မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပေါ်ပြီးနောက်ပိုင်း ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်တလျှောက် ပြင်းထန်သော စစ်ဘေး ပဋိပက္ခဒဏ်ခံလာနေရသော ထိုင်းပြည်သူများကို အကာအကွယ်ပေးရန်နှင့် မြန်မာစစ်တပ်၏ လေကြောင်းရန်မှ ကာကွယ်ပေးရန် ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌသစ်ထံသို့ ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၇ ခုက စာပို့ တောင်းဆိုလိုက်သည်။
ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌအသစ်အဖြစ် ပရာချာရက်ပါတီမှ နိုင်ငံရေးသမားဟောင်း ဝန်မိုဟာမတ် နောမာသာကို ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင် ရွေးကောက်ပွဲအနိုင်ရပါတီများက ရွေးချယ်ခဲ့ကြသည်။
မြန်မာတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် လွန်ခဲ့သည့် ၂ နှစ်အတွင်း ထိုင်း-မြန်မာနယ်စပ် တလျှောက် ထိုင်းနိုင်ငံဘက် ချင်းရိုင်၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနပူရီ နှင့် ရနောင်းခရိုင်တို့အနီး၌ လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်လာနေသည်။
ယင်းကြောင့် မြန်မာနိုင်ငံမှ ဒုက္ခသည်အများအပြားသည် ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရသည့်နည်းတူ ထိုင်း-မြန်မာ နယ်စပ်တလျှောက် နေထိုင်နေကြသော ထိုင်းပြည်သူများကလည်း မြန်မာစစ်တပ်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် ထိခိုက်နစ်နာမှုများစွာ ကြုံတွေ့လာရကြောင်း ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ဆိုကြသည်။
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့် နယ်နမိတ်ချင်းထိစပ်နေသော မြန်မာနိုင်ငံ ကယားပြည်နယ်(ကရင်နီ) မယ်စဲ့မြို့နယ်အတွင်း မြန်မာစစ်တပ်နှင့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ တိုက်ပွဲများပြင်းထန်ခဲ့ပြီး မြန်မာစစ်တပ်၏ ဂျက်တိုက်လေယာဉ်များသည် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ နယ်စပ်နှင့် သံလွင်မြစ်တဖက်ကမ်းကို ဗုံးများ ကြဲခဲ့သည်။
ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ထိုင်းနိုင်ငံဘက်အတွင်းရှိ ဒေသခံများ၏ နေအိမ်များ ပျက်စီးခဲ့ရကြောင်း ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ၏ အောက်လွှတ်တော်ဥက္ကဋ္ဌထံသို့ ပေးပို့သောစာတွင် ဖော်ပြထားသည်။
ယင်းအပြင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ဘန်သတဖန်းမြို့နယ် နှင့် ဆန့်ကျင်ဘက်ရှိ မြန်မာစစ်တပ် အခြေစိုက်စခန်း အနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်သည် ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံများသည် သံလွင်မြစ်တလျှောက် နယ်စပ်နှင့် မဝေးသော တောအုပ်များအတွင်း ထွက်ပြေးခိုလှုံခဲ့ကြရကြောင်း သိရသည်။
The Nation ထိုင်းသတင်းဌာန၏ သတင်းအရ မယ်ဟောင်ဆောင်ခရိုင်အတွင်း ဝင်ရောက်ခိုလှုံနေသော ကရင်နီ စစ်ပြေးဒုက္ခသည် ၉ ထောင်ကျော် ရှိကြောင်း သိရသည်။ ဒေသခံ ထိုင်းအာဏာပိုင်များက နယ်စပ်နှင့် တကီလိုမီတာအကွာတွင် လုံခြုံသောဒေသဖြစ်ရာ ဒုက္ခသည်များအား ခိုလှုံနေနိုင်ပြီး အခြေခံ လိုအပ်ချက်ဖြစ်သည့် စားရေရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးထားကြောင်းလည်း သိရသည်။
