မုတ်သုံလေ အားကောင်းကာ မြန်မာနိုင်ငံ နေရာအနှံ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေများ မြင့်တက်လာနေပြီး ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ နေသည်။
ယင်းပြည်နယ်တို့တွင် ဇူလိုင်လကုန်ပိုင်းနှင့် ဩဂုတ်လဆန်းကတည်းက မိုးကြီးပြီး ရေကြီးရေလျှံမှုများ ဖြစ်နေခြင်းဖြစ် ကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ကရင်ပြည်နယ်
သံလွင်မြစ်နှင့် သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် မြင့်နေကာ ကရင်ပြည်နယ် ဘားအံ ၊ လှိုင်းဘွဲ့ ၊ ကော့ကရိတ်နှင့် မြဝတီမြို့တို့တွင် ရေကြီးနစ်မြှုပ်မှုများ ကြုံနေရပြီး ဘားအံမြို့တွင် သံလွင်ရေမြင့်တက်မှုကြောင့် အမှတ် (၅) ရပ်ကွက် ၊ အမှတ် (၂) ရပ်ကွက် ၊ အမှတ် (၉) ရပ်ကွက် ၊ အမှတ် (၁) ရပ်ကွက်စသည့် ရပ်ကွက်များ ရေကြီးနစ်မြှုပ်နေသည့်အတွက် ဘုန်းကြီးကျောင်းအချို့ နှင့် စာသင်ကျောင်း များသို့ ရွှေ့ပြောင်းထားရကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (ဘားအံ)မှတာဝန်ခံတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ဘားအံမြို့ရဲ့အခြေအနေကတော့ မြို့တခြမ်း မြှုပ်နေတယ်။ ရပ်ကွက် ၅ ခုလောက် ရေမြှုပ်နေတယ်။ မနေ့ကလည်း ဆက်တိုက်ရွာနေပြီးတော့ အခုအချိန်အထိလည်း ဆက်တိုက် မိုးရွာနေတုန်းပဲ။ ရွှေ့ပြောင်းထားရတဲ့ အခြေအနေတော့ ရှိတယ်။ ပြည်နယ်ဘုန်းကြီးကျောင်း၊ မိုးလုံလေလုံအားကစားရုံတွေကို ရွှေ့ပြောင်းပေးထားပါတယ်။ ကျနော်တို့ကတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပါပဲ။ ဘယ်ကမှ ထောက်ပံ့မှုမှမယူဘဲနဲ့ အများပြည်သူရဲ့ လှူဒါန်းမှုနဲ့ပဲ ပြုလုပ်ပေးနေပါတယ်” ဟု ပြောသည်။
ထို့ပြင် သံလွင်မြစ်ဘေးတည်ရှိသည့် လှိုင်းဘွဲ့မြို့တွင်လည်း ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေရသလို ကော့ကရိတ်မြို့ အမှတ် (၅) လှိုင်ကွက်သစ် ၊ ရေလယ်ကုန်းကျေးရွာနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင်လည်း ရေကြီးရေလျှံ မှုများ ဖြစ်နေကြောင်း သိရသည်။
မြဝတီမြို့တွင်လည်း သောင်ရင်းမြစ်ရေ မြင့်တက်နေသလို မိုးဆက်တိုက် ရွာသွန်းမှုကြောင့် အမှတ် (၅) ရပ်ကွက် နှင့်အမှတ် (၁) ရပ်ကွက်တို့တွင် ရေဘေးကြုံတွေ့နေပြီး အဆိုပါ ရပ်ကွက်များတွင် နေထိုင်သည့် ပြည်သူများကို ဘုန်းကြီးကျောင်းများ ၊ စာသင်ကျောင်းများတွင် ပြောင်းရွှေ့ထားရကြောင်း သိရသည်။
မြဝတီမြို့တွင် နေထိုင်သည့် ဒေသခံတဦးက “ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့မှာ ရွှေ့ပြောင်းထားတယ်။ ကယ်ဆယ်ရေးစခန်းတော့ မဖွင့်ထားဘူး။ ရေက နင်လားငါလား အရင်လိုတအားကြီး မဖြစ်သေးဘူးဆိုတော့ ကယ်ဆယ်ရေးစခန်းတော့ မဖွင့်ထားဘူး။ ရေကတော့ စိုးရိမ်ရေမှတ်တော့ ကျော်တော့ကျော်တာပေါ့။ အရင်လောက်တော့ မရှိသေးဘူး။ မိုးကတော့ရွာတယ်။ မိုးရွာတာ ၁၅ ရက်လောက်ရှိပြီ” ဟု ပြောသည်။
မြဝတီမြို့ အာရှလမ်းမကြီး၊ ဒေါနတောင်တက် လမ်းပိုင်း၊ တောနော်ရေတံခွန်အနီးတွင် ဩဂုတ် ၇ ရက်နေ့က မြေပြိုမှုများ ဖြစ်ပေါ်ကာ ကားလမ်းပိုင်းတချို့ ပြိုကျ ပျက်စီးသွားခဲ့ပြီး ကုန်တင်ယာဉ်များနှင့် အိမ်စီးကားအချို့လည်း ပိတ်မိလျက်ရှိ ကြောင်း သိရသည်။
အာရှလမ်းမကြီးသည် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော အဓိကလမ်းပိုင်းတခုဖြစ်ပြီး ထိုင်းနိုင်ငံဘက်မှ တင်သွင်းသော ကုန်ပစ္စည်းများသည် ထိုလမ်းပိုင်းကို အဓိက အသုံးပြု၍ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်လျက်ရှိသလို မြန်မာဘက်မှ ထိုင်းဘက်သို့ တင်ပို့သော ထုတ်ကုန်များသည် ထိုလမ်းကြောင်းမှသာ အဓိက တင်ပို့နေခြင်းဖြစ်သည်။
မွန်ပြည်နယ်
