စစ်ကောင်စီနှင့် ပူးပေါင်းမှုဖြင့် ဖမ်းထားသည့် စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် မီးသတ်ဦးစီးမှူး အပါအဝင် ၁၉ဦးအား ၎င်းတို့ လုပ်ရပ်အပေါ် မူတည်၍ စစ်ဆေး အရေးယူမည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၏ ပြောခွင့်ရ ဦးနေဘုန်းလတ် က ပြောသည်။
ဘုတလင်မြို့နယ် မီးသတ်ဦးစီးဌာနသည် စစ်ကောင်စီ၏ အရန်အင်အားအဖြစ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ တော်လှန်ရေး အင်အားစုများအား ဖမ်းဆီးဖြိုခွဲရာ၌ ပါဝင် ပတ်သက်နေသလို စစ်ကြောင်းထိုးရာတွင်လည်း လက်နက်ကိုင်၍ လိုက်ပါမှုများ ရှိနေကြောင်း၊ မြို့နယ်အတွင်း စစ်တပ်က စီးနင်းပြီး အိမ်မီးရှို့မှုများတွင် မီးသတ်ဦးစီးဌာန အနေဖြင့် မီးငြိမ်း သတ်ပေးခြင်း မရှိကြောင်း ဒေသခံ တော်လှန်ရေးအင်အားစုများက ဆိုသည်။
ထို့အတွက် သြဂုတ် ၇ ရက်နေ့က ဘုတလင်မြို့ပေါ်ရှိ မီးသတ်ဦးစီးဌာနရုံးကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် စီးနင်းပြီး မြို့နယ်မီးသတ်ဦးစီးမှူး အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၁၁ ဦး၊ မိသားစုဝင် ၉ ဦး၊ အရပ်သား ၁ ဦးတို့နှင့်အတူ မီးသတ်ကား ၂ စီးကိုပါ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
ဦးနေဘုန်းလတ်က “မီးသတ်က မီးလောင်မှုတွေနဲ့ ကယ်ဆယ်ရေးပိုင်းတွေမှာပဲ လုပ်ဆောင်နေတယ်ဆိုရင် စစ်ကောင်စီနဲ့ ပူးပေါင်းတယ်လို့ ပြောလို့မရပေမယ့် အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးရေးကိစ္စတွေ၊ တော်လှန်ရေးအင်အားစုတွေကို ဖြိုခွင်းတဲ့ကိစ္စတွေမှာ မီးသတ်အင်အားကိုပါ ထည့်သုံးတာတွေ ရှိနေတာမို့ ပူးပေါင်းပါဝင် ပတ်သက်မှုတွေ ရှိသလား၊ မရှိဘူးလား ဆိုတဲ့အပေါ် မူတည်ပြီးတော့ အပြစ်ပေးအရေးယူတာမျိုးတွေ ရှိနိုင်ပါတယ်၊ အခုဖြစ်စဉ်မှာတော့ ဖမ်းဆီးခံရတဲ့အထဲမှာပါတဲ့ မိသားစုဝင်တွေကို ဘာမှ ပြဿနာမရှိရင်တော့ အပြစ်ပေးအရေးယူတာမျိုးမလုပ်ဘဲ ပြန်လွှတ်ပေးမှာပါ”ဟု ပြောသည်။
ထိုသို့ ဖမ်းဆီးထိန်းသိမ်းရာတွင် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ဘုတလင်မြို့ မီးသတ်ဦးစီးမှူး အပါအဝင် ဝန်ထမ်း ၁၁ ဦး၊ မိသားစုဝင် ၈ ဦးတို့အား ဆက်လက် ဖမ်းဆီးထိန်းသိမ်းခဲ့ကာ ယခုအခါ မီးသတ်ကား ၂ စီးနှင့်အတူ လုံခြုံရာသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတဦးက ပြောသည်။
“ဘုတလင်မီးသတ်ဦးစီးဌာနက သန္ဓေဝန်ထမ်းတွေပါ၊ သူတို့ကို စစ်တပ်က အရန်တပ်သားအနေနဲ့ စစ်ကြောင်းထိုးတာတွေမှာ အသုံးချနေတာကြောင့် မီးသတ်ရုံးကို ဝင်စီးခဲ့ကြတာပါ၊ အားလုံးပေါင်း ၂၁ ဦး ထိန်းသိမ်းခဲ့တာမှာ ၂ ယောက်က ထွက်ပြေးသွားတာမှာ လက်နက်မပါတဲ့သူတွေ ဖြစ်နေလို့ ပစ်မဖမ်းဘဲ လွှတ်ပေးခဲ့တာပါ”ဟု ၎င်းကပြောသည်။
