ကပ်ရောဂါအလွန်ကာလတွင် ခရီးသွားလုပ်ငန်း ပြန်လည် အသက်သွင်းရန် တရုတ်နှင့် ဆက်ဆံရေး ခိုင်မာသည့် အရှေ့တောင်အာရှနိုင်ငံ နှစ်ခုဖြစ်သော မြန်မာနှင့် ကမ္ဘောဒီးယားတို့သည် တရုတ်ခရီးသည်များအတွက် သီးခြားအစီအစဉ်များ ချမှတ်ကြသည်။ သို့သော် ထိုနိုင်ငံများမှ ရာဇဝတ်မှုများနှင့် အန္တရာယ်ကြောင့် တရုတ်ခရီးသည်များကို ဆွဲဆောင်ရေးသည် လွန်စွာ ခက်ခဲနိုင်ဖွယ်ရှိသည်။
သြဂုတ်လ ၄ ရက်နေ့တွင် ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် ဟိုတယ်၊ စားသောက်ဆိုင်၊ ဧည့်လမ်းညွှန်၊ အပန်းဖြေစခန်းနှင့် အမှတ်တရပစ္စည်း အရောင်းဆိုင် အပါအဝင် စီးပွားရေးလုပ်ငန်း အမျိုးအစား ခုနှစ်ခုတွင် တရုတ်ဘာသာစကား တိုးတက်စေရေး အစီအစဉ်ဖြစ်သည့် China Ready ကို ကြေညာသည်။ ကမ္ဘောဒီးယားအစိုးရ၏ ရည်ရွယ်ချက်မှာ ဧည့်သည်နှင့်တွေ့ဆုံရသော အလုပ်သမားများ တရုတ်စကား ပြောဆိုနိုင်ပြီး တရုတ်ခရီးသည်များကို စံချိန်မီ ဝန်ဆောင်မှုပေးရေး ဖြစ်သည်။
အထက်ပါအစီအစဉ်မှာ တရုတ်နှင့် ကမ္ဘောဒီးယားတို့ သဘောတူထားသည့် ပိုမိုကျယ်ပြန့်သော ခရီးသွားလုပ်ငန်း မြှင့်တင်ရေး စီမံကိန်း၏ တစိတ်တပိုင်းဖြစ်သည်။ တရုတ်နှင့် ကမ္ဘောဒီးယား နိုင်ငံတို့သည် တိုက်ရိုက် လေကြောင်းလိုင်းများ တိုးချဲ့ခြင်း၊ ခရီးသွားကဏ္ဍတွင် ယွမ်ငွေ အသုံးပြုခွင့်ပေးခြင်းနှင့် ကမ္ဘောဒီးယား-တရုတ် သံတမန်ဆက်ဆံရေး ၆၅ နှစ်ပြည့် အထူးအခမ်းအနားများ ကျင်းပခြင်းကဲ့သို့သော အစီအမံများမှတဆင့် တရုတ်ခရီးသည်များကို အိမ်နီးချင်းနိုင်ငံသို့ ဆွဲဆောင်ရန် သဘောတူထားသည်။
ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်က ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ၆ ဒသမ ၆ သန်း၏ ၃၅ ရာခိုင်နှုန်းကျော်သည် တရုတ်မှ ဖြစ်သည်။ ထိုနှစ်က လူ ၆ သိန်းခန့်ဖြင့် လည်ပတ်နေသည့် ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းသည် ဒေါ်လာ ၄ ဒသမ ၉၂ ဘီလီယံဝင်ငွေရှိပြီး နိုင်ငံ့ စုစုပေါင်း ထုတ်ကုန်၏ ၁၂ ရာခိုင်နှုန်းနီးပါး ရှိသည်။
၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံခြားဧည့်သည် ၁ ဒသမ ၃၁ သန်းသာ လာရောက်ပြီး ယခင်နှစ်ထက် ၈၀ ရာခိုင်နှုန်း ကျဆင်းသည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာခရီးသည် ရောက်ရှိမှု ပိုမိုနည်းပါးလာပြီး ၁၉၆,၄၀၀ သာ ကမ္ဘောဒီးယားသို့ ရောက်လာသည်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ကမ္ဘောဒီးယားသည် သီးခြားနေရန် အစီအစဉ်ကို ကာကွယ်ဆေး ထိုးပြီးသည့် ခရီးသည်တိုင်းအတွက် ရုတ်သိမ်းလိုက်သည်။ လွန်ခဲ့သောနှစ်တွင် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်း အများစု ပုံမှန်အတိုင်း ပြန်လည် လည်ပတ်သောကြောင့် ကမ္ဘာလှည့်ခရီးသည် ၂ ဒသမ ၂၇ သန်း ကမ္ဘောဒီးယားသို့ လာရောက် လည်ပတ်သဖြင့် ယခင်နှစ်ကထက် ၆၆၉ ရာခိုင်နှုန်း တိုးတက်ပြီး ခိုင်မာသော ပြန်လည် နာလန်ထလာခြင်း ဖြစ်သည်။
သို့သော် တရုတ်ခရီးသည်များကို ဆွဲဆောင်နိုင်မှုသည် ကပ်ရောဂါမတိုင်မီ အခြေအနေနှင့် တခြားစီ ဖြစ်နေသည်။ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသား ၁၀၆,၀၀၀ သာ ကမ္ဘောဒီးယားသို့ လာရောက်သည်။ ကမ္ဘောဒီးယားသည် China Ready အစီအစဉ်ဖြင့် ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် တရုတ်နိုင်ငံသား အနည်းဆုံး ၈ သိန်း လာရောက်လည်ပတ်စေရန် မျှော်လင့်ထားသည်။
အလားတူ တရုတ်နိုင်ငံသားများကို ဆွဲဆောင်မှု လျော့နည်းလာသောနိုင်ငံမှာ မြန်မာဖြစ်ပြီး တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှ လူဦးရေ ၂၃ ဒသမ ၄ သန်းခန့်ရှိ ကျီလင်ပြည်နယ်မှ ခရီးသည်များကို မျှော်မှန်းထားသည်။ မြန်မာသည် နိုင်ငံတကာလေကြောင်းလိုင်းများကို လွန်ခဲ့သော ဧပြီလက ပြန်ဖွင့်ပေးထားသည်။ လွန်ခဲ့သောလက လက်မှတ်ရေးထိုးသည့် နားလည်မှုစာချွန်လွှာအရ ကျီလင်နှင့် မြန်မာ အရာရှိများသည် ခရီးစဉ်ဒေသများ အပြန်အလှန်အားပေးရေးတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားသည်။
ကိုဗစ်နိုင်တင်းကြောင့် ဆိုင်းငံ့ထားသည့် သုံးနှစ်ကြာပြီးနောက် လွန်ခဲ့သော ဒီဇင်ဘာလတွင် တရုတ်နိုင်ငံသည် ခရီးသွားလာမှု ကန့်သတ်ချက်အများစုကို ရုတ်သိမ်းလိုက်သည်။ ထိန်းချုပ်ထားသည့် ပြည်ပခရီးသွားလိုမှု ဆန္ဒများကို ဖွင့်ပေးသည့်အနေဖြင့် တရုတ်နိုင်ငံသည် အချို့နိုင်ငံများသို့ အဖွဲ့လိုက် ခရီးသွားခြင်းကို ဖေဖော်ဝါရီလတွင် ပြန်ဖွင့်ပေးလိုက်သည်။ ယခုအပတ်အတွင်း တရုတ်ခရီးသွားလုပ်ငန်းများကို အဓိက ဈေးကွက်များဖြစ်သည့် အမေရိကန် ပြည်ထောင်စု၊ သြစတြေးလျ၊ တောင်ကိုရီးယားနှင့် ဂျပန် အပါအဝင် နောက်ထပ်ခရီးစဉ် ၇၈ ခုသို့ အဖွဲ့လိုက် ခရီးစဉ်များကို ဖွင့်ပေးသည်။

