ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ဖြစ်တဲ့ တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေရဲ့ ရုပ်အလောင်း ၁၀ လောင်းနဲ့ လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်းနိုင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ တပ်မ (၉၉) လက်အောက်ခံ ခမရ ၄၂၀၊ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခလရ – ၂၆၁၊ ၄၂၁ နဲ့ နမ့်ခမ်းမြို့မ ပြည်သူ့စစ်တို့ ပူးပေါင်းအင်အား ၂၀၀ ကျော်နဲ့ TNLA တပ်မဟာ (၁) လက်အောက်ခံ တပ်တွေအကြား တနေကုန်နီးပါး ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ဒေသခံ ရွာသားတဦးက “စစ်တပ်က တောင်ပေါ်ကနေ အများကြီး ပြေးထွက်လာတာ။ ၂ ယောက်က ဖိနပ်တောင်မပါဘူး။ သေနတ်ကိုယ်စီနဲ့ ပြေးလာကြတာ” လို့ ပြောပါတယ်။
တိုက်ပွဲဟာ ဩဂုတ်လ ၂ ရက်နေ့ မနက် ၁၀ နာရီခန့်ကနေ ညနေ ၄ နာရီလောက်ထိ အပြင်းအထန် ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ TNLA ကထုတ်ပြန်ထားသလို တိုက်ပွဲအတွင်းမှာ စစ်ကောင်စီ ပူးပေါင်းတပ်သားတွေ စယ်လန့်ကျေးရွာအုပ်စုထဲမှာ ၁၀ ယောက်ကျော် ထွက်ပြေးလာခဲ့တယ်လို့ ဒေသခံတချို့က ဧရာဝတီကို ပြောပါတယ်။
သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေထဲမှာ RPG ၁ လက်၊ RPG-7 ဗုံးသီး ၂၀ လုံး၊ MA-1 ၁ လက်၊ AK-81 ၁ လက်၊ ၆၀ မမ ထောင့် ၁ ခု၊ ၈၁ မမ ထောင့် ၁ ခု၊ ၈၁ မမ ဗုံးသီး ၄၀ လုံး၊ စက်လတ် ၁ လက်၊ ကျည်ဆံ ၅၀၀၀ တောင့်၊ ဆက်သွယ်ရေးစက်ကြီး ၁ လုံးနဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်း အမြောက်အများပါဝင်ကြောင်း TNLA က ဓာတ်ပုံမှတ်တမ်းတွေနဲ့ အတူဖော်ပြထားပါတယ်။
TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော် က “တိုက်ပွဲကတော့ တနေကုန်ဖြစ်တာပေါ့။ နောက်ပိုင်းကတော့ သူတို့ (စစ်) ထိုးလို့ မရတော့တဲ့ အခါပြန်ဆုတ်ခွာသွားတာပေါ့။ ဖြစ်တဲ့နေရာကို ကျနော်တို့ အဖွဲ့က ပြန်ရှင်းလင်းတော့ ပြည်သူ့စစ်နဲ့ စကစ အလောင်း ၁၀ လောင်းတွေ့တယ်။ လူနာ ၁၃ ဦးပြန်သယ်သွားတယ်လို့ သတင်းတွေပြန်သိရတာရှိတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
ဩဂုတ်လ ၂ ရက်နေ့မှာပဲ မူဆယ်မြို့နဲ့ ၁၀၅ မိုင်ကုန်သွယ်ရေးစုံကြားက အောက်တုန်ခန်ကျေးရွာအနီး လမ်းမကြီးပေါ်မှာ မူဆယ်မြို့ကနေ အာဏာသိမ်းတပ်နဲ့ ပြည်သူ့စစ် အင်အား ၁၀၀ ခန့်ပါဝင်တဲ့ စစ်ကား ၁၀ စီးကို TNLA တပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ အတွက် ပြည်သူ့စစ် ၂ ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ အဓိကကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ မူဆယ် ၁၀၅ မိုင် ကနေ ကျင်စန်းကျော့ဂိတ်ကို တင်ပို့မယ့် ကုန်တင်ကားကြီးတွေနဲ့ ခရီးသွားယာဉ်တွေဟာ ၃ နာရီအကြာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ရပါတယ်။