အဆိုပါဖြစ်စဉ်အပေါ် စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာနသို့ ဧရာဝတီအနေဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
မြန်မာနိုင်ငံ မီးသတ်ဦးစီးဋ္ဌာနသည် ယခင်က လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ လက်အောက်တွင် ရှိသော်လည်း ၂၀၁၂ခုနှစ်က စတင်၍ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ ထည့်သွင်းဖွဲ့စည်းခြင်း ခံရသည်။
ယခု ဖမ်းဆီးခံရသည့် ဘုတလင်မြို့နယ် မီးသတ်ဦးစီးဌာနသည် မြို့ပေါ်ရပ်ကွက်များတွင် တားဆီး ပိတ်ဆို့စစ်ဆေးခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေးပြီး ဖမ်းဆီးငွေညှစ်ရာတွင် ပါဝင်ပတ်သက်ခြင်းများ ရှိနေကြောင်း သိရသည်။
“ကျနော်တို့ အနေနဲ့က နောက်ပိုင်းမှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့ကလည်း ရှိနေတာဆိုတော့ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ Non CDM တွေက အခုလိုမျိုးတွေ ကြုံရမှာပါပဲ၊ ကျနော်တို့အနေနဲ့ Non CDM ဖြစ်ရုံနဲ့ အရေးယူတာမျိုး လုပ်သွားမှာ မဟုတ်ပေမယ့် အကြမ်းဖက်စစ်အုပ်စုနဲ့အတူ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ နေရာမှာ ဘယ်လောက်အထိ ပူးပေါင်း ပါဝင်ခဲ့သလဲဆိုတဲ့အပေါ်မှာတော့ မူတည်နေပါတယ်”ဟု ဦးနေဘုန်းလတ်က ဆိုသည်။
အဆိုပါ ဖြစ်စဉ်အပေါ် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဩဂုတ်လ ၇ ရက်နေ့က ဘုတလင်မြို့ရှိ မီးသတ်တပ်ဖွဲ့ဝင် ၁၁ ဦး၊ မိသားစုဝင် ၈ ဦး၊ အရပ်သား ၁ ဦးတို့နှင့်အတူ မီးသတ်ယာဉ် ၂ စီးအား PDF များက ဖမ်းဆီး ယူဆောင်သွားကြောင်း၊ ထိုသို့ မီးသတ်ယာဉ်များကိုပါ ယူဆောင်သွားကြခြင်းမှာ PDF များက ရပ်ကွက်၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးချိန်တွင် အချိန်မီ မီးငြှိမ်းသတ်နိုင်မှုများ မရှိစေရန်နှင့် မီးလောင်ပျက်စီးမှုများပြီး ဒုက္ခရောက်စေရန် ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဝါဒဖြန့် ထုတ်ပြန်ထားသည်။
ယခုအခါ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြို့နယ်မီးသတ်ဦးစီးမှုးအပါအဝင် ၁၉ ဦးအား ၎င်းတို့၏သဘောဆန္ဒအရ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က လွတ်မြောက်နယ်မြေတခုသို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသော်လည်း ဧရာဝတီမှ သီးခြားထပ်မံ အတည်ပြုနိုင်ခြင်း မရှိပါ။
You may also like these stories:
ဘုတလင်တွင် ဒေသခံ ၄၀ ခန့်ကို စစ်တပ်ကဖမ်း၍ ဓားစာခံအဖြစ် သုံးနေ
ဆားလင်းကြီး၌ PDFများ မခုခံနိုင်ရန် စစ်တပ်က ရွာသားများကို ဖမ်းထား
ဘုတလင်တွင် စစ်ကောင်စီတပ် ဒေသခံ ၃ ဦး သတ်ပြီး ရွာသား ၆၀ ကို ဖမ်းသွား