မိုးဆက်တိုက်ရွာကာ တောင်ကျရေ ပြင်းထန်စွာကျသဖြင့် မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီး တောနော်ရေတံခွန် အနီး တောင်ပတ်လမ်း ယမန်နေ့နံနက်က ပြိုကျသည့်အတွက် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ယာယီရပ်တန့် သွားကြောင်း ကုန်သည်များထံမှ သိရသည်။
အာရှလမ်းသစ်၌ မြေပြိုမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်သွားသလို ဒေါနတောင်လမ်းဟောင်းမှာလည်း အသုံးမပြုသည်မှာ ကြာပြီဖြစ်၍ ကုန်ကားများအတွက် အန္တရာယ်ရှိပြီး၊ ချောင်းကူး၊ မြောင်းကူး တံတားများမှာလည်း ရေတိုက်စားမှုကြောင့် သွားလာ၍ မရသည့် အခြေအနေဖြစ်နေကြောင်း၊ ထော့ကိုကိုး- နဘူးလမ်းပိုင်းမှာလည်း မြေသားလမ်းဖြစ်၍ ကုန်သွယ်ရေးအတွက် အသုံးမပြုနိုင်သလို လက်ရှိ ဒုံးကျည်တောင်ကြောတလျှောက် လမ်းများ အပိုင်းလိုက်ပြတ်၍ တောင်ကျရေများစီးနေသဖြင့် သွားလာ၍ မရဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
မြဝတီမြို့ရှိ ကုန်သည်တဦးက “ရှေ့ဆက်မှ သွားလို့မရတော့တာ။ ကားတွေက ရပ်ထားရပြီဆိုတော့ စရိတ်တွေက တက်သွားပြီ။ အခု မြဝတီနယ်စပ်ကုန်သွယ်ရေးက ရပ်သွားပြီ။ မြဝတီကို ရောက်ပြီးသားကုန်၊ တဖက်ကို ရောက်ပြီး သားကုန်တွေသာ အရောင်းအဝယ် ဖြစ်ကောင်းဖြစ်လိမ့်မယ်။ နောက်ထပ် အသစ်အသစ်တွေကတော့ မရောက်နိုင် တော့ဘူး” ဟု ဧရာဝတီကို ပြောသည်။
ပုံမှန်အားဖြင့် ကုန်ကားတစီးလျှင် တရက် စားစရိတ် ကျပ် ၂၀,၀၀၀ ခန့်သာ ပေးရသော်လည်း ယခုအခါ ကျပ် ၅၀,၀၀၀ အထိ မြင့်တက်လာကြောင်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း ပြတ်တောက်သွားမှုကြောင့် ထိုင်းနိုင်ငံသို့ သတ်မှတ်ချိန် အတွင်း အခွန်လွတ်တင်ပို့နေသည့် ပြောင်းမှာလည်း ရန်ကုန်ဈေး၌ပင် ၁ ပိဿာ ကျပ် ၁,၂၅၀ ရှိရာမှ ၁,၂၂၀ ကျပ်အထိ ကျဆင်းလာကြောင်း ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံသို့ ကုန်တင်ပို့နေသည့် လုပ်ငန်းရှင်တဦးကလည်း လက်ရှိအခြေအနေနှင့် ပတ်သက်၍ “မနေ့ကတော့ အင်ဂျင်နီယာအဖွဲ့ လာကြည့်သွားတယ်။ ဘေလီတံတားထိုးမယ် ပြောတယ်။ ဘေလီတံတားထိုးရင် တန်ဘယ်လောက် ခံနိုင်ရည်ရှိတဲ့ တံတားထိုးပေးမလဲမသိသေးဘူး။ တံတားထိုးဖို့ပစ္စည်းတွေ ပြည်နယ်ထဲမှာ အလွယ်တကူရှိရင် ပြဿနာ မရှိပေမယ့် တချို့ပစ္စည်းတွေမရှိလို့ ရန်ကုန်ကတဆင့် ယူရမယ်ဆိုရင်တော့ ဘီးလင်းမှာရေကြီးနေတဲ့အတွက် နည်းနည်းတော့ကြာမယ်” ဟု ဆိုသည်။
