဦးအနေဖြင့် ရှားရှားပါးပါးတွေ့ခွင့်ရခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းကြောင်း၊ နိုင်ငံ၏ အကျပ်အတည်းဖြေရှင်းရာတွင် တွေ့ဆုံဆွေးနွေးရေးကို အားပေးကြောင်း သူပြောသည်။
ခြွင်းချက်မရှိ လွှတ်ပေးရေး
အစိုးရအများအပြားက ဒေါ်အောင်ဆန်းစုကြည်နှင့် ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုပြီး အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့က မြန်မာကို ပစ်မှတ်ထား အရေးယူမှုများ ချမှတ်ထားသည်။
ထိုအရေးယူမှုများကို လွတ်ကွက်ဟာကွက်မရှိအောင် အထူးသဖြင့် စစ်လက်နက်ပစ္စည်းရောင်းဝယ်မှုတွင် ပိုမိုပြင်းထန် ထိရောက်စွာ ချမှတ်ရန် အဲရစ်တောင်းဆိုသည်။
လန်ဒန်အနောက်ပိုင်းတွင် နေထိုင်သော ကင်အဲရစ်က သူသည် အခြေအနေကို အများက ပိုသတိပြုလာစေရန် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများနှင့် အခြား စစ်တပ်ဆန့်ကျင်သူများက ဖွဲ့စည်းထားသည့် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရနှင် အတူ လုပ်ကိုင်နေကြောင်း ပြောသည်။
တွေ့ဆုံဆွေးနွေးခြင်းသည် အရေးပါကြောင်း သူပြောသည်။
“ဒါပေမယ့် ဒါက ဘာတွေ့ဆုံဆွေးနွေးတာမှ ဖြစ်လာမှာမဟုတ်ဘူး” ဟု ယခုထောင်ဒဏ်လျှော့ပေါ့ခြင်းနှင့်ပတ်သက်ပြီး သူပြောသည်။ “ကြိုမြင်နိုင်တဲ့အနာဂတ်မှာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး” ဟု သူပြောသည်။
ကိုးကား။ ။ Reuters ၏ Myanmar junta’s partial pardon of Suu Kyi means ‘absolutely nothing’, says son
You may also like these stories:
စစ်ကောင်စီ၏ အနှစ်သာရကင်းမဲ့သော လုပ်ရပ်
ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား
ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်
စစ်အုပ်စုက ရှေးရိုးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် ထုတ်သုံး