အာဏာသိမ်း စစ်တပ်ကလည်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ လက်နက်ကြီးတပ် စွဲထားပြီး လိုက်လံ ပစ်ခတ်ရာမှာ လူနေအိမ်တချို့ ထိခိုက်ပျက်စီးသလို အရပ်သား အမျိုးသမီးတဦးလည်း လက်နက်ကြီးစထိမှန်ခဲ့တဲ့ အတွက် မူဆယ် ဆေးရုံကြီးကို တင်ပို့ပြီး ဆေးကုသမှုခံယူနေရပါတယ်။
ဩဂုတ်လ ၂ ရက်နေ့ ညနေပိုင်းမှာပဲ မူဆယ် ၁၀၅ မိုင် နမ့်ပေါ်တံတားကနေ တပ်အင်အားဖြည့်ဖို့ တက်လာတဲ့ အာဏာသိမ်းတပ်တွေကို TNLA တပ်တွေက မော်တောင်းရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့သလို အရပ်သားဟန်ဆောင်ပြီး ကုန်တင်ကား မောင်းလာတဲ့ စစ်သား ၃ ဦးနဲ့ ပစ်ခတ်မှုဖြစ်ပြီး ၂ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
TNLA ရဲ့ မြေပြင်တပ်ဖွဲ့ဝင်တဦးက “သူတို့ (စစ်ကောင်စီတပ်သား) ၃ ယောက်က အရင်မြင်ပြီး အရင်ပစ်တာ။ အရပ်ဝတ်စုံနဲ့မလို့ ကျနော်တို့က မပစ်သေးတာ။ အရှင်ရတဲ့ ၂ ယောက်က ထွက်ပြေးပြီး ကျနော်တို့နဲ့ ပြန်တိုးလို့ ဖမ်းထိထားတာ” လို့ ရှင်းပြပါတယ်။
ဒါ့အပြင် မနေ့ ညနေပိုင်းမှာ လာရှိုးမြို့အနီးက တောင်တလောင်ကျေးရွာထဲမှာ အင်အား ၅၀ ခန့် ထပ်ဖြည့်တင်းထားတဲ့ စစ်ကောင်စီတပ်က TNLA လှုပ်ရှားရာနေရာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေး စာမျက်နှာမှာဖော်ပြထားတာတွေ့ရပါတယ်။
နှစ်ဘက်ထိတွေ့မှုဖြစ်ထားတဲ့ နေရာတွေမှာ ဩဂုတ်လ ၄ ရက်နေ့အထိ စစ်ရေးတင်းမာမှုဖြစ်ပွားနေပြီး မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စုထဲက နမ့်ကတ်၊ မန်ကန်၊ မိုင်းဆတ်ရွာခံတွေဟာ နီးစပ်ရာကျေးရွာမှာ တိမ်းရှောင်နေကြရပါတယ်။
အာဏာသိမ်း စစ်ကောင်စီက ဩဂုတ် ၁ ရက်နေ့မှာပြုလုပ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ TNLA တပ်ဖွဲ့ဝင် ၁၆ ဦးကို လားရှိုးအကျဉ်းထောင်ကနေ လွှတ်ပေးခဲ့ပေမယ့် တချိန်တည်းမှာပဲ စစ်ဆင်ရေးတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က “ဒီစစ်ပွဲဖြစ်ပွားရတဲ့ အကြောင်းအရင်းကလည်း စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် ပြန်ပြီး ပြင်းထန်လာတာဖြစ်တယ်။ မြေပြင်မှာလည်း သူတို့ စစ်ကူအင်အား ဖြည့်တင်းတာတွေလည်းရှိတယ်။ ဆက်ပြီး တိုက်ပွဲပြင်းထန်မလား မပြင်းထန်နိုင်ဘူးလားဆိုတာ စစ်ကောင်စီ ထိုးစစ်အခြေအနေအပေါ်မှာ မူတည်ပါတယ်” လို့ ပြောပါတယ်။
အာဏာသိမ်းတပ်နဲ့ TNLA တို့အကြား လတ်တလော မူဆယ်မြို့နယ်မှာ ဆက်တိုက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေသာမကဘဲ ကွတ်ခိုင်၊ လားရှိုး၊ ကျောက်မဲ စတဲ့ ဒေသတွေမှာလည်း နှစ်ဖက် ထိတွေ့ တိုက်ပွဲတွေရှိနေတာ ဖြစ်ပါတယ်။
TNLA ရဲ့ မှတ်တမ်းတွေအရ TNLA နဲ့ အာဏာသိမ်းတပ် အကြားမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှာ ၃ ကြိမ်၊ ဖေဖော်ဝါရီမှာ ၃ ကြိမ်၊ ဧပရယ်မှာ ၄ ကြိမ်၊ မေလမှာ ၄ ကြိမ်၊ ဇွန်လမှာ ၄ ကြိမ်၊ ဇူလိူင်လမှာ ၇ ကြိမ်နဲ့ ဩဂုတ် လထဲမှာ ၂ ကြိမ် စုစုပေါင်း ၂၆ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။