မြန်မာနိုင်ငံမှ နိုင်ငံရေးအခြေအနေ ဖရိုဖရဲဖြစ်နေခြင်းကို အဆုံးသတ်ရန် မြန်မာမှ သက်ဆိုင်သူအားလုံး၏ နိုင်ငံရေးဆန္ဒ လိုအပ်ကြောင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဥက္ကဋ္ဌ အင်ဒိုနီးရှားက ပြောကြားလိုက်သည်။
ASEAN သည် ယနေ့တွင် ၅၆ နှစ်ပြည့်သွားသော်လည်း အဖွဲ့ဝင်မြန်မာ၏ ပဋိပက္ခတွင် ပိတ်မိနေသည်။ မြန်မာအကျပ်အတည်းသည် ယခုနှစ်တွင် အင်ဒိုနီးရှားက ဥက္ကဋ္ဌ တာဝန်ယူသောအခါ လွန်စွာကြီးမားလာသည်။ အဖွဲ့ဝင် ၁၀ နိုင်ငံပါသော ASEAN သည် ယနေ့အချိန်အထိ ဘုံသဘောတူညီချက် ၅ ချက်ကိုသာ စွဲကိုင်သည်။ ထိုသဘောတူညီချက် ၅ ချက်တွင် မြန်မာတွင် အကြမ်းဖက်မှု ချက်ခြင်းရပ်ဆိုင်းရေးအပါအဝင် အခြားအချက်များလည်း ပါဝင်သည်။
“မြန်မာနိုင်ငံအခြေအနေမှာ စိန်ခေါ်မှုတွေ ဘယ်လိုပြည့်နေလဲဆိုတာ ကျနော်တို့ ကောင်းကောင်းသိတယ်။ ဘုံသဘောတူညီချက် ၅ ချက် လိုက်နာရေး မြန်မာကို ကူညီရာမှာ ASEAN ရဲ့အားထုတ်မှုတွေ အရာမထင်ဘူး။ မြန်မာက သက်ဆိုင်သူအားလုံးရဲ့ နိုင်ငံရေး ပိုင်းဖြတ်မှုရှိမှသာ အခြေအနေကို ကိုင်တွယ်နိုင်မှာ ဖြစ်တယ်” ဟု သမ္မတ ဂျိုကိုဝီဒိုဒိုက ဂျကာတာတွင် အင်္ဂါနေ့က ကျင်းပသည့် ၅၆ နှစ်မြောက် ASEAN နေ့အခမ်းအနားတွင်ပြောသည်။
ASEAN အဖွဲ့သည် လွန်စွာကြီးမားသော သင်္ဘောကြီးနှင့်တူကြောင်း ဂျိုကိုဝီက ပြောကြားပြီး မိန့်ခွန်းကို အဆုံးသတ်သည်။
“ဒီသင်္ဘောကြီးက ရှေ့ဆက် ခုတ်မောင်းနေရမယ်။ နစ်လို့မရဘူး။ ကျနော်တို့ဟာ ဒီဒေသတွင်းက ပြည်သူ သန်းရာပေါင်းများစွာအတွက် တာဝန်ရှိတယ်။ ASEAN ကို အရေးပါအောင် ဖွံ့ဖြိုးတိုးတက်မှု ဗဟိုချက်ဖြစ်အောင် ကျနော်တို့အတူတကွ လုပ်ဆောင်ကြပါစို” ဟု ဂျိုကိုဝီပြောသည်။
အခမ်းအနားမှ သီးခြားဆွေးနွေးပွဲများတွင်လည်း ဂျိုကိုဝီက မြန်မာပဋိပက္ခကို ဖြေရှင်းရန် အချိန်လိုကြောင်းပြောသည်။
“ဒီကိစ္စက တော်တော်ရှုပ်ထွေးပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ ၂ ဖွဲ့ထဲပါတဲ့ ပဋိပက္ခ မဟုတ်ဘူး။ သုံးဘက်ကနေ ငါးဘက်လောက်အထိ ပါတယ်။ အချိန်ယူရမယ့် ကိစ္စဖြစ်တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ မြန်မာက သက်ဆိုင်သူအားလုံးမှာ ဆန္ဒရှိဖို့ လိုတယ်” ဟု ဂျိုကိုဝီက သတင်းထောက်များကို ပြောသည်။
လွန်ခဲ့သောလများအတွင်း အင်ဒိုနီးရှားသည် ASEAN ဥက္ကဌအနေဖြင့် မြန်မာမှ သက်ဆိုင်သူအားလုံးနှင့်ထိတွေ့ ဆက်ဆံရန် ကြိုးစားခဲ့သည်။ ဇူလိုင်လအစောပိုင်းအထိ အင်ဒိုနီးရှားသည် စစ်ကောင်စီနှင့် မြန်မာမှ စင်ပြိုင်အမျိုးသားညီညွတ်ရေး အစိုးရ အပါအဝင် မြန်မာမှ အဓိကပတ်သက်သူများနှင့် အကြိမ် ၁၁၀ ကျော် ထိတွေ့ဆက်ဆံခဲ့ကြောင်း အင်ဒိုနီးရှားပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်သည် ဇူလိုင်လ ၉ ရက်နေ့တွင် မြန်မာသို့ သွားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည်။ ထို့နောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ ထိုသတင်း သယ်ဆောင်လာပြီး “ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို အားပေးသည်” ဟု ဒွန်က ပြောသည်။
စစ်အာဏာသိမ်းဆန့်ကျင်သူများက ဒွန်သည် ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားမပြုဟု ကန့်ကွက်ကြသလို လေ့လာစောင့်ကြည့်သူများကလည်း နေပြည်တော်နှင့် ဘန်ကောက်တို့နီးစပ်ခြင်းအပေါ် သံသယဝင်နေကြသည်။
ယခုအခါ ဒေသတွင်းသံတမန်အသိုင်းအဝိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရေးက အရေးပါလာသည်။ အာဆီယံ၏ မြန်မာဆိုင်ရာ အထူးသံတမန်များ အဆက်ဆက် တွေ့ခွင့်တောင်းခဲ့သည်။
ယနေ့ကျရောက်သော ၅၆ နှစ်မြောက် အာဆီယံ နှစ်ပတ်လည်နေ့အတွက် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့သည်။ ဒေသတွင်းနိုင်ငံများအနေဖြင့်လည်း အာဆီယံ ပဋိညာဉ်စာတမ်းပါ အချက်များကို လေးစားလိုက်နာပြီး အာဆီယံ၏ အခြေခံမူများနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းထားသည်။
လက်ရှိတွင်မူ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံမှ ဘုံသဘောတူညီချက် ချမှတ်ပေးထားသော အချက် ၅ ချက်ကို စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အတွက် အာဆီယံထိပ်သီးအစည်းအဝေးမှ မင်းအောင်လှိုင်ကို ပထုတ်ထားပြီး နိုင်ငံခြားရေးဝန်ကြီးအဆင့်ကိုလည်း အာဆီယံ အစည်းအဝေးများ တက်ရောက်ရန် ဖိတ်ကြားခြင်း မပြုပေ။
ကိုးကား။ ။ Jakarta Globe
You may also like these stories:
စစ်ကောင်စီ သက်တမ်းတိုးပြီးနောက် ရာထူးအပြောင်းအလဲများ
အာဏာရှင်အသစ်၊ ကစားကွက်အဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်
စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ
နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်
“တဆင့်မြင့်တဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေ ရှိလာတယ်”