ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း သြဂုတ်လဆန်းပ်ိုင်းမှ စ၍ မိုးအဆက်မပြတ် ရွာသွန်းသဖြင့် ကုလားတန်မြစ်ရေ တက်ကာ လူနေအိမ်များ နစ်မြုပ်ပျက်စီးခဲ့သလို မြေပြိုမှုများလည်း ဖြစ်နေကြောင်း ဒေသခံများက ပြောသည်.
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ကုလားတန်မြစ်ရေ မြင့်တက်မှုကြောင့် ပလက်ဝမြို့ မြို့မရပ်ကွက်နှင့် ပလုတ် တောင်ရပ်ကွက်မှ လူနေအိမ်များနှင့် စိုက်ပျိုးရေးကွင်းတွင်ရှိသည့် စစ်ရှောင်စခန်း မှ လူနေဆောင်၂၈ ဆောင်မှာ ရေနစ်မြုပ် ပျက်စီးသွားကြောင်း မြို့ခံ ကိုထွန်းလင်းက ပြောသည်။
၎င်းက “မိုးရွာတာက လုံးဝ မရပ်တဲ့အခါကျတော့ တောင်ကျရေက ထိုးကျလာတာ။ စိုက်ပျိုးရေးစစ်ရှောင်စခန်းမှာဆို ရင် လူနေဆောင်၂၈ လုံးနဲ့ မြို့မ ရပ်ကွက်၊ ပလုတ်တောင်ရပ်ကွက်တို့မှာ အိမ် ၈ လုံး ပါသွားတယ်။ စစ်ရှောင်စခန်းက လူတွေဆိုရင် အခု နေစရာမရှိတော့လို့ ဆွေမျိုးအိမ်တွေမှာ သွားနေကြတယ်။ စားတာသောက်တာလည်း ဆွေမျိုး သားချင်းတွေ အိမ်မှာပဲ ကပ်ခိုပြီး စားကြရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အလားတူ ပလက်ဝမြို့နယ် ဆမီးမြို့ ၊ အမှတ် ၁ ရပ်ကွက်နှင့် အမှတ်၂ ရက်ကွက်တို့တွင်လည်း မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ကာ လူနေအိမ်၂၀ ကျော် ပြိုကျပျက်စီးသွားကြောင့် ဆမီးမြို့ခံ ကိုညီပုက ပြောသည်။
၎င်းက “ပါသွားတဲ့ အိမ်တော်တော်များများက စမ်းချောင်းအနီးမှာ ဆောက်ထားတဲ့ သစ်သားအိမ်နဲ့ ဝါးအိမ်လေးတွေ ပါ သွားတာ။ တချို့ဆိုရင် အိမ်သုံးပစ္စည်းတွေမှာ စမ်းချောင်းထဲကို မျောပါသွားတာရှိတယ်။ ကယ်ဆယ်ရေးတွေ ဘာတွေ လည်း ဘာမှ ထောက်ပံ့တာ မရှိသေးဘူး။ လူတွေကလည်း ကယ်ဆယ်ရေးတွေရဖို့ မမျှော်လင့်တော့ ဌာနဆိုင်ရာတွေ ဆီသွားပြီးတော့ ပျက်စီးစာရင်းတွေ ဘာတွေလည်း သွားမပေးကြဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ မိုးအဆက်မပြတ်ရွာသွန်းပြီး ကုလားတန်မြစ်ရေများ မြင့်တက်မှုကြောင့် လမ်းပန်းဆက်သွယ်ရေးမှာလည်း ပြတ် တောက်နေသလို အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ်နှင့် ပလက်ဝမြို့နယ်သို့ ဆက်သွယ် ဖောက်လုပ်ထားသော ကားလမ်းမ မှာလည်း ပလက်ဝမြို့နယ်နှင့်၂ မိုင်ကျော်ခန့်အကွာ ဝက်ပုတ်ကျေးရွာအနီးတွင် တောင်ကျရေကြောင့် လမ်းပျက်စီး သွားကြောင်းလည်း ဒေသခံများက ပြောသည်။
ပလက်ဝမြို့နယ်အတွင်း လတ်တလောအခြေအနေတွင် ကုလားတန်မြစ်ရေမှာ အနည်းငယ် ရေပြန်ကျသွားသော် လည်း မိုးက ဆက်လက်ရွာသွန်းနေသည့်အတွက် အဓိက ကုန်စည်စီးဆင်းသည့် ကျောက်တော်- ပလက်ဝရေ ကြောင်းလမ်းမှာ မြစ်ရေ အလွန်စီးသန်သဖြင့် ခရီးသည်တင် စက်လှေများနှင့် ကုန်တင်စက်လှေတို့မှာလည်း ရပ် နားထားရကြောင်း သိရသည်။
You may also like these stories:
ရခိုင်မြောက်ပိုင်းမှ ရေဘေးသင့်ပြည်သူများ စားဝတ်နေရေး ခက်ခဲနေ
ရိုဟင်ဂျာစက်လှေနစ်မြုပ်မှု အလောင်း ၁၇ လောင်း တွေ့ရှိထား