စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပတောင်းတောင်ကြေးနီစီမံကိန်း တူးဖော်နေသည့် တရုတ် ဝမ်ပေါင်ကုမ္ပဏီသည် စစ်ကောင်စီတပ်လုံခြုံရေးယူကာ စီမံကိန်းအရှေ့ဘက်မြေယာများအား တိုးချဲ့ ၍ ခြံစည်းရိုးခတ်နေကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး လတ်တလောတွင် စီမံကိန်းအရှေ့ဘက်ရှိ ဝက်မှေးရွာ ဟောင်းမှ မြေယာလျော်ကြေးရယူခြင်း မရှိဘဲ ဆက်လက်နေထိုင်လျက်ရှိသောဒေသခံများ၏ မြေယာများကိုပါ ယူ၍ ခြံစည်းရိုး ခတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ဆားလင်းကြီးဒေသကာကွယ်ရေးတပ်ဖွဲ့တခု၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်စစ်နိုင်က “ဝမ်ပေါင်း EPC (လျှပ်စစ်) ရုံးကနေ တောက်လျှောက် ဝက်မှေးရွာဟောင်းကို ငုံပြီးတော့ တုံအလယ်ရွာဘက်အထိ ရောက်သွားပြီခင်ဗျ သူတို့ခြံစည်းရိုးက၊ အစကတည်းက ဒီနေရာတွေကို သူတို့ကခြံစည်းရိုးခတ်ဖို့လုပ်ခဲ့တာပေါ့၊ ဒါပေမယ့် ဒေသခံလူထုနဲ့ မကျေလည်မှုတွေရှိတယ်၊ ရုန်းရင်းဆန်ခတ်တွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပြီး အရင်က သေနတ်တွေဖောက်ပြီး လုပ်လို့မရတဲ့အတွက်ကြောင့် မလုပ်ဘဲနဲ့ မြောင်းပဲ တူးသွားတာပေါ့၊ အခုက ရွာလေးရွာစလုံးကို ခြုံပြီးတော့ ခြံစည်းရိုးခတ်မယ့်သဘောရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါကြေးနီးစီမံကိန်းအနီးရှိ ဝက်မှေး၊ ဆည်တည်း၊ ဇီးတောနှင့်ကံတောကျေးရွာ လေးရွာအား စီမံကိန်းဧရိယာအဖြစ် မြေယာလျော်ကြေးပေးကာ ရွှေ့ပြောင်းရန်သတ်မှတ်ရာ၌ ဒေသခံအချို့မှာ လျော်ကြေးရယူကာ ရွှေ့ပြောင်းကြသော်လည်း ဝက်မှေးရွာခံ အိမ်ခြေ ၃၀ ခန့်မှာ လျော်ကြေးရယူခြင်းမရှိဘဲ ဆက်လက်နေထိုင်ခဲ့ရာမှ လက်ရှိတွင် ၎င်းတို့၏မြေယာများမှာ သိမ်းဆည်းခံရသည့်သဘောဖြစ်နေကြောင်းလည်း ဒေသခံတဦးကပြောသည်။
ဝမ်ပေါင်ကုမ္ပဏီအနေဖြင့် မြေယာတိုးချဲ့ကာ ခြံစည်းရိုးခတ်နေချိန်နှင့်တပြိုင်နက် စီမံကိန်းအရှေ့ဘက်ရှိ ရွှေလှေ၊ တုံရွာ စသည့် ကျေးရွာတဝိုက်တွင်လည်း စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလှုပ်ရှားနေသည့်အတွက် အနီးအနားကျေးရွာများမှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်းလည်း သိရသည်။