ထိုအခြေအနေများသာမက ယခုနှစ်ပိုင်းအတွင်း မြန်မာစစ်တပ်၏ တိုက်ခိုက်ရေးလေယာဉ်များသည် ထိုင်းနယ်စပ်နှင့် နီးကပ်သော မြန်မာနိုင်ငံ ကရင်ပြည်နယ်အတွင်းရှိ ဧရိယာများကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိပြီး မောင်းသူမဲ့လေယာဉ်များကို စဉ်ဆက်မပြတ် စေလွှတ်နေမှုများ ကြောင့် ထိုင်းနိုင်ငံနယ်စပ်က လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်နေသော ဒေသခံကျေးရွာသားများအတွက် စိုးရိမ်ကြောက်မက်ဖွယ်ရာအခြေအနေဖြစ်ကြောင်း ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြ ပြောဆိုထားကြသည်။
၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က မြန်မာ့လေတပ်၏ ဂျက်တိုက်လေယာဉ်များသည် ထိုင်းနိုင်ငံ တာ့ခရိုင် အတွင်း ဖြတ်ကျော်ပျံသန်းပြီး ကရင်ပြည်နယ်အတွင်းသို့ ဗုံးကြဲတိုက်ခိုက်သည့်လေကြောင်း တိုက်ခိုက်မှုတခုတွင် ပေါက်ကွဲစေတတ်သော လေယာဉ်ကျည်များသည် အုန်းခြံထဲသို့ ကျရောက်ခဲ့ပြီး ဒေသခံများ၏ ထရပ်ကားများ ပျက်စီးခဲ့ရသေးသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး မြန်မာစစ်တပ်ကို လျော်ကြေးငွေ တောင်းခံရန် ထိုင်းစစ်တပ်သို့ ဒေသခံများ၏ တောင်းဆိုချက်များသည်လည်း အရာမထင်ဘဲ နောက်ဆုံးတွင် အာမခံကုမ္ပဏီ၏ လျော်ကြေးငွေကိုသာ ဒေသခံများက ရရှိခဲ့ကြောင်း သိရသည်။
ယခုထပ်မံ၍ မြန်မာနိုင်ငံဘက်ခြမ်းတွင် ပြင်းထန်လာသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ တာ့ခရိုင် နှင့် ကရင်ပြည်နယ်ကို ပိုင်းခြားထားသော သောင်ရင်းမြစ်ကမ်းတွင် နေထိုင်နေသော ထိုင်းဒေသခံများသည် မြန်မာ၏လက်နက်ကိုင်ပဋိပက္ခများ မည်မျှကျယ်ပြန့်လာမည်ကို မခန့်မှန်းနိုင်ဘဲ နေထိုင်နေကြရကြောင်း ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း ကော့သောင်းနှင့် ထိုင်းဘက်ခြမ်း ရနောင်းခရိုင် နယ်စပ်အနီးတွင်လည်း မြန်မာစစ်တပ်နှင့် တော်လှန်ရေးအင်အားစု လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီး အရပ်သားအဆောက်အအုံများလည်း ပျက်စီးခဲ့ကြရသည်။ ထို့အတွက်ကြောင့် မြန်မာစစ်ဘေးရှောင်များ သည် ထိုင်းနိုင်ငံဘက်အခြမ်းရှိ ဆီအုန်းစိုက်ခင်းများ အတွင်း ခိုလှုံနေကြရသည်။
အဆိုပါ တိုက်ပွဲများအတွင်း မြန်မာစစ်တပ်၏ ပေါက်ကွဲစေတတ်သော လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် ကျွဲနွားသေဆုံးမှုများရှိခဲ့သလို မပေါက်ကွဲသေးသော ကျည်များလည်း ကျန်ရှိနေခဲ့ပြီး ထိုသို့ ဒေသခံများ၏ ထိခိုက် ဆုံးရှုံးမှုများနှင့် ကုစားပေးရန် တောင်းဆိုမှုများကို ထိုင်းအာဏာပိုင်များက လျစ်လျူထားကြောင်း အရပ်ဘက် အဖွဲ့အစည်းများ၏ တောင်းဆိုစာတွင် ဖော်ပြထားသည်။
ထိုအခြေအနေများကြောင့် ထိုင်းအစိုးရအနေဖြင့် နယ်စပ်တလျှောက်နေထိုင်သည့် ပြည်သူများ ပုံမှန် အသက်မွေး ဝမ်းကျောင်း ပြုနိုင်စေရန် အကာအကွယ်ပေးသင့်ပြီး အနည်းဆုံး နယ်စပ်တလျှောက်ရှိ အရပ်သားများကို ထိခိုက် ပျက်စီးစေမည့် မြန်မာစစ်တပ်၏ တိုက်လေယာဉ်များ ကျူးကျော်ဝင်ရောက်ခြင်းမှ တားဆီးရန် အစီအမံအချို့ ပြုလုပ်သင့်သလို တဖက်နိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခဒဏ်ကို ခံစားနေကြရသော နယ်စပ်ဒေသရှိ ပြည်သူများအား အကာအကွယ်ပေးရေး အစီအမံများ ချက်ချင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းတောင်းဆိုထားကြသည်။
You may also like these stories:
ကရင်နီ နယ်စပ်တိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ရှောင် ၃ထောင်ကျော် ထွက်ပြေး
Move Forward ပါတီ ဦးဆောင်တဲ့ ထိုင်းအစိုးရဖွဲ့ရေးက ဆပ်ပြာပူဖောင်းလား
အတိုက်အခံများ ထိုင်းရွေးကောက်ပွဲနိုင်၊ စစ်တပ်ကို စိန်ခေါ်မှုဖြစ်လာ