ရခိုင်ပြည်နယ် စစ်တွေမြို့အနောက်ဘက် ပင်လယ်ပြင်၌ ရိုဟင်ဂျာများလိုက်ပါလာသည့် စက်လှေတစီး မိုးသက်လေပြင်း ကျရောက်မှုကြောင့် သြဂုတ် ၇ရက်က နစ်မြုပ်သွားခဲ့ရာ ယနေ့အချိန်ထိ အလောင်း ၁၇ လောင်း တွေ့ရှိထားကြောင်း စစ်တွေ မြို့အခြေစိုက် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းထံမှ သိရသည်။
ယင်းစက်လှေပေါ်တွင် မလေးရှားနိုင်ငံသို့ သွားမည့် ရိုဟင်ဂျာ ၅၅ ဦး ပါကြောင်း၊ ပင်လယ်ပြင်ကို ဖြတ်စဉ် မိုးသက်လေပြင်း ကျပြီး လှိုင်းရိုက်ခတ်မှုကြောင့် နစ်သွားခြင်းဖြစ်ကြောင်း အသက်ရှင်သူများ၏ ပြောပြချက်ကို ကိုးကား၍ ဘာဆာရိုဟင်ဂျာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ဧရာဝတီကို ပြောသည်။
၎င်းက “အသက်ရှင်တဲ့သူတွေ ပြောပြတာက သူတို့ မလေးရှားကိုသွားဖို့ လူပွဲစားတွေနဲ့ချိတ်ဆက်ပြီး ထွက်လာကြတာလို့ ပြောတယ်။ ဘယ်လိုသဘောတူညီမှုတွေနဲ့ လာတယ်ဆိုတာတော့ အသေးစိတ် ကျနော်တို့လည်းမသိဘူး။ သေဆုံးတဲ့ မိန်းကလေးတွေကတော့ အသက် ၂၀ နဲ့ ၃၀ ဝန်းကျင်တွေ များပါတယ်” ဟု ပြောသည်။
ကူညီကယ်ဆယ်ရေး လုပ်နေသည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ တာဝန်ရှိသူတဦး၏ အဆိုအရ ထိုနေ့ နေ့လယ်ပိုင်း၌ စစ်တွေမြို့၊ ဘာဆာကျေးရွာအနီး အသက်ရှင်လျက် ရိုဟင်ဂျာအမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၂ ဦး၏ အလောင်းများကို စတွေ့ခြင်းဖြစ်ပြီး၊ ယနေ့ထိ တွေ့ရှိသည့် ရိုဟင်ဂျာအမျိုးသား ၇ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၇ ဦးတို့၏ အလောင်းများ ကို စစ်တွေပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံတွင် ထားရှိကြောင်း၊ ပျောက်ဆုံးနေသည့် ရိုဟင်ဂျာ ၃၀ မှာလည်း အသက်ရှင်မရှင် မသိရသေးကြောင်းလည်း သိရသည်။
စက်လှေနစ်မြုပ်မှုတွင်ပါဝင်သည့် ရိုဟင်ဂျာများမှာ ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့မှ ဖြစ်ပြီး လူ ၁ ဦးလျှင် မြန်မာကျပ်ငွေ သိန်း ၁၀၀ ဖြင့် မလေးရှားနိုင်ငံသို့ လူပွဲစားများမှတဆင့် ပို့ပေးမည်ဆိုသည့်ကတိဖြင့် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်အတွင်းမှ ရိုဟင်ဂျာတဦးက “ကျနော်တို့ရိုဟင်ဂျာတွေက တကယ့်လူ့ငရဲပါပဲ။ ဒုက္ခသည်အဖြစ်နဲ့ နိုင်ငံ တကာကပေးတဲ့ထောက်ပံ့မှုနဲ့ အသက်ရှင်နေရတာကြာလာတော့ အားလုံးက ဒီဘဝကိုစိတ်ကုန်လာကြတယ်။ အဲဒီလိုဖြစ် နေတဲ့အချိန် ကိုယ့်လူမျိုးထဲကပွဲစားတွေက အမျိုးသမီးငယ်တွေကို ပစ်မှတ်ထားပြီးတော့ အမျိုးမျိုးသွေးဆောင်တယ်။ လူငယ်တွေကို နိုင်ငံခြားပို့ပေးမယ်၊ ချမ်းသာမယ်။ အဲဒီလိုမျိုးမက်လုံးတွေ အမျိုးမျိုးပေးဖန်များတော့ လူငယ်တွေက သေရင် မြေကြီး၊ ရှင်ရင်ရွှေထီးဆိုပြီး အသက်စွန့်သွားကြတာပဲ” ဟု ဧရာဝတီကို ပြောသည်။
ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာကျေးရွာများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် ခိုလှုံနေသည့် ရိုဟင်ဂျာများသည် စားဝတ် နေရေး အဆင်မပြေမှုများနှင့်အတူ လူမှုဘဝအကျပ်အတည်းများ အချိန်ကြာမြင့်စွာ ကြုံနေရသောကြောင့် လမ်းကြောင်းမျိုး စုံဖြင့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ခွာသွားလာမှုများရှိနေသည်။