လွန်ခဲ့သော လအနည်းငယ်အတွင်း နိုင်ငံအများအပြားသည် ကိုဗစ်နိုင်တင်း မတိုင်မီက ကမ္ဘာ့ငွေကြေး သုံးစွဲမှု အများဆုံး ခရီးသည်များဖြစ်သည့် တရုတ်ခရီးသည်များကို ဆွဲဆောင်ရန် ကြိုးစားသည်။ ၂၀၁၉ ခုနှစ်တွင် တရုတ်ခရီးသည်များသည် ပြည်ပတွင် ဒေါ်လာ ၂၅၅ ဘီလီယံ သုံးစွဲခဲ့သည်။ ဥပမာအားဖြင့် နယူးဇီလန်နိုင်ငံသည် တရုတ်လူမှုကွန်ရက် သြဇာကြီးမားသူများကို သုံးပြီး ၎င်းတို့နိုင်ငံမှ ခရီးစဉ်များကို ကြော်ငြာသည်။ ဖီဂျီ ခရီးသွား လုပ်ငန်းဗျူရိုကလည်း တရုတ်မြို့ကြီးများတွင် ၎င်းတို့ယဉ်ကျေးမှုကို ကြော်ငြာသည့် လုပ်ငန်းများ လုပ်သည်။
ထိုသို့သော အားထုတ်မှုများကို ကြိုဆိုကြသော်လည်း မြန်မာ၊ ကမ္ဘောဒီးယားတို့နှင့် ပတ်သက်လျှင် အခြေအနေမှာ ကွဲပြားနေသည်။ တရုတ်အင်တာနက်တွင် ထိုနှစ်နိုင်ငံ၏ တရုတ်ခရီးသည် အထူးပြု အစီအစဉ်များကို သံသယနှင့်သာမက တိုက်ရိုက်ဆန့်ကျင်မှုများဖြင့်ပင် တုံ့ပြန်ကြသည်။
တရုတ် Tiktok ဖြစ်သော Douyin တွင် ကျီလင်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုကို ရှင်းပြသည့် ဗီဒီယို ရာပေါင်းများစွာရှိပြီး ဆန့်ကျင်ဝေဖန်ရေးသားမှု ထောင်နှင့်ချီ လက်ခံရရှိသော ဗီဒီယိုများ ရှိသည်။
“ကျီလင်က အရာရှိတွေ မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်တာ ရှက်စရာကောင်းတယ်။ ကျီလင်ပြည်သူတွေ စည်းလုံးပြီး အစိုးရက မြန်မာကို သွားရောက်လည်ပတ်ဖို့ တောင်းဆိုတာကို ဆန့်ကျင်ရမယ်” ဟု အသုံးပြုသူတဦးက ဒေါသပေါက်ကွဲသည်။
ကမ္ဘောဒီးယား၏ China Ready အစီအစဉ်နှင့် ပတ်သက်သည့် အခြားဗီဒီယိုတခုတွင် Douyin အသုံးပြုသူတဦးက “ကျနော် မြန်မာကိုသွားရင် ရုပ်ပိုင်းမထိခိုက်ဘဲ ပြန်လာနိုင်မှာ မဟုတ်ဘူး” ဟု ရေးသည်။
ထိုသို့ အယုံအကြည်ကင်းမဲ့သူများ၊ ပူပန်မှုများအနက် အဓိက ပူပန်မှုမှာ ကမ္ဘောဒီးယားနှင့် မြန်မာတို့သည် လူကုန်ကူးသူများ လွတ်လပ်စွာ လှုပ်ရှားနေသည့် နိုင်ငံအဖြစ် ကျော်ကြားခြင်း ဖြစ်သည်။ ၎င်းတို့၏ စိုးရိမ်ပူပန်မှုများသည် အခြေအမြစ်မရှိသည် မဟုတ်ပေ။
မကြာသေးမီ နှစ်များအတွင်း ထို နှစ်နိုင်ငံသည် အာရှတိုက်တဝန်း အလုပ်အကိုင် လိမ်လည်မှုပြုလုပ်သည့် ဒေသခံရာဇဝတ်ဂိုဏ်း ကွန်ရက်များကြောင့် သတင်းခေါင်းစဉ်များတွင် ပါလာသည်။ ပြည်ပတွင် လွယ်ကူ လစာကောင်းသော အလုပ်များဖြင့် ဆွဲဆောင်ပြီး တရုတ်နိုင်ငံမှ လူငယ် ထောင်ပေါင်းများစွာကို ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းနိုင်ငံသို့ သွားရန် ဆွဲဆောင်ကာ ထိုနေရာများတွင် ၎င်းတို့ကို ဖမ်းထားပြီး အွန်လိုင်းငွေကြေး လိမ်လည်သည့် လုပ်ငန်းများ အတင်းအကျပ် ခိုင်းသည်ဟု သတင်းအမျိုးမျိုးက ဖော်ပြသည်။