လက်ရှိတွင် မြဝတီမှ ဘားအံ-မော်လမြိုင်-ရန်ကုန်သို့သွားလာသည့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသလို ကရင်ပြည်နယ်အတွင်း မိုးကြီးရေလျှံနေခြင်းကြောင့် ဒေသတွင်းကုန်စည်များ သယ်ယူစရိတ်မြင့်တက်ပြီး မြဝတီမြို့၌ ဆန် ၆ ပြည်အိတ် တအိတ်ပင်လျှင် ယခင်ကျပ် ၂၀,၀၀၀ ရှိရာမှ ယခုအခါ ကျပ် ၄၀,၀၀၀ အထိ မြင့်တက်လာကြောင်း ၎င်းက ပြောသည်။
ကုန်သည်တဦးကလည်း “နယ်မြေက တည်ငြိမ်နေတဲ့ နယ်မြေဆိုရင်တော့ မြန်ကောင်းမြန်နိုင်တယ်။ ဘီးလင်းလို ဟာမျိုး၊ သထုံလိုဟာမျိုးပေါ့နော်။ အဲဒီလိုနေရာမျိုးတွေတောင် တံတားထိုးရင်းနဲ့ ပစ်တာခတ်တာတွေရှိတော့ သိပ်ပြီး မြန်ချင်မှမြန်မယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ခွင့်ပြုတယ်ဆိုရင်တော့ မြန်မှာပေါ့” ၎င်းတို့၏စိုးရိမ်ချက်ကို ပြောပြသည်။
ထို့ပြင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်အခြမ်း တာ့ခ်ခရိုင်၊ မဲ့တဝေါ (မဲတဝေါ)အပိုင်ရှိ အဝေးပြေးလမ်းပိုင်းမှာလည်း သြဂုတ် ၇ ရက်၌ အက်ကွဲမှုများဖြစ်ပွားခဲ့ရာ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာဘက်မှပို့ကုန်တင်ပို့မှုများ ပြတ်တောက်နိုင်သလို ထိုင်းဘက်မှတင်သွင်းသည့် စား သောက်ကုန်နှင့် လူသုံးပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်ခြင်း၊ ရှားပါးခြင်းများ ဖြစ်လာနိုင်ကြောင်း ကုန်သည်တချို့ က ဆိုသည်။
မြဝတီဒေသခံတဦးက “တနေ့ကတော့ ရေနည်းနည်းတက်တယ်။ ဒီမနက်ခင်းတော့ ပြန်ကျသွားပြီ။ ကယ်ဆယ်ရေး ထားတဲ့နေရာတွေကတော့ လူတွေမပြန်သေးဘူး။ ကိုးနဝင်းကျောင်းတို့၊ ဘုန်းကြီးကျောင်းတွေမှာ လွတ်တဲ့အဆင်ပြေ တဲ့ စာသင်ကျောင်းတွေမှာ ရှိနေသေးတယ်။ ကုန်ဈေးနှုန်းကတော့ လမ်းမပျက်လည်း တက်နေတာပဲ။ အခုလည်း တက်တယ်။ တချို့ ဆိုင်ပိတ်ထားတာလည်း ရှိတယ်” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် မြန်မာဘက်မှ ပြောင်း၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ် စသည့် ကုန်ပစ္စည်းများတင်ပို့နေပြီး ထိုင်းဘက်မှ လူသုံးကုန်၊ စားသောက်ကုန်နှင့် လျှပ်စစ်ပစ္စည်း စသည်တို့ တင်သွင်းလျက် ရှိသည်။
You may also like these stories:
မုန်တိုင်းကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ယာယီ ရပ်တန့်
ပို့ကုန်မူဝါဒ အပြောင်းအလဲကြောင့် ပြောင်းကား အစီး ၅၀၀ ကျော် မြဝတီ၌ ပိတ်မိနေ
ဘားအံ- မြဝတီလမ်းပိုင်း၌ စစ်ကောင်စီက ဂိတ်များတိုးချကာ ငွေတောင်းနေ