မွန်ပြည်နယ်တွင်လည်း ဘီးလင်းမြို့ရှိ မြေနိမ့်ပိုင်းဒေသများတွင် ရေဝင်နေပြီး ဘီးလင်းမြို့အတွင်း ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးပေါ်တွင်လည်း လက်ရှိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး၊ ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်းက မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်၊ ဘီးလင်း၊ ချောင်းဆုံ၊သထုံမြို့တို့၌ ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သေးသည်။
ဘီးလင်းမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံ ၈ထောင်ကျော်အား ရေဘေးလွတ်ရာ စာသင်ကျောင်း ၊ ဘုန်းကြီးကျောင်းနှင့် မိုးလုံလေလုံအားကစားကွင်းများတွင် ရွှေ့ပြောင်းပေးထားရကြောင်း ဘီးလင်းလူမှုကယ်ဆယ်ရေး အသင်းက တာဝန်ခံတဦးက ပြောသည်။
၎င်းက “ဘီးလင်းမြို့နယ်က ဒေသခံ ၈ထောင်ကျော်လောက်ကို ရွှေ့ပြောင်း ပေးထားရ တယ်။ ကျနော်တို့က ဖြစ်တဲ့ဟာ တွေကို ကိုယ်ထူကိုယ်ထ လုပ်ရတာတွေပဲ များတာပေါ့။ တတ်နိုင်ရင်တော့ အစားအသောက်နဲ့ ဆေးဝါးတော့ လိုအပ် ချက်ရှိတာပေါ့” ဟု ပြောသည်။
ရခိုင်ပြည်နယ်
မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံထားရသည့် ရခိုင်ပြည်နယ်တွင်လည်း ဇူလိုင်လ ၃၁ရက်မှစ၍ ယနေ့တိုင် မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် မင်းပြား ၊ မြောက်ဦး ၊ ကျောက်တော်မြို့များတွင် ကျေးရွာ ၄၀ ကျော်ခန့် ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသလို လူအသေအပျောက်ပင်ရှိကြောင်းလည်း သိရသည်။
မင်းပြားမြို့နယ်ရှိ ပြင်ယောင်းကျေးရွာတွင် ဩဂုတ်လ ၆ ရက်နေ့က ၃နှစ်သားအရွယ် ကလေးတဦးနှင့် အသက် ၃ဝ အရွယ် သားအမိ ၂ ဦးတို့မှာ ရေနစ်သေဆုံးခဲ့ရကြောင်း သိရသည်။
မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ကိုလင်းလင်းက “မြင့်တဲ့နေရာ စာသင်ကျောင်းတို့ ဘုန်းတော်ကြီးကျောင်းတို့ကို ရွှေ့ပြောင်းထားပါတယ်။ အခက်အခဲကတော့ တော်တော်ဖြစ်တာပေါ့။ မုန်တိုင်းတိုက်ပြီးတာ ပြန်မထူထောင်နိုင်သေးဘူး။ အခုရေဘေးနဲ့ ကြုံရပြီဆိုတော့ အခက်အခဲက တော်တော်ပဲရှိပါတယ်။ ချောင်းဘေး ၊ တောင်ကျရေတွေ လာတဲ့ဘက်တွေ ဆို ရေတအားတက်တယ်။ မိုးအဆက်မပြတ်ရွာနေတာ” ဟု ပြောသည်။
မောင်တောမြို့နယ် မြောက်ပိုင်းဒေသ ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသလို တောင်ကုတ်မြို့နယ် တွင် လည်း ရေကြီးနေ၍ တန်းလွဲတိုက်နယ်ဒေသရှိ သက္ကေကျွန်းနှင့် ပန်းတင်းကျွန်းတွင် တာတမံ ကျိုးပေါက်သွား ကြောင်း ဒေသမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ရခိုင်ပြည်နယ်သည် ပြီးခဲ့သည့် မေလအတွင်းက ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် ကြောင့် အကူအညီများ လိုအပ်နေဆဲဖြစ်သည်။
လာမည့်ရက်အနည်းငယ်အတွင်း ရခိုင်နှင့် ချင်းပြည်နယ်၌ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတိပေးချက် ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မိုးကောင်းနိုင်ပြီး ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ဩဂုတ် ၈ ရက်နှင့် ဩဂုတ် ၉ ရက် နှစ်ရက်ဆက်၍ မိုးသည်းထန်နိုင်သည်ဟု MOHADM က သတိပေးထားသည်။
ရခိုင်ပြည်နယ်၌ ဩဂုတ် ၉ရက် နောက်ပိုင်းတွင် မိုးအားအနည်းငယ် လျော့ကျသွားနိုင်သော်လည်း သြဂုတ် ၁၄ရက်နှင့် ၁၅ ရက်တွင် မုတ်သုံလေ အားပြန်ကောင်းလာနိုင်ပြီး ထပ်မံ၍ မိုးသည်းထန်နိုင်သည်ဟု ဆိုထားသည်။
You may also like these stories :
ကရင်နှင့်မွန်ပြည်နယ် မြို့နယ်တချို့၌ ရေကြီးရေလျှံမှုများ ဖြစ်နေ
ရခိုင်နှင့်ဒေသတချို့ မိုးကြီးခြင်း၊ ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ဟု မိုး/ဇလ သတိပေး