ကမ္ဘောဒီးယားရဲက ကယ်ဆယ်ရေး လုပ်ကိုင်ပြီး လူကုန်ကူးခံရသူများ ဆက်သွယ်ရန် ဖုန်းလိုင်းများ ထူထောင်ကာ တရားဥပဒေစိုးမိုးရေးက အရေးယူသော်လည်း နာတာရှည် ကပ်ရောဂါဖြစ်သော လူကုန်ကူးမှုသည် မကြာမီ ပျောက်ကွယ်သွားမည့် အလားအလာ မရှိပေ။
လွန်ခဲ့သောနှစ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အစီရင်ခံစာအရ ကမ္ဘောဒီးယား အရာရှိများသည် လူကုန်ကူးသူများနှင့် ပူးပေါင်းလုပ်ကိုင်ခြင်း၊ စွဲချက်များပယ်ဖျက်ပေးရန် လာဘ်ယူခြင်းများ လုပ်ကိုင်ကြောင်း လူကုန်ကူးခံရသူများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများက စွပ်စွဲကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ကမ္ဘောဒီးယားနှင့် မြန်မာကို တရုတ်တွင် အမြင်မကောင်းကြပေ။ ထိုသို့ မကောင်းမြင်နေခြင်းကို ပိုမိုဆိုးရွားစေသည်မှာ တရုတ်ရုပ်ရှင်ရုံများတွင် ယခုပြသနေသည့် No More Bets ရာဇဝတ်မှု ရုပ်ရှင်ဖြစ်သည်။ ပြည်ပ အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းတွင် ပိတ်မိနေသည့် တရုတ် ဇနီးမောင်နှံဇာတ်လမ်းကို ပြောပြသည့် ဖြစ်ရပ်မှန်အား အခြေခံရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ပြီး ထို့ကြောင့် တရုတ်လူမှုကွန်ရက်တွင် စိုးရိမ်မှုလှိုင်းသစ် ဖြစ်လာသည်။
ထို့ကြောင့် မြန်မာနှင့် ကမ္ဘောဒီးယားကို ရှောင်ကျဉ်ရန် ပြောဆိုမှုများဖြစ်လာသည်။ “ရုပ်ရှင်ရုံကနေ ထွက်လာတော့ အဲဒါက မြန်မာပြည်က အိပ်မက်ဆိုးလို့ ခံစားရတယ်” ဟု Weibo အသုံးပြုသူတဦးက ရေးသားသည်။
ကိုးကား ။ ။ The China Project သတင်း Chinese tourists spurn Cambodia and Myanmar due to fears of human trafficking
You may also like these stories:
တရုတ် ခရီးသွားတွေရဲ့ ဇီးရိုးဘတ်ဂျက် ဒဏ်ကို ခံနေရတဲ့ မြန်မာနဲ့ အာဆီယံဒေသ
တရုတ် ခရီးသွားများ လာရောက်မှုနှင့် ငွေကြေးသုံးစွဲမှုကို စောင့်ကြည့်မည်
၂၀၁၆ တွင် မန္တလေး သို့ တရုတ် ခရီးသွား အများဆုံး လာရောက်
တရုတ် လူဦးရေ ၈၀ ရာခိုင်နှုန်း ကိုဗစ်ကူးသော်လည်း နှစ်သစ်ကူး ခရီးသွားမပျက်
ကိုဗစ်ကူးမှု မြင့်နေသည့် တရုတ်နိုင်ငံမှ ဝင်မည့်ခရီးသွားများအတွက် မြန်မာ ပြင်ဆင်မှု မရှိ
ဒေသတွင်း တည်ငြိမ်မှုကို ရွှေကုက္ကို ခြိမ်းခြောက်လာနေ