အများစုမှာ နိုင်ငံသားစိစစ်ရေးကဒ်ပြား မရှိသည့်အတွက် လူပွဲစားများ၏ခေါ်ဆောင်မှုဖြင့် စက်လှေများနှင့် ပင်လယ်ပြင်ကို ဖြတ်ကျော်ပြီး အသက်စွန့်သွားလာရမှုများရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတုပါလောင်ဒုက္ခသည်စခန်းမှ ကိုအောင် မြိုင်က ပြောသည်။
ထိုသို့ အသက်စွန့်ပြီး ပင်လယ်ပြင်ကို ဖြတ်ကျော်သွားလာရာ၌ တချို့မှာ နိုင်ငံရပ်ခြားသို့ ရောက်ရှိသွားသော်လည်း အများစု မှာ ပင်လယ်ပြင်တွင် လှေနစ်မြုပ်မှုကြောင့် သေဆုံးခြင်း၊ ပွဲစားများ၏ လိမ်လည်မှုကြောင့် ဘဝပျက်ခြင်း၊ ကျန်မိသားစုဝင် များထံ ငွေညှစ်တောင်းခံခြင်းများကြောင့် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာမိသားစုဝင်များ၏ဘဝမှာ တပူပေါ်တပူဆင့်လျက် ရှိကြောင်း စစ်တွေမြို့ သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ရပ်ရွာလူကြီးတဦးက သုံးသပ်ပြောဆို သည်။
၎င်းက “ဖြစ်ပျက်နေတဲ့သတင်းတွေက ပြောရင်ယုံမှာမဟုတ်ဘူး။ အဓိကတော့ ကိုယ့်လူမျိုးလူပွဲစားတွေက စားဝတ်နေရေး အဆင်မပြေမှုကို အခွင့်ကောင်းယူပြီး အမျိုသမီးငယ်တွေကို သွေးဆောင်ပြီးခေါ်နေတာ။ မိဘတွေမသိဘဲနဲ့ ပွဲစားလက်ထဲ ကိုပါသွားပြီး ပျောက်သွားတဲ့လူတွေလည်းရှိတယ်။ တလလောက်ကြာမှ အိမ်ကိုဖုန်းဆက်ခိုင်းတယ်။ နယ်စပ်ကိုရောက်နေ ပြီး သိန်း ၁၀၀ လွှဲပေး၊ ငွေမပေးရင် ဒုက္ခရောက်မယ်ဆိုတော့ အိမ်ရောင်းပြီးပို့ပေးရတဲ့ ဖြစ်စဉ်တွေလည်းရှိတယ်။ တချို့ လည်း မိဘတွေကိုယ်တိုင် ရွေးချယ်စရာမရှိလို့ သမီးငယ်ကို မလေးရှားမှာ လင်ပေးစားပေးမယ်ဆိုပြီး ပွဲစားလက်ထဲကို အပ်ပြီးပို့တာရှိတယ်” ဟု ရှင်းပြသည်။
မွတ်စလင်တဦးဖြစ်သည့် ရိုဟင်ဂျာအရေးစာအုပ်များ ရေးသားထုတ်ဝေသူ၊ ရိုဟင်ဂျာဆိုင်ရာ လေ့လာသုံးသပ်သူလည်းဖြစ် သူ ဘာသာပြန်စာရေးဆရာ ဦးအောင်ခင် (စစ်တွေ)ကမူ ရိုဟင်ဂျာလူငယ်များ အသက်စွန့်ပြီး ဒေသစွန့်ခွာသွားလာမှုများမှာ စားဝတ်နေရေးကျပ်တည်းမှု တခုတည်းတင်သာမကဘဲ အသိပညာဆင်ခြင်တုံတရား အားနည်းမှုများကြောင့်လည်း ဖြစ်ရ သည်ဟု မှတ်ချက်ပြုသည်။
၎င်းက “ကျနော့်အမြင်ကတော့ ရိုဟင်ဂျာလူငယ်တွေ ပင်လယ်ပြင်ကို အသက်စွန့် ပြည်ပနိုင်ငံတွေကိုသွားနေတာက စားဝတ်နေရေး အခက်အခဲတခုတည်းကြောင့်မဟုတ်ဘူးလို့ မြင်တယ်။ မိုခါမုန်တိုင်းသင့်တယ် ရိုဟင်ဂျာတွေ အကူအညီမရ ဘူးဆိုရင် ရခိုင်လူမျိုးတွေလည်း ဘာမှအကူအညီမရကြပါဘူး။ ရိုဟင်ဂျာတွေ ဆင်းရဲကျပ်တည်းတယ်ဆိုရင် နယ်ဘက်မှာ ဆင်းရဲမွဲတေတဲ့ ရခိုင်ရွာတွေအများကြီးပဲ။ အဓိကတော့ ရိုဟင်ဂျာတွေမှာ စဉ်းစားတွေးခေါ်ဉာဏ်မရှိဘူး။ ခေါင်းဆောင် ကောင်းမရှိဘူး။ ဒီပြဿနာကို ဖြေရှင်းမယ်ဆိုရင် အဓိက အသိပညာပေးတာတွေ အများကြီးလုပ်ဖို့လိုတယ်” ဟု ဆိုသည်။
You may also like these stories:
ကျောက်ဖြူမှ ရိုဟင်ဂျာဒုက္ခသည်များ စခန်းသစ်တွင် အခက်ကြုံနေရဟုဆို
ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်းက ရာဇဝတ်မှုများ၏ နောက်ကွယ်
စစ်ကောင်စီ၏ ပြန်လက်ခံရေးအစီစဉ် ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ လာရောက်လေ့လာ
၂၀၂၂ သည် ပင်လယ်ပြင်တွင် ရိုဟင်ဂျာသေဆုံးမှု အများဆုံးနှစ်များတွင် ပါဝင်
ရိုဟင်ဂျာများ နေရပ်ပြန်ရေး ဆွေးနွေးရန် တရုတ်က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို ဖိတ်ခေါ်