စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ထန်းတောအင်းဖြတ် ရပ်ကွက်တွင် သြဂုတ်လ ၁၀ ရက်နေ့လယ်ပိုင်းက ဓားပြတိုက်မှု ဖြစ်ပွားခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးအား ပစ်သတ်သွားသည့် တရားခံများကို အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း မုံရွာပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့မနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါအဖွဲ့က ဓားပြတိုက်မှု ကျူးလွန်သူများကို ဖမ်းမိကြောင်း Live လွှင့်၍ အသိပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းလျက်ရှိပြီး အသေးစိတ်ကို သတင်းထုတ်ပြန်သွားမည်ဟုလည်း ပြောဆိုသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၁၀ ရက်က ထန်းတောအင်းဖြတ်ရပ်ကွက်ရှိ နေအိမ်တအိမ်သို့ လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသား ၆ ဦး ရောက်ရှိလာခဲ့ပြီး နေအိမ်ရှိ မီးဖွားရန် ၃ ရက်ခန့်သာလိုတော့သည့် အသက်၂၅ နှစ်အရွယ် မအေးငြိမ်း သူအား သေနတ်ဖြင့် နားထင်ကို ပစ်သတ်သွားကြောင်း မိသားစုနှင့်နီးစပ်သူတဦးက ပြောသည်။
၎င်းက “အိမ်မှာက လူ ၃ ယောက် ရှိနေတယ်။ အခု ဆုံးသွားတဲ့ ကိုယ်ဝန်ဆောင်ရယ်၊ သူ့အစ်ကိုနဲ့ ယောက္ခမရှိနေတယ်။ ယောက်ျားက အိမ်မှာရှိမနေဘူး။ ကိုယ်ဝန်ဆောင်အစ်မက အခန်းထဲမှာ ရှိနေတဲ့အချိန် ယောက္ခမဖြစ်သူကို ဓားပြတိုက်တာပေါ့။ အခန်းထဲ ဝင်မွှေတဲ့အချိန်မှာ ဒီအစ်မနဲ့ တွေ့ပြီး နားထင်ကို ပစ်သွားခဲ့တာပါ” ဟု ပြောသည်။
ဓားပြတိုက် ပစ်ခတ်မှုဖြစ်ပွားချိန်တွင် နေအိမ်၌ သေဆုံးသွားသူ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ခဲအိုနှင့် ယောက္ခမဖြစ်သူတို့ ရှိနေပြီး ယောက္ခမဖြစ်သူအမျိုးသမီးမှာ နားထင်တွင် သေနတ်ဒဏ်ရာ ရှပ်ထိခဲ့ကာ၊ ခဲအိုဖြစ်သူမှာ လွတ်မြောက် သွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် နေအိမ်အတွင်းရှိ ဖုန်း ၂ လုံးနှင့် ဆိုင်ကယ်တစီးတို့ကို ယူသွားခဲ့ကြောင်း သိရသည်။

မုံရွာပြည်သူ့ လုံခြုံရေးအဖွဲ့ (ပလဖ) က ဖမ်းဆီးရမိသူများကို စစ်ဆေးမေးမြန်းရာတွင် ၎င်းတို့အနေဖြင့် ကျူးလွန်းခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြသည်ဟု ဆိုထားပြီး လတ်တလော၌ ဖမ်းဆီးရမိသူများကို မည်သို့ ထိန်းသိမ်းထားပြီး မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည့် အခြေအနေများကို အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။
ဧရာဝတီအနေဖြင့် မုံရွာ ပလဖ အဖွဲ့အား အသေးစိတ်မေးမြန်းရန် ဆက်သွယ်ထားသော်လည်း လတ်တလော ဖြေကြားပေးခြင်း မရှိသေးပေ။
သေဆုံးသွားသူ မအေးငြိမ်းသူမှာ လာမည့် ဩဂုတ်လ ၁၃ ရက်တွင် သားယောက်ျားလေး မွေးဖွားတော့မည်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတဦးထံက သိရသည်။
၎င်းက “မွေးဖို့ကို ရက်ပိုင်းပဲ လိုတော့တာ။ ကလေးပါ ဆုံးရှုံးလိုက်ရတယ်။ အခင်းဖြစ်တဲ့နေရာမှာပဲ ဆုံးသွားခဲ့တာပါ။ ယောက္ခမကတော့ နားထင်ကို ရှပ်ထိပြီးတော့ လက်ညှိုးတချောင်း ထိသွားတယ်။ မနက်ဖြန် သဂြိုဟ်မှာပါ။ လုံးဝ လူမဆန်တဲ့ လုပ်ရပ်ကို လုပ်သွားတာပါ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလအတွင်း၌ပင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှောင်လမ်း ကံမရွာအနီးတွင် အမျိုးသမီး ၂ ဦးကို ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားရာ ၁ ဦး သေဆုံးပြီး၊ ၁ ဦးဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ သတ်ဖြတ်လုယူမှု ကျူးလွန်ခဲ့သည့်အဖွဲ့က ဇလုပ်ကျေးရွာအနီး နွားကျောင်းနေသူကို ဓားဖြင့် အသားလွတ် ခုတ်သတ်မှု ထပ်မံ ကျူးလွန်ခဲ့သဖြင့် ပြည်သူ့ ကာကွယ်ရေး (PDF) များက ဝင်ရောက်ဖြေရှင်းခဲ့ရကြောင်း Naung Yoe Local Defense Force က သတင်း ထုတ်ပြန်ထားသည်။
မုံရွာမြို့ပေါ်တွင် ခိုးဆိုးလုယက် ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသည့်အတွက် မုံရွာပြည်သူ့လုံခြုံရေးအဖွဲ့က စုံစမ်းဖော်ထုတ်အရေးယူခြင်းများကို ပြုလုပ်နေကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
You may also like these stories:
နိုင်ငံရေးအကျဉ်းသားပါဝင်မှုမရှိသည့် စစ်ကောင်စီလွတ်ငြိမ်း ယောင်ပြသက်သက်ဟု ဆို
အချုပ်ကျ အမျိုးသမီးကို မုဒိမ်းကျင့်သည့် ပ.လ.ဖ အဖွဲ့ဝင်များ အရေးယူခံရမည်