ဆားလင်းကြီးမြို့နယ် ဒေသခံအမျိုးသမီးတဦးက “ လုံခြုံရေးယူတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကြောင်းထိုးနေတယ်၊ တုံရွာ၊ လက်ပတောင်းရွာ၊ ရွှေလှေစတဲ့ ကျေးရွာဒေသခံတွေလည်း ထွက်ပြေးရတာတွေရှိနေပါတယ်။ တိုက်ပွဲဖြစ်သံတော့ မကြားရသေးဘူး။ ပြည်သူတွေက ဝမ်ပေါင်ကုမ္ပဏီကြောင့်တမျိုး၊ ညောင်ပင်ကြီးရဲစခန်းကြောင့်ကတမျိုး ဒုက္ခမျိုးစုံ ခံစားနေတယ်၊ ဝမ်ပေါင်ကုမ္ပဏီက ထွက်လာပြီး လုံခြုံရေးယူဖို့ဆိုပြီးလာရင် ပြေးရပြန်တယ်၊ မီးရှို့ခံလိုက်ရပြီး နေရပ်ပြန်စရာ မရှိတဲ့ဒေသခံတွေ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရတယ်” ဟု ပြောသည်။

ဝမ်ပေါင်ကြေးနီးစီမံကိန်းအရှေ့ဘက် ချင်းတွင်းမြစ်ကမ်းဘေးတွင်တည်ရှိသည့် ညောင်ပင်ကြီးရဲစခန်းအား ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၉ ရက်နေ့တွင် စီးနင်းတိုက်ခိုက်ပြီးနောက် အဆိုပါဒေသတဝိုက်အား စစ်ကောင်စီက အင်အားတိုးချကာ စစ်ကြောင်းလှုပ်ရှားနေသကဲ့သို့ ညောင်ပင်ကြီးကျေးရွာရှိ နေအိမ် လေးပုံသုံးပုံခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။
ထိုသို့ နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုနှင့် စစ်ကြောင်းထိုးမှုများကြောင့် လက်ရှိတွင် ညောင်ပင်ကြီးရွာဒေသခံများနှင့် အနီးအနားကျေးရွာများမှ ဒေသခံပြည်သူ တထောင်ခန့်မှာ စစ်ရှောင်ထွက်ပြေးနေရကြောင်းလည်း သိရသည်။
ယခင်က လုံခြုံရေးအကြောင်းပြကာ ဝမ်ပေါင်ကုမ္ပဏီ စီမံကိန်းအတွင်း အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သည် စီမံကိန်းအနီး ကျေးရွာများအား စစ်ကြောင်းထိုးတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ဒေသကာကွယ်ရေးတပ်များဘက်ကလည်း စီမံကိန်းအတွင်းသို့ လက်လုပ်လက်နက်ကြီးများဖြင့် တုန့်ပြန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
တရုတ်အစိုးရ၏ လက်နက်ကုမ္ပဏီ NORINCO လက်အောက်ခံ ဝမ်ပေါင်ကုမ္ပဏီသည် လက်ပတောင်းတောင် ကြေးနီစီမံကိန်းအား စစ်ကောင်စီ၏ မြန်မာစီးပွားရေးဦးပိုင်လီမိတက်၊ အစိုးရ သုံးပွင့်ဆိုင်အကျိုးအမြတ်ရယူ လုပ်ကိုင်နေခြင်းဖြစ်ပြီး စီမံကိန်းမှ ထွက်ရှိသည့် ကြေးနီများမှာ အာဏာသိမ်းစစ်ကောင်စီအတွက် အကျိုးအမြတ်များ ရရှိစေလျက်ရှိသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီအနေဖြင့် စီမံကိန်းမှ အစိုးရဝေစုအနေဖြင့် ရရှိသည့် ကတ်သုတ်ကြေးနီ မက်ထရစ် တန်ချိန် တသောင်းခန့်အား တင်ဒါခေါ်ရောင်းချခဲ့ပြီး ထိုသို့ရောင်းချမှုများမှ အမေရိကန်ဒေါ်လာ သန်းဆယ်ချီကာ ဝင်ငွေရရှိခဲ့သည်။
စစ်ကောင်စီ၏ ကြေနီတင်ဒါရည်ညွှန်းဈေးကွက်ဖြစ်သည့် လန်ဒန်သတ္တုဈေးကွက် (LME)တွင် ကတ်သုတ်ကြေးနီမက်ထရစ် တတန်လျှင် ယနေ့ပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၈၅၄၅ ဒေါ်လာအထိ ပေါက်ဈေးရှိနေသည်။

ဝမ်ပေါင်ကုမ္ပဏီအနေဖြင့် စစ်အာဏာသိမ်းမှုဂယက်ကြောင့် ဝန်ထမ်းများ CDM လုပ်ခြင်းများ ကြုံတွေ့ခဲ့ရပြီး ကြေးနီတူးဖော်ထုတ်လုပ်မှုလုပ်ငန်းများအား စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ယာယီရပ်နားထားကြောင်း တရားဝင် ထုတ်ဖော်ကြေညာထားသည်။
စီမံကိန်းအနေဖြင့် ကြေးနီတူးဖော်ထုတ်လုပ်မှုအား ရပ်နားထားသော်လည်း ယခင်ကတူးဖော်ထားသည့် ကြေနီတန်ချိန် များစွာ သိုလှောင်ထားကြောင်းနှင့် စစ်ကောင်စီအား အဆိုပါကြေးနီများမှအကျိုးအမြတ်များ ဆက်လက် ရရှိနေစေကြောင်း လည်း ဗိုလ်စစ်နိုင်ကပြောသည်။
၎င်းက “ အရင်က ထုတ်ထားတဲ့ ကြေးနီတန်ပေါင်းမြောက်မြားစွာ အထဲမှာသိုလှောင်ထားတာရှိတယ်ခင်ဗျာ၊ အဲ့ဒါတွေကို သူတို့ထုတ်ယူနေတာ။ အာဏာရှင်နဲ့ပေါင်းပြီး တိုင်းပြည်ရဲ့သယံဇာတတွေကို မတရား ထုတ်ယူနေတယ်၊ တရုတ်က သူတို့အကျိုးစီးပွားပဲ သူတို့ရှေးရှုတယ်၊ ဒေသခံပြည်သူတွေအပေါ် စာနာမှု တစုံတရာမပေးဘဲ သူတို့အကျိုးစီးပွားအတွက်ပဲ ရှေးရှုနေမယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ ထိပ်တိုက်ရင်ဆိုင်လာတဲ့အခါကျရင်လည်း တုံ့ဆိုင်းနေမှာမဟုတ်ဘဲ နိုင်တဲ့ဘက်ကနေ တုန့်ပြန်ဖို့ ပြင်ဆင်မှုတွေလာမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
အာဏာသိမ်းစစ်ကောင်စီအား ဝင်ငွေအကျိုးအမြတ်ရစေသည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး အမေရိကန် အပါအဝင် နိုင်ငံအချို့က ပိတ်ဆို့ အရေးယူမှုများပြုလုပ်လျက်ရှိရာတွင် ကြေးနီစီမံကိန်း လုပ်ကိုင်နေသည့် ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာယန်စီကုမ္ပဏီတို့အား အမေရိကန် အစိုးရက ၂၀၂၁ ခုနှစ်၊ ဇူလိုင်လကတည်းက ပိတ်ဆို့ အရေးယူထားသည့်အပြင် ၎င်းတို့ထုတ်လုပ်သည့် ကြေးနီများကိုလည်း လန်ဒန်သတ္တုဈေးကွက်တွင် ရောင်းဝယ်ခွင့်နှင့် ဂိုထောင်များတွင် သိုလှောင်ထားရှိခွင့် မပြုကြောင်းလည်း လန်ဒန်သတ္တုဈေးကွက်(LME)က တရားဝင် ကြေညာထားသည်။
ထိုသို့ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသော်လည်း အဆိုပါ စီမံကိန်းများမှ ထွက်ရှိသည့် အစိုးရအမြတ်ဝေစုရ ကြေးနီများအား တရုတ်အစိုးရကုမ္ပဏီများက ပြန်လည်ဝယ်ယူလေ့ရှိကြသည်။
You may also like these stories:
စစ်ကိုင်းတိုင်းတွင် ကြေးနီတူးဖော်ရန် ဒေသခံများ၏ သဘောထားကို တောင်းခံ
တရုတ်စီမံကိန်းကြီးများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများ စိုးရိမ်ရ
မြန်မာယန်စီ ကြေးနီစီမံကိန်းကုမ္ပဏီက ထပ်တိုးမြေဧက တသိန်းလျှောက်ထား